ခဏတာစိတ်လှုပ်ရှားမှုနဲ့ တစ်ဘဝတာ ပျော်ရွှင်မှု

ခဏတာစိတ်လှုပ်ရှားမှုနဲ့ တစ်ဘဝတာ ပျော်ရွှင်မှု (Excitement Vs Happiness)

ကိုယ်ကြိုက်တာတစ်ခုခု…၊ မျှော်လင့်တာတစ်ခုခု၊ ပျော်စရာ တစ်ခုခု ကြုံတော့မယ်ဆိုရင် I’m so excited ဆိုပြီး ပြောတတ်ကြတယ်…။ အဓိပ္ပာယ်ကို လွယ်လွယ်ကူကူ ဘာသာပြန်ရရင်တော့…အရမ်းပျော်နေတယ်…။ စိတ်တွေ ခုန်နေတယ်…။ စိတ်လှုပ်ရှားတယ်ပေါ့…။ စိတ်ဟာ အမြဲတမ်း Excited ဖြစ်ချင်တယ်။

အဲတော့ Excitement တွေကို လိုက်လိုက်ရှာတတ်တယ်…။ တစ်ခါတလေ ငွေကုန်ကြေးကျခံပြီး Excitement တွေကို ဝယ်ယူတယ်…။ ရအောင်လုပ်တယ်…။ ဥပမာ… အဝတ်အစားအသစ်ဝယ်တာမျိုး…၊ ကားသစ်တစ်စီး ဝယ်စီးတာမျိုးပေါ့…။ များသောအားဖြင့်တော့… စိတ်ဟာ… Excitement တစ်ခုခုကို အမြဲလိုချင် တောင့်တနေတတ်တယ်။

မနက်မိုးလင်းတာနဲ့ စဉ်းစားလိုက်ပြီလေ…။ ဒီနေ့…ငါဘာစားရမှာလဲ…။ ကိုယ်စားချင်နေတဲ့ မုန့်ဟင်းခါးလေး ပူပူလေးစားလိုက်ရင် စိတ်က ကျေနပ် နှစ်သိမ့်သွားပြီ…။ အာသာပြေသွားပြီ…။ ကောင်းလိုက်တာကွာ…လို့ စိတ်ထဲမှာ ဖြစ်သွားပြီ…။ ဟုတ်ပြီလေ…။ ကောင်းလိုက်တာကွာဆိုတဲ့ အဲဒီမုန့်ဟင်းခါးကို တစ်နေ့လုံး ဆက်စားရမယ်ဆို… ပျော်သေးလားမေး… မပျော်တော့ပါဘူး…။ စိတ်တောင်ညစ်သွားပြီ။

ဒါကြောင့်… Excitement ဆိုတာ… ခဏတာ သာယာမှုပါပဲ…။ တစ်သက်တာ ပျော်ရွှင်မှုတော့ မဟုတ်ဘူး…။ စိတ်ဟာ… အဲဒီလို သာယာမှုတွေကို သူ့ဘာသာသူ လိုက်ရှာနေတတ်ပါတယ်…။ သတိရှိနေတဲ့အခါမှာ…သူပြေးလွှားနေတာလည်း သိပါတယ်။ ကြိုက်တယ်…၊ မကြိုက်ဘူး…ဆိုပြီး… အမျိုးစုံကြိုးခုန်နေတာလည်း သိပါတယ်…။ ဒါကြောင့် စိတ်ကို Monkey Mind မျောက်စိတ်လို့… ခေါ်ကြပါတယ်…။ တစ်ခုခုအသစ်ရရင် ပျော်နေပြီ…။ ဒါပေမယ့် ခဏပါပဲ…။ အာရုံတွေ ညောင်းလာတဲ့အခါ… အဲ့ဒီအရာကို ပစ်ချထားခဲ့ပြီ…။ စိတ်မဝင်စားတော့ဘူး။

ကျွန်မက အင်္ကျီအဝတ်အစား သိပ်မက်တယ်…။ အဝတ်အစားအသစ်ရပြီဆို သိပ်ပျော်တာပဲ…။ ဝတ်ရတော့မယ်…ဆိုပြီး ပျော်တာ…။ ကိုယ်ပေါ်တင်ကြည့်လိုက်လို့ လှပသွားပြီဆိုရင်… ကျေနပ်မှုက ထိပ်ဆုံးကို ရောက်သွားပြီ…။ ဒါပေမဲ့… နောက်တစ်ခါ အဲဒီ ဝတ်စုံကို ပြန်ဝတ်ရတော့မယ်ဆို… ဘာမှ မခံစားရတော့ဘူး…။ ဘာမှ မခံစားရတော့တာ အပြင် တစ်ခါတစ်လေကျ… လုံးဝမကြိုက်တာမျိုးတောင် ဖြစ်သွားသေးတယ်လေ…။

ဟယ်… ဟိုတစ်ခါ ဒီအင်္ကျီကြီးဝတ်ပြီး ဓာတ်ပုံရိုက်တာ လှလည်း မလှဘူး…။ လှမယ်ထင်လို့ ဝတ်ကြည့်တာ… အမလေး… လည်ပင်ကြီးက ပိတ်ပိတ်ကြီး…။ ကုတ်က တိုပါတယ်ဆိုမှ… ပွစိပွစိပြောပြီး လှည့်ကို မကြည့်တော့ဘူး…။ ဒါဟာ excitement ကို လိုက်ရှာခြင်းရဲ့ ပြဿနာပါပဲ…။ ကျေနပ်သွားတယ်ဆိုတာမရှိဘူး…။ ရိုးအီသွားတယ်…။ ညောင်းသွားတယ်…။ အသစ်လိုက်ရှာပြန်တယ်…။ တစ်ခါ ရိုးအီသွားပြန်တယ်…။ ဒီလိုနဲ့ တစ်ချို့ ဘဝသာကုန်သွားတယ်… ပျော်ရွှင်မှု အစစ်အမှန်ကို ရှာမတွေ့ခဲ့ကြဘူး။

Elvis Presley အကြောင်း တွေးမိသေးတယ်…။ သူ့ရဲ့…Graceland စံအိမ်ကြီးကို အလည်ရောက်ခဲ့တော့… သူ့အဝတ်တွေကချည်းပဲ ပြခန်းတစ်ခန်းစာ ရှိတယ်လေ…။ ဘယ်ပွဲမှာ… ဘယ်သူက ချုပ်ပေးတာ…၊ ဘယ်နှစ်ခုနစ်မှာ… ဘယ်နေရာမှာ… ဝတ်ခဲ့တာ…၊ ဘယ်လိုပစ္စည်းတွေ သုံးထားတာ…ဆိုတဲ့ သမိုင်းအကြောင်း အချက်အလက်တွေနဲ့ လိုးလက်ပြိုးပြက်နေတဲ့ အဝတ်အစားတွေ…၊ ခါးပတ်တွေ…၊ ဖိနပ်တွေ…၊ အားလုံးဟာ… အဖိုးထိုက် အဖိုးတန်တွေချည်းပဲ…။

အိမ်ကြီးဆိုလည်း ခမ်းနားလိုက်တာ…။ အောင်မြင်မှု…၊ ကျော်ကြားမှု…၊ စည်းစိမ်ချမ်းသာ…၊ အနုပညာ…စသည်ဖြင့် သူ့မှာ… မရှိဘူးဆိုတဲ့အရာ… မရှိဘူး…။ သူများတွေ လိုချင်တဲ့‌ လောကီစည်းစိမ်မှန်သမျှ သူရထားတယ်…။ ဒါပေမဲ့ နောက်ဆုံးတော့… ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတယ်။ ဘာလို့ဆုံးသွားရတာလဲ…ဆိုတော့… မပျော်လို့ပဲ…။ မပျော်တော့လို့ပဲ…။

သူဟာ… တစ်ဘဝလုံးမှာ… Excitement ကိုပဲ လိုက်ရှာခဲ့ပုံရတယ်။ Happiness ကို မရှာခဲ့ဘူး…။ သူရနေတဲ့ Excitement ဟာ limitပြည့်သွားပြီ… လိုအပ်တာထက်ပိုပြီး… အဆုံးစွန်အထိ အကောင်းတကာ့ အကောင်းဆုံးတွေကို သူရခဲ့ပြီးပြီ…။ ဒီထက် ထပ်ကောင်းလို့ မရတော့ဘူး…။ ဒီထက် ပိုကောင်းတာလည်း မရှိနိုင်တော့ဘူး…။ ဒါတွေချည်းပဲ ထပ်ခါထပ်ခါ ဖြစ်လာပြီ…။ အဲဒီအခါမှာ ပျော်တယ်လို့ သူမခံစားရတော့ဘူး…။

သိပ်အောင်မြင်တဲ့ လူတွေမှာ…ဒါမျိုး ခံစားချက်တွေ ရှိနေတတ်ကြပါတယ်…။ ရုပ်ဝတ္ထုပစ္စည်းတွေ… အကုန်လုံးတော့ ရှိနေတယ်။ ဒါပေမဲ့ ပျော်လားဆို မပျော်ဘူး…။ ဒီလိုစိတ်နဲ့ သေသွားကြတဲ့ အောင်မြင်ကျော်ကြားသူတွေ အများကြီးပဲ…။ Excitement ကို လိုချင်တော့… ဆေးသုံးကြည့်တယ်…။ စိတ်ဓာတ်တွေကျလာတယ်…။ ဝတုတ်ကြီး ဖြစ်လာတာ…၊ ကိုယ့်နောက်က အသစ်တွေ ပေါ်လာတာ…၊ အိုလာတာ…၊ နာမည်ကျလာတာ…၊ ဒါမျိုးတွေကတော့ လောကဓမ္မတာမျိုး… တားဆီးထားလို့မရဘူး…။ စိတ်လှုပ်ရှားမှု Excitement ဆိုတာ… သာယာမှုတစ်ခုပဲ…။ Happiness ဆိုတာကတော့ ပျော်ရွှင်မှုဖြစ်တယ်…။ Excitement နဲ့ Happiness သာယာမှုနဲ့ ပျော်ရွှင်မှုကို ရောထွေးမသွားဖို့က စိတ်မှာ… သတိရှိနေဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်နေပါတယ်ဆိုတဲ့‌ နေရာမှာ… ခုန်ပေါက် ပျော်ရွှင်နေတာမျိုး…။ Restless ဖြစ်နေတာမျိုး…မဟုတ်ဘဲ… အေးငြိမ်းစွာ… Calm ဖြစ်နေတာမျိုးပဲ…။တွေးကြည့်လိုက်တိုင်း ပျော်ရွှင်နေတာမျိုးပဲ…။ Mindful… ဖြစ်တယ်… သတိရှိတယ်ဆိုရင်… မရနိုင်တော့တာတွေကို တောင့်တနေတော့မှာ‌ မဟုတ်ဘူး…။

ငါ… ဒီလောက်လုပ်နိုင်ခဲ့တယ်…၊ ငါကြိုးစားခဲ့တယ်…၊ ငါအောင်မြင်ခဲ့တယ်…၊ ငါ့မှာ… ဒါတွေဒါတွေ ပိုင်ဆိုင်ခွင့် ရခဲ့တယ်…၊ ငါ့ဘဝဟာ… နေပျော်တယ်…၊ ငါဘယ်သူနဲ့မှလည်း လိုက်ပြိုင်နေဖို့ မလိုဘူး…။ နေရာပေးခံရတာတွေ…၊ အသိအမှတ်ပြုခံရတာတွေဟာ… အရေးမကြီးဘူး…။ ငါ့စိတ်ထဲက တန်ဖိုးကို ငါသိတယ်…။ ငါအဆင်ပြေတယ်…။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြုလိုက်ပြီ။ ဒီလောက် စဉ်းစားလိုက်တာနဲ့…စိတ်ဟာ ငြိမ်းအေးသွားပြီ…။ Happiness ကို တွေ့သွားပြီ…။ ပျော်ရွှင်သွားပြီ…။ ရေရှည်ခံတဲ့ ပျော်ရွှင်မှုမျိုး လိုချင်ရင် စိတ်ကိုကျန်းမာအောင်ထားပါ။ စိတ်ကျန်းမာတဲ့အခါ ချမ်းသာတဲ့စိတ်ကို ရလာမှာပါ…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts