ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း - ၄)

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၄)

အခြားသူများက သနား၍ ဂရုတစိုက်လုပ်ခြင်းကို ခံရလျက် မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော အာသာများ ပြေစေလိုသောကြောင့် သူတို့သည် တစ်ခါတစ်ရံ ကိုယ် မကျန်းမာဟန်ဆောင်ကြ၏။ သက်သေပြပါအံ့။ မစ္စက် မက်ကင်လေကိုကြည့်ပါ။ သူ၏ ခင်ပွန်းသည် အမေရိကန်ပြည် သမ္မတမင်းအား အရေးကြီးသော တိုင်းရေးပြည်ရေးကို ဘေးချိတ်လျက် ခုတင်ပေါ်တွင် နာရီပေါင်းများစွာ အသာစောင်းပြီးလျှင် သူ့ကို ပွေ့ဖက်၍ အိပ်ပျော်အောင် သိပ်စေသောအားဖြင့် ထိုမိန်းမသည် မိမိကိုယ်ကိုမိမိ အထင်ကြီးလိုသော အာသာကို ပြေစေလေသည်။ သူ့ကို ဂရုစိုက်စေလိုသည့် အာသာကို ပြေစေရန် သူ့စိုက်သွားများကို တပ်နေစဉ် သမ္မတမင်းအား အနားတွင် နေခိုင်းသည်။ တစ်ကြိမ်သော် ဂျွန်ဟေးနှင့် ချိန်းထားသောကြောင့် သူ့ကို သွားစိုက်ဆရာနှင့် ထားပစ်ခဲ့သည့်အတွက် သူသည် အတော်ပင် ဆူပွက်ခဲ့သေး၏။

‘တစ်နေ့တွင် ဒီမိန်းမဟာ သူ့အသက်ကိုသူ ပြန်တွက်ကြည့်ပြီး ငါတော့ ဒီတစ်သက်မှာ လင်မရတော့ပါဘူးလို့ တွေးမိပါလိမ့်မယ်၊ တစ်ကိုယ်တည်း နေရမယ့် နှစ်တွေက အများကြီး၊ မျှော်လင့်ချက်ကလည်း သိပ်မရှိလှ၊ အဲဒီတော့ အိပ်ရာပေါ်က တစ်ခါတည်း မထတော့ဘူး၊ လူမမာလုံးလုံးကြီး ဖြစ်နေတော့တာပဲ၊ ဆယ်နှစ်လုံးလုံး သူ့အမေကြီးဟာ သူနေတဲ့ သုံးထပ်တိုက်ပေါ်အထိ စားစရာ သောက်စရာတွေကို တက်လိုက် ဆင်းလိုက်နဲ့ သယ်ပို့ရင်း သူ့ကို ပြုစုနေရတယ်။ ဒါနဲ့ တစ်နေ့ကျတော့ သူ့အမေအိုကြီးဟာ အလုပ်ပင်ပန်းပြီး လဲသေပါရော၊ တနင်္ဂနွေ အပတ်ပေါင်း အတော်ကြာကြာ လူမမာဟာ နွမ်းနယ်နေတာပေါ့လေ၊ သည်နောက် အိပ်ရာကထ အဝတ်အစားလဲပြီး ရှေးကလို ကျန်းမာလာတော့တာပဲ’ ဟု မိမိကိုယ်မိမိ အထင်ကြီးနေသောစိတ်ကို ပြေစေလိုသောဆန္ဒကြောင့် ကျန်းမာသန်စွမ်းလျက်နှင့် လူမမာလုပ်နေသော မိန်းမတစ်ဦး၏ အကြောင်းကို ကျွန်ုပ်အား မေရီရောဘတ်ရိုင်းဟတ်က ပြောပြဖူး၏။

မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော်လည်း မျှော်လင့်သည့်အတိုင်း ဤကမ္ဘာလောကကြီးက အထင်ကြီးခွင့် မပေးသဖြင့် စိတ်တိုင်းကျ အထင်ကြီးခွင့်ရသော အရူးဘဝသို့ လူတို့သည် ပြောင်းကြကုန်၏ ဟူ၍ စိတ်ပညာဘက်ဆိုင်ရာ အချို့ပါရဂူကြီးများက ထုတ်ဖော် ပြောကြားဖူးလေသည်။ အမေရိကန်ပြည်ထောင်စုရှိ ဆေးရုံများတွင် အခြားသော ရောဂါများကို ခံစားလျက်ရှိသော ဝေဒနာသည်များ အားလုံးကို စုပေါင်းထားသော အရေအတွက်ထက် စိတ္တဇရောဂါ စွဲကပ်လျက်ရှိသော ဝေဒနာသည်တို့၏ အရေအတွက်က ပိုမိုများပြားလျက်ရှိလေ၏။

သင်၏အသက်သည် တစ်ဆယ့်ငါးနှစ်ထက် ကျော်၍ သင်သည် နယူးယောက်ပြည်နယ်တွင် နေသူတစ်ဦး ဖြစ်ခဲ့ပါမူ ခုနစ်နှစ်လောက် အရူးထောင်ကျဖို့ရန် အခွင့်အလမ်းများသည် အပုံ ၂၀ ပုံလျှင် တစ်ပုံလောက် ရှိလေသည်။

ရူးသွပ်ခြင်း၏ အကြောင်းရင်းကား အဘယ်နည်း။

ထိုကဲ့သို့ အဆုံးမသတ်သော မေးခွန်းမျိုးကို မည်သူမျှ ဖြေဆိုနိုင်မည်မဟုတ်။ သို့ရာတွင် ဆစ်ဖလစ် ခေါ် ကာလသားရောဂါများ ကျရောက်ပြီးလျှင် ထိုရောဂါပိုးတို့သည် ဦးနှောက်အိမ်များကို ဖျက်ဆီးသောကြောင့် ရူးသွပ်သွားရသည်ဟု ကျွန်ုပ်တို့ သိရှိရ၏။ ရူးသွပ်သောရောဂါများအနက် တစ်ဝက်လောက်သည် ဦးနှောက်ပျက်၍သော်လည်းကောင်း၊ အရက်ကြောင့်သော်လည်းကောင်း၊ အဆိပ်အတောက်များကြောင့်သော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်များကြောင့်သော်လည်းကောင်း ဖြစ်၏။ ကျန်တစ်ဝက်မှာမူကား ဦးနှောက်တစ်စုံတစ်ရာ ချို့ယွင်းချက်မရှိဘဲနဲ့ ရူးသွပ်လျက်ရှိသည်ကို တွေ့ရသည်။ အလွန် ထိတ်လန့်ဖွယ်ကောင်းလေစွ။ ထိုဝေဒနာသည်များ အနိစ္စရောက်ပြီးနောက် သူတို့၏ ဦးနှောက်များကို ထုတ်ယူ၍ အားအကြီးဆုံး ပိုးမွှားကြည့်ရန် ဘီလူးကြီးများနှင့် သေချာစွာ ကြည့်ရှုစစ်ဆေးရာ ထိုဦးနှောက်များသည် သင်နှင့် ကျွန်ုပ်တို့၏ ဦးနှောက်များကဲ့သို့ပင် လတ်ဆတ် ကောင်းမွန်လျက် ရှိကြောင်း တွေ့ရ၏။

သို့ဖြစ်လျက် ဤလူများသည် အဘယ်ကြောင့် ရူးသွပ်သွားရသနည်း။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts