မျိုးချစ်စိတ်

စစ်မှန်သော မျိုးချစ်စိတ် မွေးမြူရေး

(၆၈) နှစ်မြောက် အမျိုးသားနေ့အခါသမယတွင် စစ်မှန်သော မျိုးချစ်စိတ် မွေးမြူကျင့်သုံးရေးနှင့် ပက်သက်၍ တင်ပြ အစီရင်ခံလိုပေသည်။ လူသည် အထီးတည်း မနေတတ်သကဲ့သို့ အထီးတည်း မနေနိုင်ပေ။ မိမိနှင့်ဘဝတူ အခြားလူများနှင့် ပေါင်းသင်းနေထိုင်ရပေသည်။ လူဟူ၍ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အများစုနှင့် စုပေါင်းနေထိုင်တတ်သော အလေ့အကျင့်သည် လည်းကောင်း၊ မိမိ မှီတင်းနေထိုင်ရာ ရေမြေဒေသအပေါ်တွင် သံယောဇဉ်ထားရှိသည့် စိတ်ဓာတ်သည်လည်းကောင်း  ဖြစ်ပေါ်တိုးတက်လာရပေသည်။

မိမိနှင့်အတူ ဆိုးတူကောင်းဖက်၊ မရှိအတူ ရှိအတူ ပူးပေါင်းနေထိုင်ကြသော ပတ်ဝန်းကျင်ရှိ လူသားများအပေါ်တွင် မိမိကလည်း မြတ်နိုးခင်မင်၍ မိမိတို့ နေထိုင် လုပ်ကိုင်စားသောက်ရသော ရေမြေဒေသအပေါ်၌ ထာဝစဉ် ခင်တွယ်လာရခြင်းသည်လည်း စင်စစ် သဘာဝကျလှပေသည်။

ထို့ကြောင့် မိမိနှင့် အတူတကွ နှစ်ပေါင်းများစွာ နေထိုင်ကြသော လူသားများသည် လူမျိုးတစ်မျိုး အမည်ခံကာ မိမိတို့နေထိုင်ရာဒေသကိုလည်း တိုင်းပြည်တစ်ပြည်ဟု သတ်မှတ်လာကြလေရာ မိမိတိုင်းပြည်နှင့် မိမိပါဝင်သော လူမျိုးအပေါ်တွင် ထာဝစဉ် အလေးထား၍ မြတ်နိုးခင်မင်သည့် စိတ်ဓာတ်ကို မျိုးချစ်စိတ် (ဝါ) တိုင်းချစ်ပြည်ချစ်စိတ် ဟူ၍ အထင်ကရ ဖြစ်ပေါ်လာရပေသည်။

မိမိတိုင်းပြည်၊ မိမိလူမျိုးများကို ချစ်မြတ်နိုးသောစိတ်သည် မိမိတိုင်းပြည်၏ လွတ်လပ်ရေးအချုပ်အခြာအာဏာကို ကာကွယ်ရေးစိတ်ဓာတ်နှင့် မိမိလူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှုများကို မပျောက်မပျက် မတိမ်ကောအောင် ကာကွယ်စောင့်ရှောက်ရေး စိတ်ဓာတ်တို့ကို ဖြစ်ပေါ်ကြီးပွားစည်ပင်စေပေသည်။ သို့ရာတွင် အထူးဆင်ခြင်ရန်မှာ ထို မျိုးချစ်စိတ် ကို အကြောင်းပြု၍ အခြားတိုင်းပြည် အခြားလူမျိုးများကို ထိပါးစော်ကားရန် လားလားမျှ မပြုအပ် ဟူသော အချက်ပင် ဖြစ်ပေသည်။

မျိုးချစ်စိတ်

ဤနေရာတွင် မျိုးချစ်စိတ် (ဝါ) တိုင်းချစ်ပြည်ချစ်စိတ်နှင့် ကျဉ်းမြောင်းသော အမျိုးသားစိတ် (ဝါ) ကျဉ်းမြောင်းသော လူမျိုးရေး အစွဲအလမ်း စိတ်ဓာတ်တို့အကြား ခြားနားချက်ကို အထူးသတိပြုအပ်ကြောင်း တင်ပြလိုပေသည်။

ကျဉ်းမြောင်းသော အမျိုးသားစိတ် (ဝါ) အမြင်ကျဉ်းလူမျိုးရေး စိတ်ဟူသည် မိမိအမျိုးမှ မြတ်သည်၊ မိမိအမျိုးမှ ယဉ်ကျေးသည်၊ မိမိအမျိုးမှ ထူးချွန်သည် စသည်ဖြင့် မိမိအမျိုးအပေါ်တွင် သိဒ္ဓိတင်လွန်းပြီး အခြားသော လူမျိုးများအပေါ်တွင် နှိမ့်ချအထင်သေးသော စိတ်ဓာတ်မျိုးကို ဝေးစွာ ရှောင်ကြဉ်အပ်ပေသည်။

ထိုကျဉ်းမြောင်းသော စိတ်ဓာတ်သည် အခြားလူမျိုးများအပေါ် ရန်လိုစော်ကားတတ်သော အဖြစ်ကို တွန်းပို့တတ်ပေသည်။ ဤအချက်ကို ဒုတိယကမ္ဘာစစ်ကာလ၌ ဖက်စစ်ဝါဒီ ဟစ်တလာနှင့် သူ့လူများ၏ စိတ်ဓာတ်နှင့် လုပ်ရပ်က သက်သေခံပြီး ဖြစ်သည်။

စစ်မှန်သော တိုင်းချစ်ပြည်ချစ်စိတ်မှာမူ မိမိတိုင်းပြည် မိမိလူမျိုး၏ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရင်း မိမိအပေါ်၌ တန်းတူရည်တူ သဘောထားသော ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့် လူမျိုးအပေါ်တွင်ဖြစ်စေ ချစ်ကြည်သင့်မြတ်စွာ ဆက်ဆံပေသည်။ တုံ့လှည့်မေတ္တာထား၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မေတ္တာတရားထားကာ တစ်ဦး၏ ကြီးပွားတိုးတက်မှုကို တစ်ဦးက ဝမ်းသာအားရ မုဒိတာပွားကြရမြဲ ဖြစ်ပေသည်။ တစ်ဦး၏ ဘေးဒုက္ခကို တစ်ဦးက စာနာသနား၍ အတတ်နိုင်ဆုံး ဖေးမကြစမြဲ ဖြစ်ပေသည်။ သို့ရာတွင် မိမိတိုင်းပြည် မိမိလူမျိုးများအပေါ် မရိုးမသားဆက်ဆံသော၊ အကျိုးစီးပွားပျက်ပြား နစ်မွန်းရာ နစ်မွန်းကြောင်းကို လုပ်ကြံသော နိုင်ငံအပေါ်၌မူ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်ဖြင့် ယင်း၏ ထိုးနှက်စော်ကားမှုကို ရိုက်ချိုးချေမှုန်းပစ်ကြရမည်သာ ဖြစ်ပေသည်။ ဤသည်ကိုပင် တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ဖြင့် မိမိ၏ အချုပ်အခြာအာဏာကို ကာကွယ်ခြင်း (ဝါ) တရားသော ခုခံစစ်ကို ဆင်နွှဲခြင်း ဟူ၍လည်း နားလည်ကြရပေသည်။

နိုင်ငံတကာ ချစ်ကြည်ရေးဟူသည် နိုင်ငံတိုင်းက ထားရှိအပ်သော မွန်မြတ်သည့် နိုင်ငံရေးသီလပင် ဖြစ်ပေသည်။ နိုင်ငံအချင်းချင်း တစ်ဦး၏ အခက်အခဲပြဿနာကို တစ်ဦးက နားလည်သဘောပေါက်ကာ တစ်ဦး၏ အချုပ်အခြာအာဏာပိုင်မှုကို တစ်ဦးက လေးစားလျက် ရင်းနှီးဖြောင့်မတ်စွာ ဆက်ဆံကြရပေသည်။ ထိုသို့ နိုင်ငံအချင်းချင်း ရင်းနှီးစွာ ကူးလူးဆက်ဆံကြရသော နိုင်ငံတကာ ချစ်ကြည်ရေးစိတ်ဓာတ်နှင့် လုပ်ရပ်၌လည်း ဘောင်မရှိ စည်းမရှိ၊ ကမ်းမရှိ အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးပြန်ပေသည်။

ဤနှစ်ဆယ်ရာစုအချို့ လူငယ်များသည် နိုင်ငံတကာချစ်ကြည်ရေးတံခွန်ကို လွှင့်ထူရင်း ကြွေးကြော်သံကို ဟစ်အော်ရင်းက မိမိတိုင်းပြည်နှင့် မိမိတိုင်းရင်းသား လူမျိုးများအပေါ် ထားအပ်သော သံယောဇဉ်တရားများ လုံးပါးပါးလာကာ “ဝါဒ” တစ်ခု၏ မှိုင်းမိသွားမှန်းမသိ မှိုင်းမိသွားတတ်ပေသည်။ မိမိလူမျိုးများ၏ ယဉ်ကျေးမှုအစဉ်အလာကို မြတ်နိုးရမည့်အစား အခြားနိုင်ငံကြီးတစ်ခုခု၏ ယဉ်ကျေးမှုအစဉ်အလာကို အထင်ကြီးအတုယူလာခြင်း၊ မိမိတိုင်းပြည်၏ အချုပ်အခြာ အာဏာပိုင်မှု ဘဝကြီးကို လေးစားတန်ဖိုးထားရမည့်အစား အခြားနိုင်ငံကြီးတစ်ခုခု၏ ဝါဒကို လေးစားတန်ဖိုးထားကာ မိမိအမျိုးသားရေးကို နောက်တန်းပို့၍ တစ်စတစ်စ စွန့်လွှတ်သွားတတ်ခြင်း၊ ထိုမှတစ်ဖန် မိမိနိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများကို ရန်ပြုစော်ကားရာ၌ အသုံးချခံဖြစ်မှန်းမသိ ဖြစ်ကာ အမျိုးသားရေးကို သစ္စာဖောက်၍ ပုဆိန်ရိုးဘဝသို့ ပက်ပက်စက်စက် ကျရောက်သွားရခြင်း စသည့် ဖောက်ပြန်မှုအရပ်ရပ်သည် နိုင်ငံတကာ ချစ်ကြည်ရေးစိတ်ဓာတ်ကို အလွန်အကျွံ လွဲမှားစွာ ကျင့်သုံးရာမှ မြစ်ဖျားခံ၍ ဖြစ်ပေါ်လာရသော ဆိုးကျိုးများပင် ဖြစ်ပေသည်။

ကျွန်ုပ်တို့သည် လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်၍ ယနေ့ တပ်မတော်၏ ဖခင်ကြီးလည်း ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက မျိုးချစ်စိတ်ဓာတ်နှင့် ပက်သက်၍ ပြောကြားခဲ့သည့် သြဝါဒစကားများကို မှတ်သားဆင်ခြင်၍ လိုက်နာကျင့်သုံးကြမည်ဆိုပါလျှင် အစွန်းတရား၊ အမှားတရားတို့မှ ရှောင်ရှား၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို မွေးမြူနိုင်ကြမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော လူမျိုးရေးနှင့်ပက်သက်သည့် သြဝါဒမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း လေးမြတ်စွာ ဖော်ညွှန်းလိုက်ရပါသည်။

လူမျိုးရေးတရားဆိုတာ

“လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး အခြားလူမျိုးတွေ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာ ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ၊ ကိုယ့်လူမျိုးကိုယ်ချစ်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားလဲ ဖြစ်ရမယ်။ လူမျိုးရေးတရားဆိုတာဟာ ကိုယ့်အမျိုးသာ ချစ်ပြီး ဒိပြင်လူတွေ မလိုမုန်းထားတာ လူမျိုးရေးတရားပဲလား၊ မဟုတ်ဘူး၊ ကိုယ့်အမျိုးချစ်ရုံနှင့် ဒိပြင်အမျိုးတွေကို မုန်းဖို့ မလိုဘူး၊ သို့သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ်၊ အပြင်ကလူဖြစ်ဖြစ်၊ တိုက်ခိုက်နှိမ်နင်းရမာပေါ့၊ ဒါက ငါတို့အမျိုးရဲ့ ရန်သူအဖြစ်ဖြင့်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး။”

မောင်ဖိုးမှတ် ရေးသားထားသော လုပ်သားပြည်သူ့နေ့စဉ် ဆောင်းပါးပေါင်းချုပ် အတွဲ(၂) စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

# Open More Online

Related Posts