ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် (၃)

လူတွေက ရည်းစားနဲ့ ပြတ်တဲ့အခါ ငါ့အတွက်တော့ သူမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့ ပြိုလဲကြရတယ်။

သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်နဲ့ ပိုချစ်ခင်သွားတဲ့အခါ ငါကကောင်းပါလျက် ငါ့ကိုထားသွားရက်လိုက်တာဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းကြရတယ်။

အဖွဲ့အစည်းတစ်ခု နေရာတစ်ခုကနေ သူစိမ်းနေရာ သူစိမ်းတွေကြားထဲ ပြောင်းရွေ့လုပ်ကိုင်ကြရတဲ့အခါ ကြေကွဲသောက ဖြစ်ကြရတယ်။

ကိုယ့်အတွက် ကိုယ်အမြဲပါနေတာ။ ကိုယ့်ရှင်သန်မှုအတွက် ကိုယ်တိုင်ဖြစ်တည်ရှင်သန်ရ၊ ရုန်းကန်နေရတာကို မေ့လျော့နေခဲ့ကြတယ်။ တကယ်တော့ ကိုယ့် ဘယ်ဘက်လက် အလုပ်လုပ်တဲ့အခါ ညာဘက်လက်က ဖြည့်ဆည်းကူညီပေးနိုင်တယ် ဆိုတာကို မေ့နေခဲ့ကြတယ်။

ကိုယ့်နှလုံးသားက နာကျင်တဲ့အခါ ကိုယ့်ဦးနှောက်က ထိန်းချုပ် ကူညီပေးနိုင်တာကို မေ့နေခဲ့ကြတယ်။ ကိုယ့်အတွက် ကိုယ်အလိုအပ်ဆုံးဆိုတာကို မေ့နေခဲ့ကြတယ်။

တကယ်တော့ ကျွန်တော်တို့အတွက် အလိုအပ်ဆုံးက ကျွန်တော်တို့ပါပဲ။

ကိုယ့်ရဲ့ကျရှုံးမှုအတွက် ကိုယ်ကိုယ်တိုင် ရုန်းထ မရှင်သန်နိုင်ရင် ဘဝတိုက်ပွဲမှာ အပြီးရှုံးနိမ့်သွားပြီပဲ မဟုတ်လား။ ဘဝတစ်ခုလုံး ကျွန်တော်တို့ ကျရှုံးသွားမှာပဲ။

ဘယ်သူတွေ ဘယ်လောက်ပဲ တွဲကူဖေးမနေပါစေ၊ ကျွန်တော်တို့ ထလိုစိတ်မရှိတဲ့အခါ မတ်တပ်ရပ်နိုင်ပါမတဲ့လား။

မိဘက ဘယ်လောက်ပဲ ပညာရှင်ဖြစ်အောင် ကျောင်းပေါင်းစုံထားပေးနိုင်ပါစေ၊ ကြိုးစားဖြစ်တည်လိုစိတ် ကိုယ့်မှာသာ မရှိတဲ့အခါ နယ်ပယ်တစ်ခုရဲ့ ပညာရှင် ဖြစ်လာပါ့မတဲ့လား။ အဲ့ဒီအတွက် ကိုယ့်အတွက် ကိုယ်ရှိနေရပါမယ်။ ကိုယ့်ရှင်သန်မှုအတွက် ကိုယ်ရုန်းကန်နေရပါမယ်။

ဘယ်သူတွေ ဘယ်လောက်ပဲ တွန်းချပါစေ၊ ငါ့အတွက်ငါရှိတယ် ဆိုတဲ့စိတ်နဲ့ အမြင့်ဆုံးရောက်အောင် တက်ရပါမယ်။

ဘယ်သူတွေ ဘယ်လောက်ပဲ စိတ်ဓာတ်ကျအောင် လုပ်နေပါစေ၊ ငါ့အတွက်ငါ့ရှိတယ် ဆိုတဲ့စိတ်နဲ့ တွန်းကန်ရှင်သန်ရပါမယ်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြိုလဲသွားပါစေ၊ ငါ့အတွက်ငါရှိတယ် ဆိုတဲ့စိတ်နဲ့ ရုန်းထရှင်သန်ရပါမယ်။

ကျွန်တော်တို့စိတ်ထဲ အမြဲမှတ်ထားရမှာက “ငါ့အတွက် ငါရှိတယ်” ဆိုတာပါပဲ။

ဆရာလင်းရောင်စင် ၏ “ငါ့အတွက်ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts