ကျန်းမာရေးနှင့်ညီညွတ်အောင်

ကျန်းမာရေးနှင့်ညီညွတ်အောင် ဘယ်လိုဆောင်ရွက်မလဲ (အပိုင်း – ၁)

ကျန်းမာရေးနှင့်ညီညွတ်အောင် ဘယ်လိုဆောင်ရွက်မလဲ (အပိုင်း – ၁)

ကျန်းမာရေးနှင့်ညီညွတ်အောင် အိမ်သာ၊ မိလ္လာသိမ်းနည်းကို ဤသို့ လုပ်ဆောင်သင့်သည်။

၁။     အနံ့အသက်နှင့် အမြင်ဆိုးမှု မရှိစေရေး။
၂။     ယင်ကောင်များ အဝင်အထွက် မရှိစေရ။
၃။     ပတ်ဝန်းကျင်မြေသားကိုသော်လည်းကောင်း၊ ရေကိုသော်လည်းကောင်း၊ ရောဂါပိုးများ ပြန့်နှံ့ဝင်ရောက်မှု မရှိစေရေး။

စသည့်အချက်များပေါ် မူတည်၍ ဆောင်ရွက်သင့်သည်။ ထို့အတူ မီးဖိုချောင်မှ ထွက်သော အမှိုက်များကိုလည်း စနစ်တကျ စွန့်ပစ်ရမည် ဖြစ်သည်။

မီးဖိုချောင်မှ ထွက်သည့် စားကြွင်းစားကျန်များ မီးသွေး၊ ပြာ စသည့် မီးဖိုထွက်ပစ္စည်းများ စသည်တို့ကို စနစ်တကျ စွန့်ပစ်ကြရမည်ဖြစ်သည်။ အထူးသဖြင့် ပလတ်စတစ်ပစ္စည်းများ။ ကျွတ်ကျွတ်အိတ်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်သည်။ ကျွတ်ကျွတ်အိတ်နှင့်၊ ဖော့ဘူးခွံများ၊ ပလတ်စတစ်အိတ်ခွံများကြောင့် ရေမြောင်းပိတ်ဆို့ခြင်း၊ မြေသြဇာ ပျက်စီးဆုံးရှုံးစေခြင်းတို့ ဖြစ်စေသည်။ ယခုအခါ နိုင်ငံနှင့်အဝှမ်း အသိပညာပေး၍ စည်းကမ်းတကျ စွန့်ပစ်ကြရန် လှုံ့ဆော်ထားပေသည်။ အမှိုက်သရိုက်နှင့်၊ စားကြွင်းစားကျန်များ၊ မစင်များ စသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ လုပ်ဆောင်ကြခြင်းဖြင့် ယင်ကောင်အန္တရာယ် ကင်းဝေးစေသည်။

ယင်ကောင်မှာ အစာစုံစားသော သတ္တဝါဖြစ်သည့်အလျောက် အစားအသောက်၊ အသီးအနှံ၊ အညစ်အကြေး၊ အမှိုက်ပုံ စသည်တို့အပေါ်တွင် နားလေ့ရှိသည်။ အညှီနံ့ကို ပိုမိုနှစ်သက်လေ့ရှိပြီး အပုပ်၊ မစင်၊ အနံ့ဆိုးတို့ကို စားလေ့ရှိသည်။ အစားအစာကို တွေ့လျှင် စားလိုက်၊ ပြန်အန်ချလိုက်နှင့် ပြန်စားလိုက် လုပ်လေ့ရှိသည်။

အစိုင်အခဲတို့ကို စားမည်ဆိုပါက တံတွေးများကို ဦးစွာထုတ်၍ အရည်ပျော်စေပြီးမှ စားသုံး၏။ မည်သည့်အစားအစာကို စားစား၊ ယင်ကောင်မှာ ညစ်ပတ်ပေရေနေပြီး အညစ်အကြေးများမှာ ယင်းတို့ခန္ဓာကိုယ်တစ်ခုလုံး ပေကျံနေပြီးသား ဖြစ်သည်။ ယင်းတို့သည် အတောင်မှ အညစ်အကြေးများကို နောက်ခြေထောက်ဖြင့် သပ်ချခြင်း။ အတောင်ပံခတ်ခြင်းများ ပြုလုပ်တတ်သည်။ တစ်နေ့လျှင် အကြိမ် ၅၀ မျှ အညစ်အကြေး စွန့်သေးသည်။

ထို့ကြောင့် ယင်ကောင်၏ ကိုယ်ထဲမှ လည်းကောင်း၊ တစ်နေရာမှ ရောဂါပိုးများကို အခြားတစ်နေရာသို့ ယင်ကောင်နှင့်အတူ ရောက်ရှိသွားနိုင်၏။ ယင်ကောင်တစ်ကောင်သည် မိုင်ဝက်အတွင်း သွားလာကျက်စားနိုင်သဖြင့် ယင်ပေါများရာ ရပ်ကွက်ဒေသသည် ယင်ပေါက်ပွားရန် ကောင်းမွန်သော အခြေအနေပင် ဖြစ်သည်။ အဓိက ယင်ကောင်ပေါက်ဖွားရာ နေရာကား အိမ်သာများပင်ဖြစ်သဖြင့် အိမ်သာကို လုံခြုံစွာထားရန် သတိထားကြမည် ဖြစ်သည်။ ယင်ကောင်မှတဆင့် ရစေနိုင်သော ရောဂါများမှာ ဤသို့ရှိ၏။

၁။     ဝမ်းနှင့် ပက်သက်သော ရောဂါများ၊ ကာလဝမ်းရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ သန်ကောင်ရောဂါများ။
၂။     တီဘီအဆုတ်နာရောဂါ။
၃။     ပိုလီယိုအကြောသေရောဂါ။
၄။     ဆုံဆို့နာ။
၅။     မျက်စိနာ၊ မျက်ခမ်းစပ်ရောဂါများ။
၆။     ဝဲနာ၊ အနာစိမ်း၊ ကျောက်ကြီးရောဂါ စသည်တို့ဖြစ်သည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts