စိတ်ပျော်ဟော်မုန်း

စိတ်ပျော်ဟော်မုန်း (Dopamine)

ဦးနှောက်ကနေ ထွက်လာတဲ့ Happy Hormones တွေထဲမှာ Dopamine ဒိုးပမင်းန်း…ဆိုတဲ့ ဓာတ်လေးလည်း ပါသေးတယ်…။ မနေ့ကတော့ Endorphin အကြောင်း ရေးခဲ့ပါတယ်…။ ဒီနေ့တော့ Dopamine အကြောင်းကို ဆက်ရေးပါမယ်။ Endorphin နဲ့ Dopamine မတူတာက Dopamine က ပျော်တဲ့အချိန်မှာ မထွက်ဘဲနဲ့ တစ်ခုခုကို လိုချင်တဲ့အချိန်မှာ ထွက်လာတဲ့ ဟော်မုန်းဖြစ်နေလို့ပါပဲ။

ဥပမာအားဖြင့် ကျားတစ်ကောင်ဟာ သမင်တစ်ကောင်ကို တွေ့တယ်ဆိုရင် သူ့ကိုယ်ထဲမှာ Dopamine ဆိုတဲ့ ဓာတ်ထွက်လာပါတယ်။ အဲဒီဓာတ်ဟာ သမင်ကို လိုက်လံ ဖမ်းယူစားသောက်ဖို့ Hunt လုပ်ဖို့… လိုအပ်တဲ့… ခွန်အားကို ပေးပါတယ်။ အားထုတ်မှုကို ပေးပါတယ်…။

ကျွန်မတို့ရဲ့ လူသားမျိုးနွယ်အစမှာ အသားစိမ်း၊ ငါးစိမ်းတွေကို မီးနဲ့ ကင်ပြီး… ကျက်အောင် လုပ်စားရတာကို အရသာတွေ့လာတဲ့အခါ…ဦးနှောက်က ဒီအရသာရဲ့ အတွေ့အကြုံကို မှတ်ထားလိုက်ပါတယ်။ ဒီတော့ လူဟာ မီးကိုတွေ့တာနဲ့ အစားအစာချက်လို့ ရမယ်ဆိုတာကို သိတယ်။ အဲဒီအချိန်မှာ Dopamine ဓာတ် ထွက်လာတယ်။ အဲဒီဓာတ်က မီးမွှေးဖို့၊ မီးကို ရအောင်ယူဖို့…ရှာဖို့… လိုအပ်တဲ့ ကြိုးစားအားထုတ်မှုကို ဖြစ်ပေါ်စေပါတယ်။

ကျောင်းသူလေးတစ်ယောက်ဟာ စာမေးပွဲတိုင်းမှာ အခါခါဆုရဖူးတယ်ဆိုရင် ဒီဆုကိုရချင်တဲ့ စိတ်ဆန္ဒနဲ့ သူဟာ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

Dopamine ဆိုတဲ့ ဓာတ်ဟာ ကျွန်မတို့ကို တစ်စုံတစ်ရာကို ရှာဖွေဖို့ Seek လုပ်ဖို့အတွက် လှုံ့ဆော်ပေးတတ်ပါတယ်။ စာမေးပွဲအောင်ဖို့လား…၊ အလုပ်အကိုင်ရှာဖွေဖို့ အတွက်လား…၊ ပိုက်ဆံရှာဖို့အတွက်လား…၊ Video Game Level တက်ဖို့လား…၊ အင်္ကျီတစ်ထည် ဖြစ်ဖြစ်မြောက်မြောက် ချုပ်ဖို့လား…၊ အနည်းဆုံး…ကားပတ်ကင်မှာ ကားရပ်စရာနေရာရှာတဲ့အထိ ဒီ Dopamin ဓာတ်ရဲ့ လှုံ့ဆော်ပေးမှု ရှိနေတယ်လို့ ဆိုပါတယ်။ ကိုယ်လိုချင်တာ… ရချင်တာ… အောင်မြင်ချင်တာ တစ်ခု ရှိလာတိုင်း… Dopamine ဓာတ် ထွက်လာပါတယ်။

Dopamine ဟာ… လိုချင်တဲ့ အရာကို ဖြည့်ဆည်းရရှိနိုင်ဖို့…ရည်မှန်းချက် Goal ကို ရောက်အောင်သွားဖို့… အခက်အခဲတစ်ခုကို ကျော်ဖြတ်ဖို့ ကျွန်မတို့ လိုအပ်တဲ့ စိတ်ဆန္ဒ နည်းလမ်း…ကြိုးစားအားထုတ်မှု… စွမ်းအားနဲ့ ဉာဏ်ရည်တွေကို ထွက်လာအောင် အားပေးကူညီပါတယ်…။

ကျွန်မတို့ ခန္ဓာကြီးဟာ… တကယ်တော့ သိပ်ထူးဆန်းပါတယ်…။ သဘာဝက ထည့်ထားတဲ့ အားဆေးတွေ အဆင်သင့်ရှိနေသလိုပါပဲ။ ဒါကြောင့် Dopamine ဓာတ်များများ ထွက်ချင်ရင်တယ်ဆိုရင်… နေ့တိုင်း နေ့တိုင်းမှာ Goal တစ်ခု… ရည်မှန်းချက်တစ်ခု ချမှတ်ပေးဖို့ပါပဲ…။

ဥပမာ… စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါ တစ်နေ့ ဘယ်နှစ်မျက်နှာ ဖတ်မယ်လို့ သန္နိဌာန်ချထားတာမျိုး…၊ သံဗုဒ္ဓေ တစ်နေ့ကို တစ်ရာနဲ့ ၉ ရက်ကို အခေါက်ရေ ၉၀၀ ရအောင် ရွတ်မယ်ဆိုတာမျိုး…ပါ။

ကိုယ်တိုင်ချမှတ်ထားတဲ့ ရည်မှန်းချက်တစ်ခု… ပြည့်မှီအောင်မြင်သွားတဲ့အခါ ကျေနပ်နှစ်သိမ့်မှုကို ခံစားရမှာ သဘာဝပါပဲ။

ဒါကြောင့် လူမှာ Dopamine ထွက်ဖို့ လိုအပ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ကျွန်မတို့ ဘဝမှာ ရည်မှန်းချက်တွေ… ရည်ရွယ်ချက်တွေရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်မကတော့ စာအုပ်ကို တစ်နေ့ တစ်ခန်းတေ့ာ ပြီးအောင်ရေးမယ်လို့… သတ်မှတ်ချက် ထားထားပါတယ်…။ စာအုပ်ထွက်လာတဲ့အခါ ခံစားရတဲ့ Feeling ကို အရမ်းကြိုက်ပါတယ်…။ ဒီခံစားမှုကို ကျွန်မ ဦးနှောက်က Register လုပ်ထားလိုက်ပါတယ်…။ အဲဒီအခါမှာ စာအုပ်ထွက်ဖို့အရေးကိုတွေးရင် Dopamine ထွက်လာပါပြီ။ စာရေးနေရင်းမှာ ဒီနေရာကို ဘယ်လိုရေးလိုက်မလဲ…၊ ဘာတွေဖြည့်ရမလဲ…ဆိုတဲ့ နည်းလမ်းတွေ စဉ်းစားမိလာပြီ။ ပြီးအောင်ရေးမယ်ဆိုတဲ့ အားထည့်လာပြီ…။

ကိုယ်ခန္ဓာမှာ Dopamine လေးကိုလည်း ထွက်အောင်လည်း လုပ်ကြည့်စေချင်ပါတယ်…။

ကိုယ့်ရဲ့ စိတ်ခွန်အားကို စိုးရိမ်ပူပန်နေခြင်းမှာ… သွားအသုံးပြုမယ်ဆို အကျိုးမရှိပါဘူး။ အဲဒီ စိတ်စွမ်းအားတွေကို အသုံးပြုပြီး ကောင်းသောအရာတွေကိုသာ တည်ဆောက်ပါ…။

ယုံကြည်မှုကို တည်ဆောက်ပါ။ မျှော်လင့်ချက်ကို တည်ဆောက်ပါ။ ကောင်းသော အတွေးတွေကို တည်ဆောက်ပါ။ တီထွင်ဖန်တီးမှုတွေကို တည်ဆောက်ပါ။ ကိုယ့်ဘဝကိုယ် တည်ဆောက်ပါ။ ကိုယ့်ရဲ့နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။

Structure your life.

Structure your day.

Happy Chemicals တွေကတော့ ရေးမယ်ဆိုလည်း ရှိပါသေးတယ်…။ ဒါတွေအားလုံးကို ကောင်းစွာ Handle လုပ်… ထိန်းချုပ်နိုင်တဲ့ အချုပ်ကတော့… Oxford ဆရာတော်ကြီး ပြောတဲ့ Mindfulness for a Happy Brain ပါပဲနော်…။

သတိရှိနေတဲ့အတွက် စိတ်မှာ ဘာဖြစ်နေတယ်…၊ ဘာဖြစ်ချင်နေပြီ…၊ ဘာလုပ်ရမလဲ… ဆိုတာကို သိလာပါတယ်။ ဘာလုပ်ပေးရမလဲ…လို့… လိုအပ်ချက်တွေကိုလည်း မြင်လာပါတယ်…။

သတိရှိစွာနဲ့ နေ့စဉ်ဘဝရဲ့ ရည်မှန်းချက် ကလေးတွေကနေ ဘဝတစ်ခုလုံးရဲ့ ရည်ရွယ်ချက်တွေ အထိ အောင်မြင်အောင်… တစ်ဆင့်ချင်း… တစ်ဆင့်ချင်း ဖြည့်ဆည်းရင်း ကြိုးစားသွားကြပါမယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts