ba1

ငှက်ပျောသီး စားပြီး ပျောက်ကင်းစေနိူင်သော ရောဂါများ

ငှက်ပျောသီးဆိုတာ ကမ္ဘာ့ရှေးအကျဆုံးနဲ့ အရင်းနှီးဆုံးအသီးဆိုရင် မမှားပါဘူး။ လူသားတွေကို ကျန်းမာလှပ အာဟာရပြည့်စေတဲ့ သီးနှံအဖြစ် နိူင်ငံတိုင်း လူမျိုးတိုင်း နှစ်နှစ်ခြိုက်ခြိုက် လက်ခံစားသုံးကြတယ်။ အရသာလည်းရှိပြီး ရာသီမရွေး နေရာမရွေးလည်းရနိူင်၊ ဈေးနှုန်းလည်းချိုသာတော့ လူတန်းစားမရွေး စားသုံးနိူင်ကြတယ်။ ငှက်ပျောသီးရဲ့ သဘာဝကိုက အခွံတွေဟာ အတွင်းသားကို ပြင်ပ ဘက်တီးရီးယားပိုးတွေမဝင်အောင် ကောင်းစွာကာကွယ်ပြီးဖြစ်လို့ ငှက်ပျောသီးကြောင့်ရောဂါရတယ်ဆိုတာ ဘယ်တော့မှ မဖြစ်နိူင်ပါဘူး။ ငှက်ပျောသီးအမျိုးပေါင်းဟာ ကမ္ဘာမှာမဆိုထားနဲ့ မြန်မာ့မြေမှာကို အများအပြား ရှိနေပါတယ်။ အကြမ်းအားဖြင့် အဝါ၊ အစိမ်း၊ အနီ အရောင်သုံးမျိုးရှိပြီး လူတိုင်း လက်ခံစားသုံးကြတဲ့သီးနှံပါ။

ငှက်ပျောသီးများစွာထွက်ရှိရာ 

ငှက်ပျောသီး

ငှက်ပျောပင်ရဲ့ မူလဇာတ်မြစ်ဟာ အိန္ဒိယနဲ့ မလေးရှားက စတယ်လို့ ယုံကြည်ကြပါတယ်။ အိန္ဒိယနိူင်ငံရဲ့ ဘာသာရေးနဲ့ လူမှုရေး အခမ်းအနားတိုင်းမှာ ငှက်ပျောဖီးတွေကို အထွတ်အမြတ်ထားပြီး ကျက်သရေမင်္ဂလာရှိတဲ့ အသီးအနှံအဖြစ် ရှေးခေတ်အဆက်ဆက် ကတည်းက အသုံးပြုခဲ့ကြတယ်။ မြန်မာနိူင်ငံမှာ သာသနာပွဲ၊ ရိုးရာနတ်ပွဲ၊ မင်္ဂလာရှိတဲ့ အခမ်းအနားတွေမှာ ပူဇော်ပသ သလိုမျိုးပါ။ ဥရောပနိူင်ငံတွေမှာတော့ ငှက်ပျောသီးကို နတ်သြဇာ ပြည့်ဝပြီး အရသာရှိလွန်းလို့ “ကောင်းကင်ဘုံကပန်းသီး” Apple of Paradise လို့တောင် ရှေးလူကြီးတွေက ဆိုစမှတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂရိနဲ့ အာရေဗျက စာရေးဆရာတွေက ငှက်ပျောသီးအကြောင်းကို အိန္ဒိယရဲ့ အံ့ဖွယ်သစ်သီးဆိုပြီး အမွှမ်းတင်ရေးသားခဲ့ကြပါတယ်။ 

အိန္ဒိယနိူင်ငံရဲ့ ဆေးဖက်ဝင်သီးနှံများအကြောင်းတွေမှာ ဖော်ပြထားတာကတော့ အေဒီ ၅ရာစုလောက်မှာ မလေးရှားစစ်သားတွေဟာ မဒါဂါစတာကို ယူသွားကြပြီး စားသုံးကြရာက အိန္ဒိယအရှေ့ဘက်ကမ်းခြေဒေသတစ်လျှောက်နဲ့ အာဖရိကကို ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ အဲသည်ကစ အနောက်ဥရောပကိုရောက်ပြီး တစ်ကမ္ဘာလုံး ငှက်ပျောပင်တွေပျံ့နှံ့ခဲ့တယ်။ အိန္ဒိယနိူင်ငံရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသအားလုံးဟာ ငှက်ပျောပင်အများဆုံး ပေါက်ရောက်ရာဒေသတွေဖြစ်ပါတယ်။

အာဟာရတန်ဖိုးနှင့်အမျိုးအမည်

ငှက်ပျောသီး

ငှက်ပျောသီးကို ရုက္ခဗေဒအမည်အားဖြင့် Musa paradisiaca လို့ ခေါ်ပါတယ်။ အင်္ဂလိပ်အခေါ် Plantain သို့ Banana၊ အိန္ဒိယအမည် Keila, မလေးရှားအမည် Vasha လို့ခေါ်ပါတယ်။ သင်္သကရိုက်ဘာသာနဲ့ Vana Laxmi, Kadali စသည်ဖြင့် အမည်အမျိုးမျိုး ကွဲပြား ခေါ်ဝေါ်ကြပါတယ်။ မြန်မာပြည်တွင်းထွက် ငှက်ပျောကတော့ ဖီးကြမ်း၊ သူငယ်စာ၊ ဝက်မလွတ်၊ သီးမွှေး၊ ရွှေငှက်ပျောက အစပြုပြီး အမျိုးပေါင်းများစွာ ကွဲပြားပြီးရှိနေပါတယ်။ ဘယ်လောက်ပဲအမျိုးတွေ ကွဲပြားနေပေမဲ့ အကျိုးပြုမှုအာနိသင်တွေအားလုံး အတူတူပါပဲ။ 
ငှက်ပျောသီးရဲ့ အာဟာရတွေဟာ တန်ဖိုးဖြတ်မရလောက်အောင် ထူးခြားလှပါတယ်။ ငှက်ပျောသီးတိုင်းမှာ ခွန်အားဖြစ်စေခြင်း၊ တစ်သျှူးများကိုအသစ်ဖြစ်စေခြင်း စတဲ့ ဂုဏ်သတ္တိအပြင် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်အမျိုးမျိုး ပြည့်ဝစွာ ပါဝင်ပါတယ်။ အခြားသီးနှံများထက် ကျန်းမာသက်ရှည်ရောဂါအန္တရာယ်ကင်းစေတယ်။ ငှက်ပျောသီး အလုံးအကြီးကြီးတစ်လုံးမှာ ကယ်လိုရီ ၁၀၀ ထက်ပိုပြီး ပါဝင်တယ်။ ငှက်ပျောသီးတစ်လုံးစားခြင်းဖြင့် အစာကိုကြေညက်လွယ်စေခြင်း၊ သကြားကိုကြေညက်စေခြင်းဖြင့် လျင်မြန်စွာ ခွန်အားဖြစ်စေပြီး ပင်ပန်းနွမ်းနယ်နေသမျှကိုလည်း ပြေပျောက်စေပါတယ်။ 

ငှက်ပျောသီးကို အာဟာရဓာတ် ခွဲကြည့်တဲ့အခါ ကယ်လ်စီယမ် ၁၇မီလီဂရမ်၊ ဖော့စဖရပ် ၃၆မီလီဂရမ်၊ သံဓာတ် ဝ.၉ မီလီဂရမ်၊ ဗီတာမင်စီ ၇ မီလီဂရမ် နဲ့ ဗီတာမင်ဘီဓာတ်ပေါင်းစု အနည်းငယ်ပါဝင်ပါတယ်။ ကယ်လိုရီတန်ဖိုးကတော့ ၁၁၆ ကယ်လိုရီ ပါဝင်ပါတယ်။ 
မြန်မာ့ဆေးနည်းမှာ ငှက်ပျောသီးစားပြီး နို့အမျိုးမျိုးကို တစ်ဆက်တည်း မစားသင့်ဘူးလို့ ဖော်ပြခြင်းရှိပေမဲ့ အိန္ဒိယဆေးနည်းအရ ငှက်ပျောသီးကို နို့နဲ့ သကြားသင့်သလိုထည့်ဖျော်သောက်လျှင် ကျန်းမာသက်ရှည် အာဟာရပြည့်ဝစေတယ်လို့ ဆိုပါတယ်။ ငှက်ပျောသီး နို့ဖျော်ရည်ဟာ အရသာထူးခြားပြီး ခန္ဓာကိုယ်အတွက် လိုအပ်သမျှ အာဟာရဓာတ်ကို ဖြည့်ပေးနိူင်စွမ်းအပြည့်ရှိပါတယ်။ (Indian Medical Plants, Allahabad 1918)

နုပျိုခြင်းအလှ ငှက်ပျောသီးက 

ငှက်ပျောသီး

ငှက်ပျောသီးဟာ အရွယ်ကို နုပျိုစေပါတယ်။ အိန္ဒိယရိုးရာဆေးနည်းနဲ့ ရှေးခေတ်ပါရှန်းလူမျိုး တွေကတော့ ငှက်ပျောသီးမှာ အရွယ်တင် နုပျိုစေတဲ့ သဘာဝလျို့ဝှက်ချက်တွေ ပါရှိနေတယ်လို့ ဆိုပါတယ်။ ငှက်ပျောသီးဟာ အရသာချိုအေးပြီး အသားအရေကို ဝင်းဝါလှပ စေတယ်။ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်။ အစာကြေညက်ပြီး လူကိုသွက်လက် လန်းဆန်းသွားစေတယ်။ မောပန်းခြင်း ကင်းပြီး ခွန်အားတိုးစေတဲ့အတွက် ရောဂါပိုးတွေကို ခံနိူင်ရည်ရှိလာစေပါတယ်။ ကယ်လ်စီယမ်၊ ဖော့စဖရပ်နဲ့ နိုက်ထရိုဂျင်ဓာတ်များစွာ ရရှိတဲ့အတွက် ဆဲလ်အသစ်ဖြစ်ပွားလွယ်ပြီး အသားအရေကို အမြဲလတ်ဆတ်တင်းရင်းစေတယ်။ သကြားဓာတ်နဲ့ မလိုလားအပ်တဲ့ အဆီတွေကို တိုက်ဖျက်ပြီး အစာကြေညက်လွယ်စေတဲ့အတွက် အဆီကျအသားကျစ်လှပစေနိူင်ပါတယ်။ 

ငှက်ပျောသီး

အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါ

ငှက်ပျောသီးမှည့်ဟာ အစာကိုကြေလွယ်၊ ဝမ်းသွားလွယ်ပြီး အဆီအလွန်နည်းပါတယ်။ ဒါကြောင့်အစာစားပြီး ငှက်ပျောသီး အချိုတည်း ခြင်းက အစာတွေကို နူးညံ့စွာ ကြေညက်စေပြီး အစာအိမ်ရောဂါဖြစ်ခြင်းမှ ကင်းစေပါတယ်။ အထူးသဖြင့် အူရောင်နာ၊ အူမကြီး ရောင်ရမ်းနာ၊ အစာအိမ်အတွင်း၊ အူအတွင်း အနာဖြစ်ခြင်းကို အန္တရာယ်မဖြစ်စေဘဲ သက်သာစေဖို့ အစာတွေကို ကောင်းစွာခြေပေးတယ်။ ဝမ်း၊ လေ မှန်စေတဲ့အတွက် အစာအိမ်ရောဂါ ဖြစ်ခဲပါတယ်။ 

ငှက်ပျောသီးအစိမ်းကိုလည်း အမှည့်လိုပဲ အစာအိမ်ရောဂါမဖြစ်စေဖို့ရာ အားကိုးလို့ရပါတယ်။ ငှက်ပျောသီးအစိမ်းကို အခွံနွှာ ပါးပါးလှီးပြီး နေလှန်း၍ အမှုန့်ပြုလုပ်ပါ။ ယင်းအမှုန့်ကို မုန့်လုပ်ပြီး နေ့စဉ်စားပေးလျှင် အစာအိမ်နဲ့ ပတ်သတ်တဲ့ ရောဂါမှန်သမျှ ပျောက်ကင်းပါတယ်။ ငှက်ပျောသီးအစိမ်းဟာ အူလမ်းကြောင်းနဲ့ အစာအိမ်အတွင်းမှာ တော်ရုံနဲ့ မပျောက်ဘဲ ရက်ရှည်နေတဲ့ အနာရောဂါတွေ အတွက် စိတ်သောကရောက်စရာ မလိုရလောက်အောင် ဆန့်ကျင်ပြီး ပျောက်ကင်းစေနိူင်စွမ်းရှိတဲ့အတွက် VitaminU ဗီတာမင် ယူ လို့ နောက်ပြောင်ခေါ်ကြပါတယ်။ အစာအိမ်လေပွပြီး လေထခြင်း၊ လေချဉ်တက်ခြင်း၊ အချဉ်ပေါက်ခြင်းများကို နှိမ်နင်းပါတယ်။ 

ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း

ငှက်ပျောသီး

ငှက်ပျောသီးတစ်မျိုးတည်းနှင့် ဝမ်းချုပ်သူကို ဝမ်းလွယ်ကူစွာ သွားစေနိူင်သလို ဝမ်းလျှောနေသူကိုလည်း ဝမ်းရပ်စေအောင် စားသုံး နိူင်ပါတယ်။ အစာအိမ် အူသိမ်အတွင်းနံရံဟာ ငှက်ပျောသီးမှည့်မှာရှိတဲ့ ရေဓာတ်တွေကိုများစွာ စုပ်ယူပြီး ဝမ်းနူးစေတယ်။ အချိန်တိုတို အတွင်း တစ်ခဏမှာပဲ ချုပ်နေတဲ့ ဝမ်းကို ပုံမှန်အခြေအနေ ပျော့ပျောင်းလာပြီး သွားစေပါတယ်။ ငှက်ပျောသီးမှာ သကြားဓာတ်ကို ကြေညက်စေတဲ့ ပက်ပတင် အင်ဇိုင်းများစွာ ပါဝင်တဲ့အတွက် ဝမ်းတွင်းမှာ အောင်းနေတဲ့ အစာဟောင်းတွေကို အစာခြေအင်ဇိုင်းတွေက အလွယ်တကူ ကြေစေပြီး ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေတယ်။ 

ဝမ်းလျှောသူများအတွက်ကတော့ အူနဲ့အစာလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဝမ်းကိုက်ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို ကောင်းစွာ သုတ်သင်နိူင်တယ်။ ဆီးရွှင်စေပြီး ဝမ်းချုပ်စေတဲ့ အာနိသင်အပြည့်ရှိတယ်။ အူလမ်းကြောင်းမှာ ဝမ်းရောဂါဖြစ်စေမယ့် အန္တရာယ်ပြု ဘက်တီးရီးယားပိုးတွေကို သေစေတယ်။ 

ဝမ်းပျက်သူများအတွက် စားပေးသင့်တဲ့ ငှက်ပျောသီးကတော့ ငှက်ပျောသီးရွမ်းပြင်းပါ။ ငှက်ပျောရွမ်းပြမ်းက ဝမ်းမည်မျှ သွားနေသည်ဖြစ်စေ ရပ်သွားနိူင်စွမ်းအပြည့်ရှိပါတယ်။ ငှက်ပျောသီးအမှည့်လွန်ပြီး အနည်းငယ်ချဉ်လာတဲ့အသီးကတော့ ဝမ်းချုပ်သူကို ကောင်းစွာ ဝမ်းမှန်စေပါတယ်။ 

ဝမ်းကိုက်ခြင်း၊ အူမကြီးရောင်ရမ်းခြင်း 

ငှက်ပျောသီး

ငှက်ပျောသီးမှည့်ကို ဆားသင့်ရုံထည့်၍ ကြိတ်ခြေပြီး စားခြင်းဟာ ဝမ်းကိုက်ရောဂါ၊ အူရောင်ရောဂါများအတွက် တန်ဖိုးအလွန်ရှိလှတဲ့ ဆေးနည်းတစ်မည်ပါ။ Dr.Kirticar ရဲ့ နည်းကတော့ ငှက်ပျောသီးမှည့်ကို မန်ကျည်းနှစ်အနည်းငယ်၊ ဆားသင့်ရုံနဲ့ တွဲဖက်စားခြင်းက အထိရောက်ဆုံးဆေးနည်းလို့ သိရပါတယ်။ သူကိုယ်တိုင် ရုတ်တရက် ရောဂါထလာသည်ဖြစ်စေ၊ နာတာရှည်ရောဂါရနေသူတွေပဲဖြစ်စေ သည်ဆေးနည်းနဲ့ ကုသခဲ့တာ အောင်မြင်စွာ ပျောက်ကင်းကြကြောင်း အခိုင်အမာဆိုထားပါတယ်။ ကလေးငယ်များအတွက်ဆိုရင်တော့ ငှက်ပျောသီးကို ပျစ်နှစ်ပြီး ကရင်မ်ဖြစ်တဲ့အထိ ဇွန်းဖြင့် ကြိတ်ခြေ၍ နာနာခေါက်ပြီးမှ ကျွေးပါ။ 

ရိုးဆက်ရောင်ရမ်းနာနှင့်ဂေါက်ရောဂါ 

ငှက်ပျောသီး

ငှက်ပျောသီးဟာ ရိုးဆက်ရောင်ရမ်းပြီး အဆစ်အမြစ်ကိုက်ခဲသူများနဲ့ ဂေါက်ရောဂါ ဝေဒနာဝေဒနာရှင်များအတွက်လည်း ဆေးဖက်ဝင်တဲ့ အသီးပါ။ ရောဂါဖြစ်စမှာ သုံးရက်၊ လေးရက်ခန့် ဆက်ပြီးစားပေးလျှင် ရောဂါသိသာစွာ သက်သာသွားတာတွေ့ရပါမယ်။ ဖြစ်နိူင်လျှင်တော့ ဝေဒနာရှင်တွေဟာ အခြားဘာကိုမှမစားဘဲ နေ့စဉ် ငှက်ပျောသီးမှည့် ရှစ်လုံးမှ ကိုးလုံးအထိ စားပေးလျှင် သိသာလျင်မြန်စွာ ပျောက်ကင်း ချမ်းသာသွားပါတယ်။ 

သွေးအားနည်းရောဂါ 

ငှက်ပျောသီး

ငှက်ပျောသီးမှာ သံဓာတ်များပါဝင်တဲ့အတွက် သွေးနီဥနည်းသောရောဂါအတွက်လည်း အကျိုးဖြစ်ထွန်းပါတယ်။ သွေးအတွင်း ဟေမိုဂလိုဗင်ပွားများလာအောင် လှုံဆော်ပေးစွမ်းနိူင်တဲ့အတွက် ရောဂါကို သက်သာစေတယ်။ သွေးသားခန်းခြောက်သူများ သွေးအား ကောင်းပြီး အသားအရေကို စိုပြေစေတယ်။ 

ဓာတ်မတည့်မှုများ

ငှက်ပျောသီး

ငှက်ပျောသီးဟာ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်မတည့်မှုဖြစ်ပြီး အရေပြားပေါ်မှာ အဖုအပိမ့် ထလာတာ၊ နီမြန်းပြီး ယားယံ လာတာတွေကို ကောင်းစွာ ပျောက်ကင်းစေပါတယ်။ ငှက်ပျောသီးရဲ့ လျှို့ဝှက်ချက်က အခြားပရိုတင်းပါဝင်တဲ့ သီးနှံတွေနဲ့မတူဘဲ ဓာတ်မတည့်မှုကို ခံနိူင်ရည်ရှိနေခြင်းပါ။ ငှက်ပျောသီးမှာ အေမိုင်နိုအက်ဆစ်သက်စောင့်ရည် ခပ်ပျော့ပျော့များစွာ ပါရှိနေတဲ့အတွက် အထိမခံတဲ့ အသားအရေမှာ ဓာတ်မတည့်မှုတွေ ဖြစ်လာတဲ့အခါမှာတော့ အလွန်အကျွံမသုံးသင့်ပါဘူး။ ဓာတ်မတည့်မှုကြောင့် နီမြန်းလာတဲ့ အသားအရေကို မူလအခြေအနေရောက်စေရန် ငှက်ပျောသီးအနှစ်အသားများနဲ့ ဖြည်းညင်းစွာ ပွတ်ပေးရပါတယ်။ 

ဆီး၊ ကျောက်ကပ်ဆိုင်ရာရောဂါများ

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပရိုတင်းအနည်းငယ်နဲ့ ကာဘိုဟိုက်ဒရိတ်များစွာပါဝင်နေခြင်းဟာ ကျောက်ကပ်နဲ့ ပတ်သတ်သမျှ ရောဂါတွေအတွက် အလွန်တန်ဖိုးရှိနေပါတယ်။ သွေးယူရိယာများခြင်းနှင့် ကျောက်ကပ်သွေးကြောပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအတွင်း အဆိပ် အတောက်ဖြစ်ခြင်းများအတွက် အားထားရတဲ့အသီးပါ။ ဆေးနည်းကတော့ ဂေါက်ရောဂါရှင်တွေလိုပဲ ရောဂါထစဉ်မှာ အခြားအစာ မစားဘဲ ငှက်ပျောသီးချည်းရှစ်လုံးမှ ကိုးလုံးအထိ ရက်ဆက်စားပေးသင့်ပါတယ်။ သုံးရက်၊ လေးရက်ဆက်စားတဲ့အခါမှာ သိသာစွာ ပျောက်ကင်းစေပါတယ်။ သည်နည်းက ကျောက်ကပ်ရောဂါအပါအဝင် ကျောက်ကပ်နဲ့ဆိုင်သမျှ ရောဂါအားလုံးအတွက် သင့်လျော် ပါတယ်။ 

အဆုတ်ရောဂါ 

ငှက်ပျောသီး

ငှက်ပျောသီးဟာ တီဘီရောဂါရှင်များအတွက်လည်း အကျိုးပြုတာကို သိရပါတယ်။ ဘရားဇီးနိူင်ငံက Dr.J.Montelvz ရဲ့ အယူအဆ ကတော့ ငှက်ပျောသီးဖျော်ရည် သို့မဟုတ် ငှက်ပျောသီးကို မီးဖုတ်၊ ကြော်ချက်စားခြင်းဖြင့် အဆုတ်ရောဂါကို အံ့သြဖွယ် ကောင်းလောက်အောင် သက်သာစေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့လူနာတွေကို လက်တွေ့ကုသချက်အရတော့ အဆုတ်ရောဂါလို့သိစအချိန် မကြာခဏ ချောင်းဆိုးခြင်း၊ ချွဲသလိပ်အများအပြားထွက်ခြင်း၊ အဖျားကြီးခြင်းတွေကို နှစ်လအတွင်း သက်သာစေပါတယ်လို့ ထောက်ခံ ထားပါတယ်။ 

ဆီးရောဂါ

ငှက်ပျောသီး

ငှက်ပျောပင်စည်ရည်နဲ့ ငှက်ပျောသီးဖျော်ရည်ဟာ ဆီးရောဂါရှင်တွေအတွက် ဆေးကောင်းတစ်လက်ပါပဲ။ ဆီးအိမ်မှာ ကျောက်တည်လျှင် ငှက်ပျောသီးစားပေးခြင်းဖြင့် ပျောက်ကင်းသွားနိူင်ပါတယ်။ ဆီးကျိတ်အပြင် ကျောက်ကပ်နှင့် သည်းခြေအိတ်မှာ ကျောက်တည်ခြင်းများကိုလည်း ဖယ်ရှားပေးပါတယ်။ အစာမှားပြီး အစာအိမ်အတွင်း အဆိပ်အတောက်ဖြစ်နေမှုကိုလည်း ငှက်ပျောသီး ဖျော်ရည်သောက်ခြင်းဖြင့် ဆီးနှင့်အတူ စွန့်ထုတ်ပစ်ပါတယ်။ ငှက်ပျောသီးမှည့်ဖျော်ရည်ကို ရွှေဖရုံသီးဖျော်ရည်နဲ့ရောပြီး သောက်က ပိုပြီးထိရောက်ပါတယ်။ 

အဝလွန်ခြင်း

ငှက်ပျောသီး

ကိုယ်အလေးချိန်ကျလိုသူများက ငှက်ပျောသီးကို မလိုင်မပါဘဲ နို့နဲ့သောက်ပေးရပါမယ်။ နေ့စဉ် ငှက်ပျောသီးခြောက်လုံးနဲ့ အဆီမပါ နို့လေးခွက်သာ သောက်သွားလျှင် ၁၀ရက်မှ ၁၅ရက်အတွင်း ကိုယ်အလေးချိန်သိသာစွာ ကျဆင်းစေပါတယ်။ ငှက်ပျောသီးမှာ ဆိုဒီယမ် မပါတဲ့အတွက် ဝသူများကို ကိုယ်ရည်စစ်ပြီး ကျစ်လျစ်သွားစေနိူင်တာ အမှန်ပါပဲ။ 

မီးယပ်ရောဂါ

ငှက်ပျောသီး

ငှက်ပျောဖူးကိုချက်၍ ဒိန်ချဉ်နဲ့စားခြင်းဟာ မီးယပ်ကြောင့်ဖြစ်ပေါ်တဲ့ နာကျင်ကိုက်ခဲမှုများနှင့် မီးယပ်သွေးသွန်ခြင်း၊ ရက်ရှည်ခြင်းကို ပျောက်ကင်းစေတယ်။ သွေးသားခန်းပြီး မီးယပ်ပိန်၊ မီးယပ်ခြောက်ခြင်းကင်းပြီး အရွယ်ကိုနုပျိုစေပါတယ်။ အမျိုးသားများ စားလျှင်လည်း သုတ်ဓာတ်ပွားစေပြီး ပန်းသေ၊ ပန်းညှိုးဖြစ်မှာ မစိုးရိမ်ရတော့ပါဘူး။ 

အပူလောင်နာ၊ ထိခိုက်ရှနာ

Hap Eye Knowledge Sharing

ထိခိုက်ရှနာ ဒဏ်ရာမှန်သမျှနှင့် အပူလောင်ကြတဲ့အခါ ငှက်ပျောသီးအနှစ်နဲ့သာ အုံပေးပြီး ပလတ်စတစ် သို့မဟုတ် ပတ်တီးစည်းထား ပေးပါ။ အချိန်အနည်းငယ်အတွင်း ယူပစ်လိုက်သလို သက်သာပျောက်ကင်းစေပါတယ်။ အကယ်၍ အပူလောင်ပြီး မီးလောင်ဖု ထလာခဲ့လျှင် အလွန်ပူနေခဲ့လျှင် ငှက်ပျောဖက်ခင်းပြီးအိပ်ပါ။ အပူသက်သာပြီး အနာကျက်မြန်စေပါတယ်။

အသုံးဝင်ပုံ 

ငှက်ပျောသီးကို နံနက်အိပ်ရာထ အစာနဲ့ အချိုတည်းစာအဖြစ် အဓိက စားကြတယ်။ အခြားသီးနှံမျိုးစုံနဲ့ရောပြီးတော့လည်း စားတတ်ကြတယ်။ ငှက်ပျောသီးစိမ်းကိုတော့ ချက်စားကြပါတယ်။ ငှက်ပျောခြောက်ကြော်ကငှက်ပျောသီးအစိမ်းကိုပဲကြော်တာပါ။ ငှက်ပျောသီးစိမ်းကနေ ပြုလုပ်ထားတဲ့ အကြော်မှုန့်ဟာ ဂျုံကလုပ်တဲ့ အကြောမှုန့်ထက် သတ္တုဓာတ်တွေ သုံးဆလောက် ပိုပြီးများပါတယ်။ အခြားကောက်နှံတွေထက်ပိုပြီး အစာကြေညက်စေနိူင်စွမ်းရှိလို့ ကလေးငယ်တွေအတွက်လည်း သင့်လျော်ပါတယ်။ 

ကြိုတင်ကာကွယ်ခြင်း 

အချိုပွဲအဖြစ် စားသုံးမယ့် ငှက်ပျောသီးဟာ ဖြည်းဖြည်းချင်း ကောင်းစွာ မှည့်လာတဲ့ ငှက်ပျောသီးမှည့်ဖြစ်မှ အစာကိုကောင်းစွာ ကြေညက်စေနိူင်ပါတယ်။ ငှက်ပျောသီးအစိမ်း သို့မဟုတ် ကောင်းစွာ မမှည့်သေးတဲ့ ငှက်ပျောသီးမှာ ကစီဓာတ် ၂၀မှ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါပေမဲ့ မှည့်လာစဉ်ကာလမှာပဲ ကစီဓာတ်အားလုံးနီးပါးကြေညက်ပြီး သကြားအချိုဓာတ်နဲ့ပေါင်းစပ်သွားပါတယ်။ ဒါကြောင့်ငှက်ပျောသီးကို ရေခဲသေတ္တာထဲမှာ ဘယ်တော့မှ ထည့်မသိမ်းသင့်ပါဘူး။ မှည့်လာဖို့ ခဲယဉ်းသွားပါတယ်။ ငှက်ပျောသီးစားရင် မှည့်မှည့်ကိုပဲ စားပါ။ အထူးသဖြင့် မမှည့်သေးတဲ့ ငှက်ပျောသီးရွှမ်းပြင်းကို ကျောက်ကပ်အားနည်းသူတွေ မစားသင့်ပါဘူး။ ပိုတက်စီယမ် ပါဝင်မှု မြင့်မားတဲ့အတွက်ပါ။ 

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

# ငှက်ပျော in wiki

# next post

Related Posts