ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပါ

ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပါ (Part 1)

တချို့လူတွေမှာ… ပတ်ဝန်းကျင်ရဲ့ လက်ခံမှုကို ကြောက်တဲ့ စိုးရိမ်ပူပန်မှု ရှိတတ်ကြပါတယ်။ ကိုယ့်ကို သူများက လက်ခံပါ့မလား၊ အထင်ကြီးပါ့မလားလို့ ဖြစ်နေတတ်ကြပါတယ်။

တချို့ တချို့သော လူများလည်း သိပ်ကို ကြွားတတ်ကြပါပေတယ်…။ ကိုယ်ကိုယ်တိုင် လုံးဝ မကြွားတတ်ဘူးဆိုရင် မုသားပြောရာ ကျပါတယ်…။ ဒါပေမယ့်လည်း အခြားမိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင်ကို စိတ် ကသိကအောက် ဖြစ်စေမဲ့ ကြွားနည်းမျိုးကိုတော့ တကယ်ပဲ ရှောင်တယ်။

ဒီခေတ်က Social Media မှာ ချမ်းသာတဲ့ သူတွေကလည်း သူ့ပရိတ်သတ်နဲ့သူ ပေါ်ပြူလာ ဖြစ်လာကြတယ်…။ သူတို့ ဘာတွေ ဝတ်တယ်။ ဘယ်တွေ သွားတယ်။ ဘာတွေစားတယ်ဆိုတာကို လိုက်ကြည့်နေတတတ်တဲ့ သူတွေရှိတယ်။

ဘဝဟာ မပြည့်စုံကြတာများတော့… တစ်ပါးသူတစ်ယောက်ရဲ့ ပြည့်စုံ ကြွယ်ဝမှုတွေကို တွေ့ရတဲ့အခါ အားကျကြတာ…၊ စိတ်ဝင်စားကြတာ…၊ မက်မောကြတာ…ကြည့်ချင် မြင်ချင်ကြတာ ဘယ်ဆန်းတော့မလဲ…။

တချို့လည်း ထုတ်ပြောစရာ မလိုဘဲကို ကြည့်လိုက်တာနဲ့… ဘယ်လောက်ချမ်းသာကြောင်း သိနိုင်တယ်။ တချို့လည်း တကယ်မရှိဘဲနဲ့…ချမ်းသာတဲ့ပုံ… ဝတ်နိုင်စားနိုင်တဲ့ ပုံတွေ ဖမ်းထားပြီး Social Media မှာ ပရိတ်သတ်ရဖို့ ကြိုးစားနေတတ်ကြတယ်…။ ပရိသတ်…ဆိုတာကလည်း Social Acceptance ရနေပါလားဆိုတဲ့ စိတ်ခံစားမှုကို ပေးနိုင်တဲ့ အဓိက Source… အရင်းအမြစ် ဖြစ်တာကြေင့် ပရိသတ်ရဖို့ကလည်း… သူတို့မှာ…အရေးကြီးနေပြန်တယ်။

အဲဒီမှာ… တကယ်ချမ်းသာတဲ့ သူတွေရှိသလို… အတုတွေလည်း အလိုလို ပေါ်လာတော့တာပဲ…။ အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်… စိတ်အနေမတတ်ကြတဲ့အခါ… ပြိုင်ဆိုင်ကြတာတွေဟာလည်း ရောဂါတစ်ခုလို ဖြစ်လာတယ်…။

ဘယ်လို အိတ်ကိုမှ ကိုင်တယ်။ ဒီမှာ မမြင်ဖူးရင် ကြည့်ထားကြ…။ ဘယ်လို ကုတင်နဲ့ အိပ်တယ်…။ ကုတင်ကြီးပါ ရိုက်ပြ…။ ဘာတွေ ချက်စားတယ်။ ပုစွန်တွေ အကောင်လိုက်ကြီး ရိုက်ပြ…။ ဘယ် Gym မှာ ကစားတယ်ဆိုတာမျိုးတွေကအစ… ငါဘာကားစီးတယ်…။ ဘာလုပ်ငန်းတွေပိုင်တယ်…ဆိုတာမျိုးတွေအပြင်… နင်တို့လောက်နဲ့ တက်မလာနဲ့… တောက်ချလိုက်မယ်တို့ ဘာတို့…ရေးနေပြောနေကြတော့… အရမ်းမောက်မာကြတာပဲ…လို့ တွေးမိတယ်။

သာမာန် ကြွားရုံကြွားတာ လက်ခံနိုင်သေးတယ်။ တချို့ကြတော့ အဆဲအဆိုတွေတောင် ပါလိုက်သေး။ မောက်မာရုံမက ရိုင်းစိုင်းကြတာ…။ ဘယ်သူ့ကို ပြောနေမှန်း မသိသော်လည်း ကိုယ်က မြင်လိုက်ရတာဆိုတော့ မိုက်ရိုင်းလိုက်တာဆိုပြီး အော်ဂလီဆန်မိတာ အမှန်ပဲ…။ အဲလိုလူမျိုးတွေနဲ့ မိတ်ဆွေလည်း မဖြစ်ချင်ပါဘူး…။ လူတိုင်းကို ဆိုလိုတာ မဟုတ်ပေမဲ့… အဲလို လူတွေ ကိုယ့်အနားမှာ ရှိနေတတ်တယ်…။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပါ (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts