စိတ်ပျော်ဟော်မုန်း

စိတ်ပျော်ဟော်မုန်း (Endorphin)

Endorphin ဆိုတာဟာ… ဦးနှောက်က ထွက်တဲ့ Chemical ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို Happy Hormone လို့လည်း‌ ခေါ်ပါတယ်။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ လူတွေကို ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တစ်မျိုးလည်း ဖြစ်တယ်ပေါ့။

Endorphins Level ကိုယ်ခန္ဓာထဲမှာ ကျနေတဲ့အချိန်မှာ စိတ်ဓာတ်ကျခြင်း…ကြောက်ရွံ့ခြင်း…အဆိုးမြင်ခြင်း အစရှိတဲ့ Negative Energy တွေ…ဖြစ်ပေါ်နိုင်ပါတယ်။

Without enough endorphins, a person may be more likely to suffer from depression.

ကိုယ်ခန္ဓာထဲမှာ Endorphins အလုံအလောက်မရှိဘူးဆိုရင် အဲဒီလူဟာ စိတ်ဓာတ်ကျလာဖို့ အလားအလာများစွာ ရှိနေပါတယ်။ ဒါကြောင့် အင်ဒိုဖင်န်းနဲ့ လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေဟာ ဆက်စပ်လျှက်ရှိပါတယ်။

စိတ်ဓာတ်ကျနေတဲ့သူ တစ်ယောက်ဟာ ကိုယ်ခံအားလည်း မကောင်းနိုင်ပါဘူး။ စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်အင်အား ချို့တဲ့နေတာပါပဲ။ စိတ် နေမကောင်းဖြစ်နေတာပါပဲ။

ကျွန်မတို့ဟာ စိတ်အင်အားပြည့်နေဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကိုဗစ်လို အခြေအနေမျိုးကိုပဲ ကြည့်ကြပါစို့။ ရောဂါပိုးတွေ အသစ်တွေ့တယ်ဆိုရင် စိတ်ကကြောက်ရွံ့လာပြီ။ လူတွေ သေကြေတယ်ဆိုတာမျိုး ကြားရရင် စိတ်ထဲမှာ ဝမ်းနည်းလာပြီ။ မျှော်လင့်ချက်နည်းလာပြီ ဆိုတဲ့ အခြေအနေတွေကို တွေးမိတဲ့ အခါကြရင် စိတ်ထဲမှာ တုန်လှုပ်လာပြီး ဒီအခြေအနေကြီးကို ဘယ်လောက်ထိ ခံနေရပါမလဲ…စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ အားငယ်လာပြီ။

ဒီလို Negative Emotions တွေ ပေါ်လာတယ်ဆိုတာဟာ ခန္ဓာဗေဒအရ ပြောမယ်ဆိုရင် အင်ဒိုဖင်န်း…Level … ကျလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်မတို့ Endorphin ထွက်နေဖို့ လိုပါတယ်။

Endorphin ထွက်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ပထမအချက်ကတော့ လေ့ကျင့်ခန်းလုပ်တာပါပဲ။ Gym မသွားနိုင်တဲ့ အမျိုးသမီးအတွက် အိမ်မှာပဲနေပြီး အိမ်သန့်ရှင်းရေးလုပ်တာ… ချက်ပြုတ်တာ… ကြမ်းတိုက်တာကိုက ကိုယ်လက်လှုပ်ရှား…လေ့ကျင့်ခန်း ဖြစ်နေပါပြီ။

ချောကလက်လို… ရေခဲမုန့်လို… အချိုလေးတွေစားတာ…၊ ငရုတ်ကောင်းလို အစပ်စားတာ…၊ ဝိုင်သောက်တတာ…၊ အနှိပ်ခံတာ…၊ ဝါသနာတစ်ခုခုလုပ်တာ…၊ Yoga ကျင့်တာ…၊ တရားထိုင်တာနဲ့ အားရပါးရကြီး ရယ်မောလိုက်တာတွေဟာ Endorphin ကို ထွက်စေပါတယ်…။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ဓလေ့မှာ ပျော်မွေ့ခြင်းဟာလည်း အင်ဒိုဖင်န်းကို ထွက်စေပါသတဲ့…။

လူတွေ တစ်ယောက်နဲ့တစ်ယောက်ကတော တူမှာ မဟုတ်ပါဘူး…။ ဥပမာ… ကျွန်မဆိုရင် လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်ပါဘူး…။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှု ကိစ္စလုပ်ရတာ မကြိုက်ပါဘူး…။ ဒါကြောင့် ဒီအလုပ်တွေ လုပ်ရတဲ့အတွက် ကျွန်မ ကိုယ်ထဲက Endorphin မထွက်ပါဘူး…။ အဲ… ကျတောင် ကျသွားပါသေးတယ်…။

ကျွန်မ အမျိုးသားကတော့ လေ့ကျင့်ခန်း လုပ်ရတာကြိုက်တယ်…။ နေ့တိုင်းသီချင်းဖွင့်ပြီး လှုပ်ရှားကခုန်နေတာမျိုးတွေ လုပ်ပါတယ်။ ကျွန်မ မောင်လေးဆို ငါးကန်တွေကို ရေလဲတာ…၊ အလှဆင်တာ…၊ ငါးအစာကျွေးတာတွေ လုပ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တဲ့ အကြောင်းကို ပြောပြတာပါ။

အဓိကကတော့ ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့ အရာတွေလုပ်ပါ။ အဲဒီလို လုပ်ပေးလိုက်လို့… ကိုယ်စိတ်မှာ… ကျေနပ်နှစ်သိမ့်… နွေးထွေးသွားပြီဆိုရင် အင်ဒိုဖင်န်း ထွက်လာတယ်လို့ မှတ်ပါ။

တချို့… အရမ်းကောင်းတဲ့… စိတ်ကို အားရှိစေတဲ့ စာအုပ်တွေကို ဖတ်လိုက်မယ်။ တချို့ကျတော့လည်း အရမ်းကို ကောင်းတဲ့ ဟင်းလျာတွေ ချက်လိုက်မယ်။

ကျွန်မက‌တော့ ဒီရက်ပိုင်း… ရုပ်ရှင်ကြည့်လိုက်တယ်။ စိတ်ညစ်စရာကောင်းတဲ့… ရုပ်ရှင်တွေ… ဒီအချိန်မှာ လုံးဝ မကြည့်ပါဘူး။

Grace and Frankie ဆိုတဲ့ Netflix က TV Series လေးတစ်ခု ညစဉ် တစ်ပိုင်းကြည့်ပါတယ်။ အဲဒီထဲမှာပါတဲ့ သရုပ်ဆောင်တွေရဲ့ ဖက်ရှင်ကျတဲ့ အဝတ်အစားတွေ… တောက်တောက်ပပ အရောင်အဆင်းတွေ၊ သူတို့ရဲ့အိမ်တွေထဲမှာ လှလှပပ ပြင်ဆင်ထားတာလေးတွေ၊ ထူးထူးခြားခြား ဆန်းဆန်းကြယ်ကြယ် ဆွဲကြိုး… နားကပ်… လက်ကောက်တွေ…၊ စိတ်ညစ်စရာရယ်လို့ မရှိ။ ကမောက်ကမ ဖြစ်တတ်တဲ့… လောဘ သဘာဝလေးတွေ…ကို ဟာသအမြင်နဲ့ အပြုသဘောဘက်က ရိုက်ပြထားတာလေးတွေ… ဒီအချိန်မှာ ဒါမျိုးလေးတွေကို ကြည့်တာက ကျွန်မအတွက်တော့ စိတ်ကို ပျော်ရွှင်စေပါတယ်။

ကျွန်မက တောက်ပတဲ့ အရောင်တွေကို ကြိုက်ပါတယ်။ ကိုယ်ပေါ်မှာ ဆင်ရရင်လည်း ပျော်ပါတယ်။ ဘုရားပန်းအိုးထိုးတာတောင် အဝါရောင် ပန်းတွေကိုပဲ ထိုးတယ်…။ စိမ်းစိုတဲ့ အရောင်တွေအနားမှာ နေတတ်တယ်…။

စိတ်ကို ပျော်ရွှင်စေသော တစ်ခြားသောအကြောင်းတွေလည်း အများကြီးရှိသေးတာပေါ့…။ Endorphin ထွက်စေတဲ့… ကျွန်မတို့ရဲ့ လုပ်ဆောင်မှု Activity လေးတွေကို စဉ်းစားကြည့်စေချင်ပါတယ်။

ဘဝမှာ… စိတ်မကောင်းစရာတွေ ကြုံနေရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ ရယ်မောစရာတွေ တွေ့ရင်လည်း… ရယ်သာရယ်လိုက်ပါ…။ ရယ်မောခြင်းဟာ အပြစ်မရှိပါဘူး…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts