ခရမ်းချဉ်သီး

ခရမ်းချဉ်သီး ၏ ဆေးဖက်ဝင်အာနိသင်

ခရမ်းချဉ်သီး ဟာ ကမ္ဘာပေါ်မှာ နိုင်ငံတိုင်းလိုလိုအတွက် အရေးအပါဆုံး ဟင်းသီးဟင်းရွက်တစ်မည် ဖြစ်ပါတယ်။ သက်တမ်း သိပ်မရှည်လှတဲ့ အပင်ငယ်တစ်မျိုးဆိုပေမယ့် တစ်နှစ်ခံပင် အမျိုးအစားပါ။ အပင်အရွက်က ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး အမွှေးမျှင်ဖုံးနေတဲ့ ရိုးတံက ရစ်ပတ်နွယ်တက်ကာ ပေါက်ရောက်လာလေ့ ရှိပါတယ်။ အရည်ရွှမ်းပြီး တချို့က လုံးဝိုင်းပြောင်ချောနေပါတယ်။ တချို့ကတော့ အရေးအကြောင်း အမြှောင်းအစင်းအရာတွေနဲ့ တွေ့ရတတ်ပါတယ်။ အနီရောင်၊ ပန်းရောင်၊ အဝါရောင် စတဲ့ အရောင်အမျိုးမျိုး ရှိပြီး အစေ့လေးတွေက ခပ်ပြားပြားနဲ့ သေးငယ်ပါတယ်။

ခရမ်းချဉ်သီး ရဲ့ မူလအရွယ်အစားက သေးငယ်ပါတယ်။ ဒါပေမယ့် ရေမြေနေရာဒေသကို လိုက်ပြီး အလွန်သေးငယ်တဲ့ အရွယ်ကနေ အသားထူ အစေ့များတဲ့ လက်သီးဆုပ်အရွယ်မက ခရမ်းချဉ်သီးကြီးတွေကိုလည်း တွေ့ရတတ်ပါတယ်။ သိပ္ပံနည်းကျ စိုက်ပျိုးရေးအရ စိုက်ပျိုးကြပြီး ဓာတ်မြေသြဇာအာဟာရဓာတ် ဖြည့်တင်းပြုပြင်မှုတွေ တိုးတက်လာတာကြောင့် သည်ကနေ့ခေတ်မှာတော့ ခရမ်းချဉ်သီးအမျိုးအစားပေါင်း ရာနဲ့ချီပြီး ကွဲပြားခြားနားစွာ ရှိနေပါတယ်။ မည်သို့ဆိုစေ ခရမ်းချဉ်သီးရဲ့ သဘာဝက အသားထူ အရည်ရွှမ်း အစေ့များပြီး အသားနူးညံ့လှတဲ့ ဟင်းအသီးတစ်မည်ပါ။

စတင်တွေ့ရှိရာဒေသ (Origin and Distribution)

ခရမ်းချဉ်သီး ကို တောင်အမေရိကနိုင်ငံ ပီရူးမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၁၆ ရာစု အစောပိုင်းရောက်မှ အမေရိကန်ကနေ ဥရောပနိုင်ငံများသို့ စတင် ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမယ့် ခရမ်းချဉ်သီးပင်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက အလှဆင်အပင်အဖြစ် ပန်းခြံတွေမှာ ရှိနေခဲ့ပြီး “Love apple” လို့ အမည်တွင်ခဲ့တာပါ။ နီနီရဲရဲနဲ့ အလွန်ကို လှပတဲ့အသီးတွေပါ။ ၁၈၆၀ ခုနှစ် ရောက်မှသာ ခရမ်းချဉ်သီးဟာ အလွန်ကောင်းတဲ့ စားဖွယ်သီးနှံတစ်မျိုးအဖြစ် ရှာဖွေတွေ့ရှိပြီး အသိအမှတ်ပြုခဲ့ကြတာ။ အဲသည့်နောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံး ပျံ့နှံ့ကျော်ကြားလာခဲ့ပါတယ်။ ယခုအခါမှာတော့ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အာဖရိက အရှေ့အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသ၊ အမေရိကန်နိုင်ငံနှင့် ကယ်ရေဘီယမ် အပူပိုင်းဒေသတစ်လျှောက်မှာ စိုက်ပျိုးကြတာ တွေ့ရှိရပါတယ်။ ခရမ်းချဉ်သီးဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဟင်းသီးဟင်းရွက်ထွက်ကုန်ဖြစ်ပြီး အာလူးကတော့ အများဆုံး ထွက်ကုန်နေရာကို ယူထားတဲ့ ဟင်းသီးဟင်းရွက်တစ်မည် ဖြစ်ပါတယ်။

အာဟာရတန်ဖိုး (Food Value)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ လောက်ကို ပြန်ကြည့်မယ်ဆိုလျှင်တော့ ခရမ်းချဉ်သီး ကို အဆိပ်အတောက်ဖြစ်စေတဲ့ အသီးလို့ ယူဆခဲ့ကြတာပါ။ ခန္ဓာကိုယ်ကြွက်သားနှင့် သွေးထဲမှာ အက်ဆစ်တိုးပွားစေနိုင်စွမ်း ရှိတဲ့ အက်ဆစ်ဖြစ်စေတဲ့ အစားအစာအမျိုးအစားအဖြစ် သတ်မှတ်ထားခဲ့ကြတာပါ။ သည်လို ယုံကြည်ထားကြတဲ့အတွက် ဂေါက်ရောဂါရှိသူ၊ ကြွက်သားနှင့် အဆစ်အမြစ်နာကျင်သူ၊ အဆစ်ရောင်ရောဂါရှိသူနှင့် ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ် လွန်ကဲစွာ ရှိတဲ့သူတွေကို ခရမ်းချဉ်သီး လုံးဝ မစားဖို့ တားမြစ်ခဲ့ကြပါတယ်။ ခရမ်းချဉ်သီးကို ကင်ဆာရောဂါဆိုင်ရာ ပြဿနာများအတွက်လည်း သံသယရှိခဲ့ကြပါတယ်။ ခရမ်းချဉ်သီးကို အရောင်အနံ့လေး လှပြီး အာဟာရတန်ဖိုးတော့ ဘာမှမရှိတဲ့ အသီးလို့ ထင်ခဲ့ကြတာ။ ဒါပေမယ့် နောက်ဆုံးလေ့လာချက်တစ်ခုအရ အာဟာရသိပ္ပံဆိုင်ရာ သုတေသနပြုရာက အာဟာရတန်ဖိုး ရှိပြီး ကျန်းမာစေတဲ့ အရည်အချင်းတွေရှိတဲ့ အသီးဆိုတာ လက်ခံလာကြပါတယ်။ ကယ်စီယမ်၊ ဖော့စရပ်၊ ဗီတာမင်စီနဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝပါတယ်။

ခရမ်းချဉ်သီးမှာ ပါတဲ့ အာဟာရဓာတ်ကို ခွဲကြည့်တဲ့အခါ စားလို့ရတဲ့ အပိုင်း ၁၀၀ ဂရမ်မှာ ရေဓာတ် ၉၄.၀%၊ ပရိုတင်း ဝ.၉%၊ အဆီ ဝ.၂%၊ သတ္တုဓာတ် ဝ.၅%၊ အမျှင်ဓာတ် ဝ.၈% နဲ့ ကာဗိုဟိုက်ဒရိတ် ၃.၄% ပါဝင်ပါတယ်။ သတ္တုဓာတ်နှင့် ဗီတာမင်များကို လေ့လာတဲ့အခါ ကယ်လ်စီယမ် ၄၈ မီလီဂရမ်၊ ဖော့စဖရပ် ၂၀ မီလီဂရမ်၊ သံဓာတ် ဝ.၄ မီလီဂရမ်၊ ဗီတာမင်စီ ၂၇ မီလီဂရမ်နဲ့ ဗီတာမင်ဘီအုပ်စု အနည်းငယ်ပါဝင်ပြီး ကယ်လိုရီတန်ဖိုး ၂၀ ရှိပါတယ်။

သဘာဝအကျိုးကျေးဇူး (Natural Benefits)

ခရမ်းချဉ်သီးဟာ ဆေးကျမ်းအရ အချို့သော ရောဂါပိုးတွေကို ဟန့်တားရာမှာ အစွမ်းအထက်ဆုံး အသီးတစ်မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါတွေကို တစ်စစီဖယ်ရှားပြီး ခန္ဓာကိုယ်ထဲမှာ သဘာဝစွမ်းအင်တွေ ပွင့်ထွက်လာအောင် စွမ်းဆောင်နိုင်တဲ့ အသီးဖြစ်ပါတယ်။ အနာရောဂါတွေကြောင့် ဖြစ်ပေါ်နေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပြီး ကျောက်ကပ်ကို သူ့ရဲ့ လုပ်ငန်းဆောင်တာများ ကောင်းစွာ လည်ပတ်နိုင်အောင် အားပေးကူညီပါတယ်။ ခရမ်းချဉ်သီးဟာ ကောင်းကောင်းမှည့်နေတဲ့အချိန်မှာ အာဟာရ အပြည့်ဆုံးနဲ့ စွမ်းအား အပြည့်ဆုံးပါ။ ဗီတာမင်စီ ပါဝင်မှုအများဆုံး အဆင့်ဖြစ်ပါတယ်။

ယခုအခါမှာ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးလာကြပါတယ်။ ခရမ်းချဉ်သီးစိမ်း လတ်လတ်ဆတ်ဆတ်ကို ဖျော်ရည်ပြုလုပ်ပြီး သောက်လျှင် အစာကြေညက်စေပါတယ်။ အလှကုန်ပစ္စည်းအနေနဲ့ အသားအရေ လှပစေဖို့ကိုလည်း အရေပြားပေါ်မှာ လိမ်းကျံခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ မျက်နှာပေါ်မှာ လိမ်း၍ တစ်နာရီအကြာမှာ ရေခပ်နွေးနွေးနဲ့ သစ်ပေးပါ။ နေ့စဉ် မှန်မှန်လုပ်ပေးနိုင်လျှင် ဝက်ခြံတွေကင်းပြီး အသားအရေကို အချိန်တိုတိုနဲ့ ထိရောက်စွာ လှပသွားစေနိုင်စွမ်း ရှိပါတယ်။

ရောဂါကုသနိုင်စွမ်းများ ( Currative Properties )
ဆီးချိုရောဂါ (Diabetes
)

ခရမ်းချဉ်သီးမှာ ကာဗိုဟိုက်ဒရိတ် အနည်းငယ်သာ ပါဝင်နေတဲ့အတွက် ဆီးချိုရောဂါ ဝေဒနာရှင်များနှင့် ကိုယ်အလေးချိန် လျှော့နေတဲ့သူများအတွက် အလွန်ကောင်းတဲ့ အစားအစာဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်များကို ဆီးထဲမှာ သကြားဓာတ်ပါဝင်မှုနည်းအောင် ထိရောက်စွာ ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

မျက်စိရောဂါများ (Eye Disorders)

ခရမ်းချဉ်သီးမှာ ဗီတာမင်အေဓာတ်လည်း များစွာ ပါဝင်နေသောကြောင့် ဗီတာမင်ချို့တဲ့ပြီး ဖြစ်ပေါ်နေတဲ့ အမှောင်ထုတွင် မမြင်ရခြင်း၊ မျက်စိအမြင်ဝေဝါးခြင်း စတဲ့ မျက်စိနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီး၏ အရွက်တွေကတောင်မှ မျက်စိအာရုံကြော အားနည်းခြင်းကို ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။ ခရမ်းချဉ်သီး အပင်အရွက် လက်တစ်ဆုပ်စာကို ရေနွေးထဲမှာ ၁၅ မိနစ်ခန့် စိမ်ပြီး အဖုံးနဲ့ အုပ်ထားပေးပါ။ ပြီးလျှင် နေ့စဉ် အစာမစားမီ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ၃ ကြိမ် သောက်ပေးလျှင် မျက်စိအာရုံကြောအတွက် အကောင်းဆုံး အားဆေး ဖြစ်စေပါတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာ (Urinary Disorder)

ခရမ်းချဉ်သီးကို နံနက်အိပ်ယာထ ခပ်စောစောမှာ စားပေးခြင်းဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း အပါအဝင် ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဗီတာမင်အေ နှင့် ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆီးလမ်းကြောင်းနှင့် ဆီးပြွန်မှာ ရောဂါပိုးဝင်ခြင်းကို ခရမ်းချဉ်သီးစားပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ အကယ်၍ ဆီးထဲမှာ အက်ဆစ်ပါဝင်မှု ၅.၅ သို့မဟုတ် ထို့ထက် ပိုနည်းလျှင်တော့ ခရမ်းချဉ်သီးကို လျှော့စားပါ။ ရှောင်ပါ။

အစာအိမ်နှင့် အသည်း

လတ်ဆတ်သန့်ရှင်းတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ် ထည့်ပြီး နံနက်အိပ်ယာထမှာ သောက်ပေးပါ။ နံနက်အိပ်ယာထ ကိုယ်လက်မအီမသာ ရှိခြင်း၊ သည်းခြေမကောင်းခြင်း၊ အစာမကြေလေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ အသည်းရောင်အသားဝါ ရောဂါ၊ အစာအိမ်ရောဂါ ဖြစ်ခြင်းများကိုလည်း သက်သာစေပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ (Respiratory Disorders)

ညစဉ် အိပ်ယာမဝင်ခင်မှာ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးနှင့် ပျားရည်ဖျော်ရည်တစ်ဖန်ခွက်ကို ဖာလာစေ့မှုန့်အနည်းငယ်နှင့် ရောသောက်ပြီး ကြက်သွန်ဖြူ ၃ မွှာကို မှန်မှန်စားပေးလျှင် တီဘီရောဂါအပြင် အခြား အဆုတ်နှင့် အသက်ရှူအင်္ဂါအစိတ်အပိုင်းဆိုင်ရာ ရောဂါများကို ပျောက်ကင်းသက်သာစေဖို့ များစွာ အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ် ခုခံစွမ်းအားများကို တိုးတက်၍ အဆုတ်ကို အားပြည့်ဖြိုးစေပြီး ပန်းနာရင်ကြပ် ချွဲသလိပ်ထရောဂါများကိုလည်း သက်သာစေပါတယ်။

အက်ဆစ်များခြင်း (Acidosis)

ခရမ်းချဉ်သီးဟာ အယ်ကာလိုင်း သီးနှံတစ်မျိုးပါ။ ခရမ်းချဉ်သီးရဲ့ အချဉ်ဓာတ်အရသာအရတော့ ဖောလစ်အက်ဆစ် ဝ.၅% ခန့် ပါရှိပါတယ်။ ဆစ်ထရစ်အက်ဆစ်နှင့် အောက်ဇယ်လစ်အက်ဆစ်လည်း ဝ.၅၂% ကနေ ၁.၈၁% အတွင်း ပါဝင်ပါသေးတယ်။ ခရမ်းချဉ်သီးထဲမှာ ပါဝင်နေတဲ့ အဲသည် ဆက်ဆစ်ဓာတ်တွေဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ပေါင်းစပ်လျက် ဒါမှမဟုတ် ဆိုဒီယမ် သို့မဟုတ် ပိုတက်ဆီယမ်အက်ဆစ်၊ မောလိတ်၊ ဆစ်ထရိတ် သို့မဟုတ် အောက်ဆဲလိတ်အဖြစ် တွေ့ရပါတယ်။ အဆိုပါ အက်ဆစ်တွေက ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ပိုတက်ဆီယမ်ကာဘွန်နိတ်နှင့် ဆိုဒီယမ်ဓာတ်များ ထုတ်လုပ်ပေးပါတယ်။ သည့်နောက်ပိုင်းမှာတော့ အယ်လ်ကာလိုင်းများကို တုံ့ပြန်မှု ဖြစ်စေပါတယ်။

ခရမ်းချဉ်သီးစားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် ဓာတ်ပြုမှု ဖြစ်စေပြီး အယ်လ်ကာလိုင်းများကို ဖြစ်လာစေပါတယ်။ သွေးထဲမှာ အယ်လ်ကာလိုင်း တိုးပွားလာတာနှင့်အမျှ ဆီးထဲမှာ အက်ဆစ်လျော့နည်းစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဖော့စဖိတ်၊ ယူရီးယားနှင့် အမိုးနီးယား စတဲ့ အက်ဆစ်ဓာတ်ပေါင်းများကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် အက်ဆစ်လွန်ကဲသူများအတွက် ခရမ်းချဉ်သီး စားခြင်းဖြင့် များစွာ အကျိုးဖြစ်ထွန်းစေပါတယ်။

အဝလွန်ခြင်း (Obesity)

ခရမ်းချဉ်သီးက အဝလွန်သူများအတွက် များစွာ အကျိုးပြုနိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးမှည့်တစ်လုံး သို့မဟုတ် နှစ်လုံးကို နံနက်တိုင်း နံနက်စောစောစာ မစားဘဲ နှစ်လလောက် စားပေးပါ။ ခန္ဓာကိုယ်အလေးချိန်ကို အန္တရာယ်ကင်းစွာ လျော့သွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ နုပျိုကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်တာကြောင့် အဝလွန်သူများအတွက် အားထားရမယ့် အစားအစာတစ်မယ် ဖြစ်ပါတယ်။

အဆစ်အမြစ်ကိုက်ခဲခြင်း (Paintful Joint)

ခရမ်းချဉ်သီးပင် ပဉ္စငါးပါးကို သတ္တုရည်ပြုပြီး နှမ်းဆီဖြင့် ဆတူရောစပ်၍ မီးအပူပေးပါ။ အရည်များ အငွေ့ပျံပြီး အဆီချည်း ကျန်သည်အထိ အပူပေးပြီး ရရှိတဲ့ အဆီကို ပုလင်းတစ်လုံးနှင့် ထည့်ထားပြီး နာကျင်နေတဲ့ အဆစ်နေရာကို လိမ်းပေးလျှင် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts