ကိုယ့်အားကိုယ်ကိုးပါ

ကိုယ့်အားကိုယ်ကိုးပါ

ကိုယ့်အားကိုယ်ကိုးပါ ~~~~
ဖွံ့ဖြိုးတိုးတက်လိုသူတစ်ဦးဟာ ကိုယ့်အားကိုယ်ကိုးဖို့ လိုပါတယ်။
          မိမိကိုယ်မိမိ အားကိုးရန်သာ ဖြစ်တယ်။ မိမိကိုယ် မိမိ ကိုးကွယ်ရန် မဟုတ်ဘူး။ ဒါကို သေသေချာချာ ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ မိမိကိုယ်မိမိ ကိုးကွယ်လို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူဆိုတာက တစ်ဆင့်ပြီးတစ်ဆင့် အသိဉာဏ်မြင့်မား တိုးတက်နေလို့ ဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာဟာ အဆုံးမဟုတ်သေးဘူး ဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်ထက် သိသူတွေ၊ တတ်သူတွေ ရှေ့ရောက်နေသူတွေ များစွာ ရှိသေးတယ်ဆိုတာကို သိရပါမယ်။ ကိုယ့်ထက် ပိုသိ ပိုတတ်သူတွေဆီက သင်ယူရတယ်။ ဒါကြောင့် ဆရာဆိုတာတွေ ပေါ်လာတယ်။ မိမိကိုယ်သာ ကိုးကွယ်နေရင် ဘယ်သူ့ကိုမှ ဆရာတင်နေတော့မှာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ဘဝင်မြင့်နေရင်းနဲ့ ဒုက္ခရောက်မှာ ဖြစ်တယ်။
          ကိုယ့်အားကိုယ်ကိုးဖို့ ပြောပေမယ့် လူဆိုတာက အမှီအခို ကင်းကင်းနဲ့ မွေးလာသူတွေ မဟုတ်ပါဘူး။ လူသားတွေဟာ အဓိကအားဖြင့် မိခင်ကို အမှီသဟဲပြုရတာ ဖြစ်တယ်။ မိခင်ဝမ်းထဲမှာ (၉)လတာ နေထိုင်ခဲ့ကြတယ်။ မိခင်ဆီက အာဟာရကို ချက်ကြိုးမှ တစ်ဆင့် ရယူခဲ့ကြတယ်။ မွေးလာပြီးတာနဲ့လည်း မိခင်ရဲ့ ရင်ခွင်မှာ နို့ချိုသောက်သုံးခဲ့ကြတယ်။ အရွယ်ရောက်လာတဲ့အထိ မိခင်ကျွေးမွေးတဲ့ အစားအစာကို စားခဲ့ကြတယ်။ ဖခင်အနေနဲ့ကတော့ သားသမီးတွေကို လမ်းညွှန်ပေးတဲ့ ဆရာသမားများအနေနဲ့ ရှိနေတယ်။ ဒီတော့ လူသားတွေဟာ အနည်းဆုံး မိဘအပေါ်မှာတော့ မှီခိုရတာပါပဲ။
          သို့သော် မိဘတွေအပေါ်မှာ အမြဲတမ်းတော့ မှီခိုနေလို့ မရဘူး။ အရွယ်ရောက်လာကြပြီ ဆိုတာနဲ့ အတတ်ပညာ သင်ကြရမယ်။ ဝင်ငွေရှာကြရမယ်။ မိသားစုတွေ တည်ထောင်ကြရမယ်။ မျိုးပွားကြရမယ်။ လူသားတာဝန်တွေ ထမ်းဆောင်ကြရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြရမယ်။
          သူတစ်ပါးအပေါ်ပဲ အားကိုးနေတယ်ဆိုရင် ပျင်းရိသူတွေ ဖြစ်ကုန်တယ်။ ပျင်းရိတာနဲ့ ဘာမှ မလုပ်တတ်တော့ဘူး။ မလုပ်တတ်တာနဲ့ ဘာအလုပ်မှ မရနိုင်ဘူး။ ဘာအလုပ်မှ မရနိိုင်ရင် ဘာဝင်ငွေမှ မရှိဘူး။ ဝင်ငွေမှမရှိရင် လူမှုဒုက္ခတွေ ခံစားကြရမှာ ဖြစ်တယ်။ တန်ဖိုးမဲ့တဲ့ လူသားတွေ ဖြစ်လာပါတယ်။
          ဒါကြောင့် ဖွံ့ဖြိုးတိုးတက်လိုလျှင် ကိုယ့်အားကိုယ်ကိုးပါ ။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts