ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း - ၃)

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၃)

မြောက်မြားစွာသော လုလင်ပျိုတို့အား လူဆိုးဂိုဏ်းဝင်များ၊ သေနတ်ကိုင် လူဆိုးများဖြစ်အောင် သွေးဆောင်ခဲ့ဖူးသော စိတ်သည်လည်း ထိုစိတ်ပင်ဖြစ်၏။ ‘ယေဘုယျအားဖြင့် ကာလပေါ် ရာဇဝတ်ကောင်ကလေးများသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသောစိတ်ထားများ မိုးမွှန်လျက်ရှိကြ၍ သူတို့ကို ဖမ်းမိပြီးလျှင်ပြီးချင်း သူတို့တောင်းဆိုသော ပထမအချက်သည် သူတို့ကို လူစွမ်းကောင်းများ ဖြစ်အောင် ရေးသားထားသော ကြောက်စရာသတင်းများပင် ဖြစ်လေသည်။ ဘေဘီရုသ်၊ လာဂွာဒီးယား၊ အိုင်းစတိုင်း၊ လင်းဒဗတ်၊ တော့စကနင်းနီ သို့မဟုတ် ရုစဗဲ့တို့ကဲ့သို့သော ပုဂ္ဂိုလ်ကျော်တို့၏ ဓာတ်ပုံနှင့် သူတို့၏ ဓာတ်ပုံများကို ယှဉ်၍ သတင်းစာထဲတွင် ပါလာသည်ကို မြိန်ဆိမ့်စွာ ကြည့်နေရစဉ် လျှပ်စစ်ဓာတ်ကုလားထိုင်ပေါ်တွင် တင်၍ အသတ်ခံရမည့် ဘေးကို သတိမရသလိုပင် ဖြစ်နေကြသေးသည်။’ ဤသို့လျှင် နယူးယောက်မြို့တော်၏ ပုလိပ်မင်းကြီးဟောင်း အီးပီမူလရူနေက ထုတ်ဖော်ပြောဖူး၏။

အကယ်၍ သင်သည် မည်သို့သောအလုပ်ကို လုပ်ခြင်းဖြင့် သင့်ကိုယ်သင် အထင်ကြီးသော သင်၏ အာသာကို ပြေစေသည်ဟု ကျွန်ုပ်အား ပြောကြားပါလျှင် သင်သည် ဘယ်လိုလူစားဖြစ်သည်ကို သင့်အား ကျွန်ုပ် ပြောကြားနိုင်မည်ဖြစ်၏။ ထိုစိတ်ကို အကဲခတ်ခြင်းဖြင့် သင်၏ အကျင့်စာရိတ္တကို ဆုံးဖြတ်နိုင်မည်ဖြစ်၏။ ထိုစိတ်ကို အကဲခတ်ခြင်းဖြင့် သင်၏ အကျင့်စာရိတ္တ ဆုံးဖြတ်နိုင်မည်ဖြစ်၏။ ထိုစိတ်သည်ပင်လျှင် သင့်တွင် အထင်ရှားဆုံးသော အရာဖြစ်သည်။ သက်သေထုတ်၍ ပြဦးအံ့။ တစ်ခါမျှလည်း မမြင်ဘူး၊ နောင်လည်း ဘယ်တော့မျှ တွေ့ရမည် မဟုတ်သော တရုတ်ပြည်ပီကင်းမြို့ရှိ ဆင်းရဲသား သန်းပေါင်းများစွာကို ကုသရန်အတွက် ခေတ်မီဆေးရုံတစ်ရုံကို ဆောက်လုပ်ရန် ငွေလှူဒါန်းခြင်းအားဖြင့် ဂျွန်ဒီရော့ဖဲလား သူဌေးကြီးသည် မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော သူ၏ အာသာကို ဖြေခဲ့လေသည်။ ဒီလင်ဂျာ မှာမူကား ခိုးသားဓားပြ ဘဏ်တိုက်လုသမား လူသတ်သမားဖြစ်ခြင်းဖြင့် သူ့ကိုယ်သူ အထင်ကြီးနေသော အာသာကို ဖြေခဲ့လေသည်။ စက်သေနတ်ကိုင် ပုလိပ်များ နောက်ကလိုက်လာသောကြောင့် မင်နီဆိုတာ ပြည်နယ်ရှိ ခြံသမားတစ်ဦး၏ အိမ်တွင်းသို့ အတင်းဝင်ပြေးပြီး နောက် ဒီလင်ဂျာဆိုတာ ကျုပ်ပဲ ဟု ပြောလေသည်။ ပြည်သူ့ရန်သူ အမှတ်တစ် ဖြစ်ရသည်ကို သူသည် ဂုဏ်ယူ၏။

‘ခင်ဗျားတို့ကို လက်ဖျားနဲ့တောင် မတို့ဘူး၊ ကျုပ်ဒီလင်ဂျာပဲ’ ဟူ၍ ပြောပြလေသည်။

ဒီလင်ဂျာနှင့် ရော့ဖဲလားတို့၏ ကွဲပြားခြားနားချက် တစ်ရပ်မှာ သူတို့နှစ်ဦးတွင် မိမိကိုယ်ကိုမိမိ အထင်ကြီးသောစိတ်များ တစ်မျိုးစီ ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။

မိမိကိုယ်ကိုမိမိ အထင်ကြီးသော စိတ်အတွက် အားကြိုးမာန်တက် တုပြိုင်ဆောင်ရွက်ခဲ့ကြသည့် ကျော်စောထင်ရှားသည့် လူများ၏ အူမြူးစရာ သာဓကများကို သမိုင်းတွင် အထင်အရှားတွေ့ရမည် ဖြစ်၏။ ဂျော့ဝါရှင်တန်ပင်လျှင် သူ့ကို ‘ဘုန်းလက်ရုံးကြီးမြတ်လှစွာသော အမေရိကန်ပြည်ထောင်စု၏ သမ္မတမင်း’ ဟူ၍ ခေါ်စေချင်၏။ ကိုလံဘတ်သည် ‘သမုဒ္ဒရာတို့၏ရေကြောင်း စစ်ဗိုလ်ချုပ်ကြီးနှင့် အိန္ဒိယပြည်၏ ဘုရင်ခံချုပ်’ ဟူသော ဘွဲ့ကို သူ့အား ပေးပါမည့်ကြောင်း အသနားခံခဲ့ဖူး၏။ ‘ဧကရီထိပ်ခေါင်ကြီး’ ဟူ၍ လိမ်မတတ်သော ပေးစာများကို ကက်သရင်းဂရိတ် သည် ဖောက်၍ မဖတ်ချေ။ အိမ်ဖြူတော်တွင် မစ္စက်လင်ကွန်းက မစ္စက်ဂရန့်ဘက်သို့ လှည့်ပြီးလျှင် ‘ငါ အထိုင်မခိုင်းဘဲနဲ့ ငါ့ရှေ့မှာ ညည်း ဘာကြောင့်ထိုင်ရသလဲ’ ဟူ၍ ကျားမကဲ့သို့ ကြောက်မက်ဖွယ် ဟစ်အော်ခဲ့ဖူး၏။

ရေကြောင်း စစ်ဗိုလ်ချုပ်ကြီး ဘတ်အား အန္တာတိတ် သမုဒ္ဒရာဘက်ဆီသို့ ခရီးထွက်သွားနိုင်ရန်အတွက် ကျွန်ုပ်တို့၏ သန်းကြွယ်သူဌေးကြီးများက ငွေများဖြင့် ထောက်ပံ့ကြခြင်းသည် ထိုအရပ်တွင် တွေ့ရှိသော ရေခဲအတိဖုံးနေသည့် တောင်တန်းများကို ထိုသူဌေးကြီးများ၏ နာမည်ဖြင့် အမည်မှည့်ပါမည် ဟူသော ဝန်ခံချက်ကြောင့်ပင် ဖြစ်လေသည်။ ဗစ်တာ ဟူးဂိုးသည် ပြင်သစ်ပြည်၏ မြို့တော်ကို ပဲရစ်ဟု ခေါ်မည့်အစား ဗစ်တာဟူးဂိုးဟူ၍ ပြင်မှည့်စေလိုသည့် ဆန္ဒထက်လျော့သော အခြားဆန္ဒ မရှိချေ။ ကဗျာသည်တို့၏ ဘုရင်တစ်ဆူဖြစ်သော ရှိတ်စပီးယာပင်လျှင် သူ၏နာမည်ပြောင်သည်ထက် ပြောင်စေရန် သူ၏ မိသားစုတစ်စုနှင့် ထိုက်တန်သော အဆောင်အယောင်တို့ကို ရအောင် ကြိုးစားခဲ့ဖူး၏။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts