ဆလပ်ရွက်

ဆလပ်ရွက် ဆေးဖက်ဝင်အစွမ်း

ဆလပ်ရွက် ဟာ အသုပ်သုပ်စားမယ်ဆိုလျှင် အကောင်းဆုံးအရွက်အဖြစ် တစ်ညီတည်း ထောက်ခံကြတဲ့ အရွက်ပါ။ ဟင်းသီးဟင်းရွက်ထဲမှာ အစိမ်းတို့စားမယ်၊ လက်သုပ်သုပ်စားမယ်ဆိုလျှင် ဆလပ်ရွက် မပါလျှင် မပြီးသလောက် အရာရောက် လူကြိုက်များတဲ့ ဟင်းရွက်အမျိုးအစားပါပဲ။ လုံးဝိုင်းတဲ့ သဏ္ဍာန်ရှိပြီး အရွယ်အစားအားဖြင့် ၂၅ စင်တီမီတာခန့် ရှည်ပြီး ၁၅ စင်တီမီတာခန့် ကျယ်ပါသည်။ အရွက်ရော အရိုးမှာပါ အရည်ရွှမ်းပြီး အရသာရှိပါတယ်။ ဆလတ်အမျိုးအစားပေါင်း များစွာရှိပါတယ်။ အရောင်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးပါပဲ။ အရောင်က အစိမ်းဖျော့ဖျော့ကနေ အစိမ်းရင့်၊ ခရမ်းစိမ်း၊ အနီစိမ်း စသည်ဖြင့် တွေ့ရပါတယ်။ စားသုံးမှုများတဲ့ ဆလပ်၂မျိုးတွေ့နိူင်တယ်။ တစ်မျိုးက စားပွဲမှာ လှပအောင် ပြင်ဆင်ဖြန့်ချထားတဲ့ အရွက်ပြန့်ကားတဲ့ အမျိုးအစားဖြစ်ပြီး နောက်တစ်မျိုးကတော့ ဂေါ်ဖီထုပ်လို အရွက်အထပ်လိုက်ဖြစ်နေတဲ့ ဆလပ်ပါ။


စတင်တွေ့ရှိရာဒေသ
ဆလပ်ရွက် ကို အရှေ့အလယ်ပိုင်းဒေသမှာ စပြီး တွေ့ခဲ့ရပါတယ်။ ဆလပ်ရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခဲ့ကြောင်း ပထမဦးဆုံး မှတ်တမ်းကို ဘီစီ ၄၅၀၀ ခန့်က အရှေ့အီဂျစ် သင်္ချိုင်း တွေ့ခဲ့ရတာပါ။ ပါရှန်းဘုရင်မျိုးနွယ်တွေကတော့ ဘီစီ ၅၅၀ လောက်ကတည်းက စားသုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆလပ်ရွက်ကို စားသုံးပင်အဖြစ် စတင်စိုက်ပျိုးခဲ့သူတွေကတော့ ဂရိနဲ့ ရောမလူမျိုးတွေပါ။ အေဒီ ၇ ရာစုမှာတော့ တရုတ်ပြည်ကို ရောက်လာပါတယ်။ အင်္ဂလန်မှာတော့ ၁၅၂၀ ခုနစ်မှာ စတင်ပြီး စိုက်ပျိုးခဲ့ကြပါတယ်။ ယခုအခါမှာတော့ ဆလပ်ကို အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကာရေဗီယံ၊ အမေရိကန်နိူင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း၊ အာဖရိကအရှေ့အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စိုက်ပျိုးကြပါတယ်။


အာဟာရတန်ဖိုးနှင့် အမျိုးအမည်
ဆလပ်ရွက် ကို ရုက္ခဗေဒအမည်အရ Lactuca Sativa လို့ ခေါ်ပါတယ်။ ဆလပ်ရွက်မှာ ဗီတာမင်စီများစွာ ပါဝင်ပြီး အာဟာရဓာတ်အနေနဲ့ ဗီတာမင်တွေ အများကြီးပါဝင်တယ်လို့ မဆိုနိူင်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအတွက်တော့ အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးလို့ ဆိုနိူင်ပါတယ်။ သတ္တုဓာတ်ဆားများစွာပါဝင်ပြီး အယ်လ်ကာလိုင်းလည်း ပါဝင်ပါတယ်။ သွေးကြောအတွင်း သန့်ရှင်းစေခြင်း၊ ဉာဏ်ရည်တိုးတက်စေခြင်းနှင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
ဆလပ်ရွက်ကို အစိမ်းလိုက် လတ်လတ်ဆတ်ဆတ် စားသုံးလေ့ရှိကြပါတယ်။ အရောင်စိမ်းလေ ဗီတာမင်ဓာတ်တွေ ပိုပြီးပေါလေ ဖြစ်ပါတယ်။ အဆီနည်းပြီး ရေဓာတ်များစွာ ပါဝင်တဲ့အတွက် ဘယ်လောက်စားစား အန္တရာယ်ဖြစ်စရာအကြောင်း မရှိနိူင်တဲ့ ဟင်းရွက်လို့ ဆိုကြပါတယ်။


သဘာဝ အကျိုးကျေးဇူး
ဆလပ်ရွက်မှ သဘာဝ ဆေးဖက်ဝင်စွမ်းအင်များစွာ ရှိပါတယ်။ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်များ ပါဝင်တာကြောင့် အလွန်အဖိုးတန်တဲ့ အရွက်ပါ။ ဦးနှောက် အာရုံကြောနှင့် အဆုတ်အတွက် အလွန်ကောင်းတဲ့ အစားအစာပါ။ ဆလပ်ရွက်သတ္တုရည်ဟာ အေးမြပြီး လန်းဆန်းသွားစေနိူင်စွမ်း ရှိပါတယ်။ မဂ္ဂနီဆီယမ်များစွာ ပါဝင်တဲ့အတွက် ကြွက်သားမျှင်များ၊ အာရုံကြောနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။


ဝမ်းချုပ်ခြင်း
ဆလပ်ရွက်မှာ ဆယ်လူလို့စ်များစွာ ပါဝင်ပြီး အူလမ်းကြောင်းအတွင်းရှိ အစားအစာတွေကို လှိုင်းကဲ့သို့ ရွေ့လျားလွယ်စေဖို့ အားပေးကူညီပါတယ်။ နာတာရှည် ဝမ်းချုပ်နေသူများအတွက် အလွန် အကျိုးပြုပါတယ်။ ဝမ်းအလွန်ချုပ်သူကို ရှောရှောရှုရှုဖြစ်အောင် ပြုပြင်နိူင်စွမ်းရှိပါတယ်။


ဆီးချိုရောဂါ
ဆလပ်ရွက်ဟာ ဟင်းသီးဟင်းရွက်အမျိုးအစားထဲမှာ ပါဝင်ပြီး ကာဘိုဟိုက်ဒြိတ် ၃% သို့မဟုတ် သည့်ထက်လျော့ပြီး ပါဝင်ပါတယ်။ ဆီးချိုရောဂါအတွက် နှစ်သက်သလို စားသုံးနိူင်ပါတယ်။


သွေးအားနည်းရောဂါ
ဆလတ်ရွက်မှာ သံဓာတ်လည်း များစွာပါဝင်ပြီး ဟေမိုဂလိုဗင်ပါ ဟင်းရွက်အမျိုးအစားဖြစ်ပါတယ်။ ဒါ့ကြောင့် သွေးအားနည်းရောဂါရှိသူတွေအတွက် အားဆေးသဖွယ် စားသုံးနိူင်ပါတယ်။ ဆလပ်ရွက်မှာ ပါဝင်တဲ့ သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူပြီး အင်အော်ဂဲနစ်သံဓာတ်အားဆေးတွေထက်ပိုပြီး ထိရောက်စွာ သွေးအားတိုးစေနိူင်စွမ်း ရှိပါတယ်။


ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်
Pregnancy and Lactation

ဆလပ်ရွက်အစိမ်းဟာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးအားနည်းခြင်းကို ကောင်းစွာ ကာကွယ်နိူင်တဲ့ Folic Acid များစွာ ပါဝင်လို့ပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆလတ်ရွက်စိမ်းများများစားသူဟာ သွေးအားနည်းမှာ မပူရတဲ့အပြင် အာဟာရပြည့်ဝပြီး သွေးအားကောင်းစေပါတယ်။ သွေးသွန်ခြင်း၊ သားလျှောမဖြစ်စေရန် ကာကွယ်ပေးနိူင်စွမ်းရှိတဲ့အတွက် ကိုယ်ဝန်ဆောင်များ ဆလပ်ရွက်များများ စားပေးသင့်ပါတယ်။ ဆလပ်ရွက်ကို ဟင်းနုနွယ်၊ ပဲသီး၊ ကညွတ်၊ ပန်းဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်များနှင့် အတူ တွဲဖက်စားပေးလျှင် ဖော်လစ်အက်ဆစ် သို့မဟုတ် ဘီတာမင်ဘီများစွာ ရရှိနိူင်ပါတယ်။ ဆလပ်ရွက်ကို ပရိုဂျက်စထရုန်းထုတ်ပေးနိူင်စွမ်းကို များစွာ အားပေးနိူင်တဲ့ ဆေးဖက်ဝင်အရွက်လို့ ယုံကြည်ကြပါတယ်။


အိပ်မပျော်ခြင်း
Insomnia

အိပ်မပျော်သူအတွက် ဆလပ်ရွက်စားသုံးပေးခြင်းဖြင့် ကောင်းစွာ အိပ်ပျော်စေပါတယ်။ ဆလပ်ရွက်ကို အရည်ပြုလုပ်ပြီး နှင်းဆီရည်၊ အစက်အနည်းငယ်ရောပြီး သောက်ပါ။ နားထင်နဲ့ နဖူးမှာလည်း တို့လိမ်းပေးပါ။ ခေါင်းကိုက်ခြင်း၊ မူးခြင်းကို သက်သာစေပြီး ကောင်းစွာ အိပ်ပျော်စေပါတယ်။ အလုပ်ပင်ပန်းပြီး အာရုံများ၍ အိပ်မရလျှင်တော့ ဆလပ်ရွက် အပင်အစေ့များကို ပေါင်းခံပြီး သောက်ပေးစေလိုပါတယ်။ စိတ်ကိုကြည်လင်ပြီး ဖိစီးမှုများကို သက်သာရာရစေနိူင်စွမ်း ရှိပါတယ်။


နုပျိုစေနိူင်စွမ်း
Beauty Aid

ဆလပ်ရွက်မှာ ရေဓာတ်များစွာပါခြင်းက စားလျှင် စားသလောက် အသားအရေကို စိုပြေစေပါတယ်။ ဆလတ်ရွက်မှာ သွေးအားကောင်းစေနိူင်ခြင်း၊ ဓမ္မတာမှန်စေခြင်း၊ ကောင်းစွာအိပ်ပျော်စေခြင်း၊ ရုပ်ရည်ကို ရွှင်လန်းကြည်လင်စေခြင်း တို့ကြောင့် အခြားသူများနှင့် မတူဘဲ တမူထူးခြားတဲ့ သွင်ပြင်ကို ထင်ရှားသွားလောက်အောင် ထူးခြားလှပါတယ်။
ဆလပ်ရွက်ကို များများစားတဲ့အခါ အခြားအသီးအရွက်များထက် အသားအရေကို ပိုပြီး စောင့်ရှောက်မှုပေးနိူင်ပါတယ်။ အပေါ်ယံ အရေပြားအတွင်းမှာ အညစ်အကြေး ကင်းစေသလို အစာအိမ် အူလမ်းကြောင်းကိုလည်း ဝမ်းမှန်စေပြီး အစာဟောင်းကို မှန်မှန်စွန့်ပစ်စေနိူင်တဲ့အတွက် ကျန်းမာခြင်းနှင့် ပြည့်စုံတဲ့ အသားအရေကို ဖြစ်စေနိူင်စွမ်းလည်း ရှိပါတယ်။ သည့်အပြင် ခန္ဓာကိုယ်တွင်း အဆီဓာတ်ကင်းပြီး အသားအရေကို ကျစ်လျစ်တင်းရင်းစေနိူင်တဲ့အတွက် အဝလွန်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဆလပ်ရွက်ရဲ့ ထူးခြားတဲ့ အာနိသင်တစ်မျိုးကတော့ ဉာဏ်ရည်ထက်မြက်စေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်းတို့ကြောင့် အိုမင်းလက္ခဏာတစ်ရပ်ဖြစ်တဲ့ သတိမေ့လျော့တတ်တာကိုလည်း လျော့နည်းစေနိူင်စွမ်း ရှိပါတယ်။ အိုမင်းတဲ့ လက္ခဏာတွေကို ဘက်စုံထိန်းသိမ်းနိူင်စွမ်းရှိတဲ့အတွက် နုပျိုသက်ရှည်ဖို့ရာ ဆလပ်ရွက်ဟာ များများစားသင့်တဲ့ အရွက် ဖြစ်ပါတယ်။


အသုံးပြုပုံ
သာမန်အားဖြင့် ရေစင်စင်ဆေးကြောပြီး အစိမ်းလိုက် တို့စား သုပ်စား လို့ ရပါတယ်။ ဆလပ်ရွက်ကို စားသုံးလိုလျှင် အရွက်တစ်ရွက်ခြင်း စိတ်ရှည်စွာ ဆေးပေးဖို့ပါပဲ။ ဆလပ်ရွက်ကို အစိမ်းစားကြသူများပါတယ်။ ဒါပေမဲ့ ဆလပ်ရွက်ကို ချက်စားပြုတ်စား ကြိုက်သလိုစားနိူင်ပြီး အကန့်အသတ်မဲ့စားလည်း အန္တရာယ် မရှိတဲ့အပြင် ရောဂါကုသနိူင်စွမ်းနှင့် ကျန်းမာစေနိူင်စွမ်း အပြည့်အဝ ရှိပါတယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts