ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပါ

ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပါ (Part 2)

သူတို့က Social Anxiety ရနေကြတဲ့သူတွေ ဖြစ်တယ်။ သူတို့ ဘာလုပ်လုပ် လက်ခုတ်တီးပေးနေတဲ့ သူတွေ မရှိတော့မှာ… စိုးရိမ်နေကြတယ်…။ သူတို့ကို အသိအမှတ်ပြုမခံရမှာကို စိုးကြောက်ကြတယ်…။ သူများက အထင်ကြီးတာကို သိပ်လိုချင်ကြတယ်။

ဒါပေမဲ့ ဘဝမှာ… လူအထင်ကြီးခံရဖို့အတွက် ငွေဂုဏ် ကြေးဂုဏ်လောက်ပဲ ပြဖို့ရှိတယ်ဆိုတာ ဝမ်းနည်းစရာ၊ ရှက်စရာကောင်းတယ်။ Brainless Rich ဆိုတဲ့ စကားက အဲလိုနေရာမှာ အဓိပ္ပာယ် တော်တော်သွားတယ်…။

အဲဒီ Social Acceptance ကိုရဖို့ အသည်းအသန် ကြိုးစားကြရင်းက အဲလို အူကြောင်ကြောင်တွေ ဖြစ်လာကြတော့တာပဲ…။ မိတ်ဆွေတစ်ယောက်ဆို… သူ့ကို မနာလိုတဲ့သူတစ်ယောက် ရှိတယ်တဲ့…။ အမြဲလိုက်ကြည့်နေလို့ တမင်သက်သက်ကို ထုတ်ပြနေရတာတဲ့…။ သူ…မသုံးနိုင် မစွဲနိုင်ပါဘူးလို့ ထင်ပြီး… တခြားသူက ဝမ်းသာနေမှာ စိုးလို့တဲ့…။

ကျွန်မတော့ အဲဒီ တွေးခေါ်ပုံကြီးကို တော်တော်လန့်သွားတယ်…။ ကျွန်မသာဆို… မနာလိုနေတဲ့သူ ရှိရင်လည်း သူ့အကုသိုလ်နဲ့သူ သူ့အပူသူဟပ်ပြီး နေပါစေတော့လို့ ထားလိုက်မယ်…။ သူ့အကုသိုလ်ကို ကိုယ်ကတော့ မျှယူနေမှာ မဟုတ်ဘူး…။

ဒါကို ကိုယ်ဘက်ကချည်း ကြွားပြနေတဲ့အခါ… တကယ်မကောင်းတဲ့သူကို မမြင်ကြတော့ဘူး…။ သူ့ကိုပဲ…သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတွေက တစ်မျိုးမြင်လာကြတယ်…။

အပူကို အပူနဲ့ပြန်တိုက်ခိုက်နေတဲ့ သဘောပဲ…။ တွေးနေတာ…၊ ပြောနေတာ…၊ လုပ်နေတာ အားလုံးဟာ… အပူလောင်နေတယ်…။ ဘေးနားက လူကိုပါ အပူဟပ်တယ်…။ ကိုယ်ဘာသာကိုယ် ငွေချမ်းသာလို့ သုံးစွဲနိုင်တယ်ဆိုတာ မှန်ပေမဲ့ အပြိုင်အဆိုင် သဘောတွေပါလာတဲ့အခါ… ဆင်းရဲခြင်းတစ်မျိုးကို ဆိုက်ရောက်နေကြရပြီ… ဆိုတာကို သတိမထားမိတတ်ကြဘူး…။

ကိုယ့်ကို သူများက အထင်ကြီးစေချင်တဲ့ စိတ်တွေ…၊ အားကျစေချင်တဲ့ စိတ်တွေ…၊ ကိုယ့် ချမ်းသာမှုကို အသိအမှတ်ပြုခံချင်တဲ့ စိတ်တွေ…ကြောင့် အသည်းအသန် ကြိုးစားလာရတဲ့အခါ စိတ်ဖိစီးမှုတွေ…စိတ်ပင်ပန်းမှုတွေ ဖြစ်လာတယ်…။ အဲဒါ အကုသိုလ်ပဲ…။ ဆင်းရဲခြင်းတစ်မျိုးပဲ…။

အဲလို မောဟတွေ ဖြစ်နေတော့ ပူတာကိုလည်း ပူနေမှန်း မသိကြဘူး…။ စွတ်တင်နေကြတာ…။ မနက်ဖြန် သဘက် မသေဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ…။ ခုနေ သေကောင်ပေါင်းလဲ  ရောဂါတစ်ခု ကိုယ်ထဲမှာ တွေ့ပြီဆိုရင် ဒီလိုတွေ ချေမိုးနေနိုင်ကြဦးမှာလား… တွေးမိတယ်…။ မပြောနိုင်ဘူး…။ ရောဂါတွေ…ဆေးဖိုးတွေ… ဆေးသွားကုတဲ့နိုင်ငံတွေ ပြိုင်ချင်ပြိုင်နေကြဦးမှာပဲ…။

တကယ်တော့… ကိုယ့်မှာ မရှိတာ၊ မရှိတာထက် ကိုယ့်ကိုကိုယ် သိတတ်ဖို့ပဲ လိုပါတယ်…။ ကိုယ့်အခြေအနေလေးကို… အသိအမှတ်ပြုတတ်ဖို့ပဲ လိုပါတယ်…။ ဆင်းရဲချင် ဆင်းရဲမယ်…ချမ်းသာချင် ချမ်းသာမယ်…အလယ်အလတ်လောက်လည်း ဖြစ်ချင်ဖြစ်မယ်။

ဒါပေမဲ့… ကိုယ့်ဘဝ…၊ ကိုယ့်အခြေအနေလေး ကိုယ်ကျေနပ်တယ်…။ ကိုယ်တွေးလိုက်မိတဲ့ အတွေးတွေ…၊ ကိုယ်ပြောတာ…ကိုယ်လုပ်တာတွေဟာ… အစစ်အမှန်ဖြစ်တယ်…၊ အဆိပ်အတောက်တွေ မရှိပါဘူး…၊ ဘယ်သူ့ကိုမှ စိတ်ကသိကအောက် မဖြစ်စေဘူး…ဆိုတဲ့အခါ ကိုယ်ပါ အပြစ်ကင်းစွာ ပျော်ရွှင်နိုင်တယ်…။

သူများ အသိအမှန်ပြုဖို့ဆိုတာ တကယ်တော့ မလိုအပ်ဘူး…။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ကိုယ့်ဖြစ်တည်မှုကို ကိုယ် အသိအမှတ်ပြုလိုက်ရင်ကို စိတ်ဟာ အေးချမ်းသွားတတ်ပါတယ်…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts