ကိုယ်လက်လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားပါ ~~~~
ဖွံ့ဖြိုးတိုးတက်လိုတဲ့ လူသားတိုင်း မဖြစ်မနေ အမြဲလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုက ကိုယ်လက်လှုပ်ရှားရန် ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိသူတွေဟာ မဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ လူသားတိုင်းလို့ ပြောတဲ့နေရာမှာလည်း ကလေးသူငယ်တွေရော၊ လူလတ်ပိုင်းရော၊ လူကြီးပိုင်းရော သူ့အသက်အရွယ်နဲ့ သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခု အမြဲရှိနေဖို့ လိုတာဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ လူညွှန့်တုံးစေတာ ဖြစ်တယ်။
          လူတွေဟာ အမြဲလှုပ်ရှားသွားလာ အလုပ်လုပ်နေပါတယ်။ ဒါကို လှုပ်ရှားနေတယ်လို့ ဆိုလို့မရပါဘူး။ အခြေခံအကျဆုံး ကိုယ်လက်လှုပ်ရှားတယ်ဆိုတာက ကိုယ်ခန္ဓာမှာရှိတဲ့ ခေါင်း၊ ခါး၊ ခြေလက် အားလုံးလှုပ်ရှားပေးဖို့ လိုပါတယ်။ လမ်းလျှောက်ရမယ်၊ ပြေးရမယ်၊ ခုန်ရမယ်၊ ပစ်ရမယ်၊ အားကစားတစ်မျိုးမျိုး ကစားခြင်းတို့ ဖြစ်ပါတယ်။
          ကိုယ်လက်လှုပ်ရှားလိုက်ခြင်းအားဖြင့် နှလုံးခုန်မှု၊ သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။ ဦးနှောက်အတွက် လိုအပ်တဲ့ အောက်စီဂျင်ကို ပိုရစေပါတယ်။ ကိုယ်ခန္ဓာမှာ ဖွဲ့စည်းပါဝင်တဲ့ ကလပ်စည်းများ၊ ကြွက်သားများသဘောကလည်း လေ့ကျင့်ပေးရင် ပိုကြီးထွားလာပါတယ်။ ပိုသန်မာလာပါတယ်။ အဆစ်အမြစ်တွေကိုလည်း လှုပ်ရှားပေးဖို့ လိုပါတယ်။ ကိုယ်ခန္ဓာအတွက် မလိုလားအပ်တဲ့ အဆီတွေကို ကျစေပါတယ်။ သွေးအတွင်း လိုအပ်တဲ့ ကောင်းတဲ့ ကိုလက်စရောကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားခြင်းကို မဖြစ်မနေ ဆောင်ရွက်ရတာ ဖြစ်တယ်။ စောစောအိပ်ပြီး စောစောထတာ ကောင်းပါတယ်။ မနက်စောစောလေဟာ အသန့်ရှင်းဆုံးဖြစ်ပြီး အောက်စီဂျင်ပါဝင်မှု အများဆုံးဖြစ်လို့ ဖြစ်တယ်။
          ကိုယ်လက်လှုပ်ရှားဖို့က ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူး။ က, တာကလည်း ကိုယ်လက်လှုပ်ရှားတာပဲ။ လမ်းလျှောက်တာလည်း ကိုယ်လက်လှုပ်ရှားတာပဲ။ တစ်ခုခု လှုပ်နေ ပြီးရော။ အားကစားနည်း အားလုံးကလည်း လူတွေ ကိုယ်လက်လှုပ်ရှား အားကစားဘက်ကို စိတ်ပါလာဖို့ ဆောင်ရွက်ပေးတဲ့ ပြိုင်ပွဲတွေသာ ဖြစ်တယ်။
          အားကစားလို့ ပြောလိုက်တာနဲ့ လူတွေဟာ ကိုယ့်ဘက်က နိုင်ချင်ကြတယ်။ ဒါကသဘာဝပါ။ နိုင်အောင်လည်း အစွမ်းကုန် ကြိုးစားကြရတယ်။ ဒါပေမယ့် အားကစားမှာ တစ်ဘက်နဲ့တစ်ဘက် ဆိုတာက ရန်သူ Enemy တွေ မဟုတ်ဘူး။ ပြိုင်ဘက် Competitor တွေသာ ဖြစ်တယ်။ ရန်သူဆိုရင် ချေမှုန်းရမယ်။ ပြိုင်ဘက်ဆိုတာက မျှမျှတတ ပြိုင်ရတယ်။ ရှုံးတာနိုင်တာက အဓိက မဟုတ်ဘူး။ ပြိုင်ဆိုင်ဖို့သာ အဓိက ဖြစ်တယ်။ ဒီတော့ အားကစားနိုင်တယ်ဆိုတာ နိုင်ငံ့ဂုဏ်တွေ ဘာတွေ မဟုတ်ဘူး။ လူတွေ ပျော်ရွှင်တဲ့ အချိန်လေးရတာသာ ဖြစ်တယ်။
          အရေးကြီးတာက လူတိုင်း ကိုယ်လက်လှုပ်ရှားဖို့ လိုတယ်။ ကျောင်းတိုင်း၊ ကျေးရွာတိုင်း၊ မြို့တိုင်းမှာ သူ့အိုးနဲ့ သူ့ဆန် တန်တဲ့ အားကစားရုံ၊ ဘောလုံးကွင်း၊ ရေကူးကန်၊ ဂေါက်ကွင်းတွေ ရှိရမယ်။ ဒါမှသာ လူတွေ လှုပ်ရှားနိုင်မယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိသူတွေဟာ လူညွှန့်တုံးတာချည်းပါပဲ။

ကိုယ်လက်လှုပ်ရှားပါ

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts