ကြောက်နေရင် မအောင်မြင်ပါ

ကြောက်နေရင် မအောင်မြင်ပါ

မိုးကြိုးပစ်တာ ကြားရရင် လူတွေကကြောက်ကြတယ်။ စိတ်ထဲကနေ အလိုလို ကြောက်နေတတ်တာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ မိုးကြိုးဟာ သေစေနိုင်တဲ့ လက်နက်ဖြစ်တာက တစ်ကြောင်း၊ ကြောက်မက်ဖွယ် ကျယ်လောင်သော အသံကြောင့်လည်းကောင်း၊ နောက်တစ်ကြောင်းကတော့ မိုးကြိုးနဲ့ပတ်သက်လို့ တိတိပပ လေ့လာမထားတာတို့ကြောင့် ဖြစ်ပါတယ်။

အောင်မြင်တယ်၊ ကြီးပွားတယ်၊ ကျော်ကြားတယ်၊ ချမ်းသာတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါ။ ကိုယ်တိုင်လည်းအောင်မြင်ကြီးပွားချမ်းသာအောင် လုပ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ တစ်ခုရှိတာက မိုးကြိုးပစ်တဲ့ အသံလောက်ကိုပဲ ကြောက်ရွံ့ပြီး‌ ခေါင်းငုံ့နေမယ်၊ ပုန်းလျှိုနေမယ်ဆိုရင်တော့ ကိုယ်ဟာ ပါးစပ်ကပဲ အောင်မြင်မှုကို တမ်းတသူဖြစ်နေမှာပါ။ ပါးစပ်က ဘယ်လောက်ပဲ တမ်းတတမ်းတ လက်တွေ့မှာလုပ်ဆောင်မှုမရှိတဲ့ လူဟာ ဘယ်တော့မှ မအောင်မြင်နိုင်ပါ။ 

မိုးကြိုးပစ်တဲ့အသံဟာ သစ်ရွက်ကလေးတွေ လေတိုးတဲ့အသံမျိုး မဟုတ်ပါ။ ချစ်သူ့ဆီက စကားသံချိုချိုလေးတွေ မဟုတ်ပါ။ တေးသံလွင်လွင်ကလေး မဟုတ်ပါ။ ထိတ်လန့် ကြောက်မက်ဖွယ် အသံဆိုးကြီးသာ ဖြစ်ပါတယ်။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင်တော့ နားဝင်မချိုပါ။ ကောင်းပြီ၊ နိစ္စဓူဝ ကျင်လည်နေရတဲ့အခါ မိုးကြိုးပစ်တဲ့အသံ၊ စကားမျိုးကြားရရင် ကြောက်ကြမယ်၊ ခေါင်းငုံ့ကြမယ်၊ ပုန်းလျှိုးနေတတ်ကြမယ်ဆိုရင် သေချာပေါက်မအောင်မြင်နိုင်ပါ။ 

ကြောက်ရွံ့သူတစ်ယောက်အတွက် အခွင့်အရေးဆုံးရှုံးမှုက မရေမတွက်နိုင်အောင်ပါပဲ။ လူဖြစ်တဲ့အတွက် အခွင့်အရေးကတော့ ရောက်လာမှာ သေချာပါတယ်။ ဒီအခွင့်အရေးကို ကိုယ်ကမော့မှမကြည့်ဘဲ၊ နှုတ်မှ မဆက်ဘဲ၊ ကြိုမှမကြိုဆိုဘဲ၊ အခွင့်အရေးက ကိုယ့်စီကို ဘယ်လာပါတော့မလဲ။ 

မဂဒူးရဲ့ထမ်းပိုးကို မိုးကြိုးပစ်တဲ့အနေအထားမှာ မဂဒူးကထမ်းပိုးနဲ့ ဘယ်လောက် အကွာအဝေးမှာ ရှိနေသလဲ၊ မိုးကြိုးစက်ကွင်းနဲ့ လွတ်နေတယ် ဆိုတာတွေကတော အငြင်းပွားစရာတွေပါ။ ထားတော့၊ ငြင်းခုန်ခြင်း၊ ယုတ္တိဗေဒအတိုင်းအတာနဲ့ အကဲဖြတ်ခြင်းဟာ နေရာတိုင်း မှန်တာတော့မဟုတ်ဘူး။ အများသိထားကြတာကတော မဂဒူးရဲ့ထမ်းပိုးကို မိုးကြိုးပစ်တယ်၊ လျှပ်စစ်မှာ ရွှေပြသာဒ်သဏ္ဌာန် ထင်ထင်ရှားရှား မြင်လိုက်ရတယ်လို့ပဲ အမှုမဲ့ အမှတ်မဲ့ အသိနဲ့သိထားခဲ့ကြတယ်။ သေချာတာကတော့ မိုးကြိုးပစ်တဲ့အချိန်မှာ မဂဒူးရဲ့ အနေအထားဟာ ကြောက်မနေပါ။ ခေါင်းငုံ့မနေပါ၊ ပုန်းလျှိုး မနေပါ။ 

ကောင်းပြည့်သော်ရေးသားထားသော ဘုရင်ဖြစ်မယ့် လက်ညှိုးတော် မှကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

ဘဝနေနည်း

Related Posts