အနားယူအိပ်စက်ခြင်း

အနားယူအိပ်စက်ခြင်း (Rest and Sleep)

တစ်ခါတလေကျတော့ ကြောင်ကလေးတွေ အိပ်နေတာကိုကြည့်ပြီး စိတ်တွေ ချမ်းသာနေမိတယ်။ ပူအိုက်နေတဲ့အချိန်မှာဆိုရင်လည်း သစ်ပင်အောက်မှာ… သစ်ကိုင်းပေါ်မှ… အေးအေးလူလူနေတတ်ကြတယ်…။ မိုးလေးအေးအေးနဲ့ ချမ်းနေတဲ့ အချိန်ဆိုရင်လည်း… စောင်ပုံထဲမှာ…မီးဖိုနားမှာ…၊ နွေးနွေးထွေးထွေးလေးတွေ နေတတ်ကြတယ်…။ အိပ်နေတတ်ကြတယ်…။ ဘယ်နေရာမှာ ဘယ်လို အိပ်အိပ်…ခွင်ကျပြီး အပူပင်မရှိဘဲ အိပ်တာလေးကို သဘောကျမိတာ…။

ခွေးကလေးတွေဆိုရင်လည်း ဒီလိုပဲ။ ထိုင်ခုံမှာ အိပ်နေတယ်ဆိုရင် ထိုင်ခုံလက်တန်းပေါ်မှာကို မေးကလေးတင်ထားလိုက်သေးတယ်။ အသက်သာဆုံး အနေအထားနဲ့ တကယ့်ကို အေးအေးဆေးဆေး အိပ်နေတတ်ကြတယ်။ တိရစ္ဆာန်လေးတွေဟာ အများကြီး မတွေးဘူးဆိုပဲ။ အိပ်တဲ့အချိန်မှာ အိပ်ဖို့အကြောင်းအရာလောက်ကိုပဲ တွေးပုံရတယ်။ ဒါကြောင့်လည်း အခုခဏဆော့နေကြပြီး… နောက်သွားကြည့်လိုက်တဲ့အချိန် ခဏကြာတော့ အိပ်ပျော်နေကြပြန်ရော။

တစ်ခါတစ်ခါကျတော့ ခွေးကလေး…၊ ကြောင်ကလေးတွေလို… အိပ်ချင်လိုက်တာ…၊ အိပ်ပျော်ချင်လိုက်တာလို့ တွေးမိတယ်။ ကိုယ်တွေလူတွေနဲ့တော့ ကွာတယ်လေ။ အိပ်မယ်ဆိုပြီး…ချက်ချင်းအိပ်ပျော်သွားတယ်ဆိုတာ ခပ်ရှားရှားမဟုတ်လား…။

ဟိုဟာတွေးလိုက်၊ ဒီဟာတွေးလိုက်နဲ့ အတွေးရေယဉ်ကြောမှာ နစ်မျောသွားပြီး တလူးလူးတလိမ့်လိမ့်နဲ့ အိပ်မပျော်တဲ့ညတွေ ဘယ်လောက်များပြီလဲ။

တစ်နေ့တာရဲ့အဆုံးမှာ လူတွေ အိပ်ကြတယ်ဆိုတာ အနားယူကြတာပဲဖြစ်ပါတယ်။ အနားယူတဲ့ နည်းလမ်းတွေ အမျိုးစုံရှိကြပေမယ့် အိပ်စက်ခြင်းကတော့ အကောင်းဆုံးသော အနားယူခြင်းပဲ ဖြစ်ပါတယ်။

ကျွန်မဟာ ကျွန်မရဲ့အိပ်ရာလေးကို အင်မတန်ခင်တွယ်ပါတယ်။ ခရီးဝေးသွားတယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့ ဟိုတယ်ကြီးတွေမှာ တည်းရ တည်းရ အချိန်တန်ပြီဆို ကိုယ့်အိပ်ရာကလေးက ခေါင်းအုံးနံ့၊ စောင်နံ့ကလေးတွေကို လွမ်းလာမိတယ်။ ကိုယ့်အိပ်ရာကလေးထဲ ဝင်အိပ်ရတဲ့ညဟာ အိမ်ပြန်ရောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ အမြဲတစေ နွေးထွေးတယ်၊ လုံခြုံမှုရှိတယ်။

အိပ်ရာနေရာလေးတွေဟာ ကျွန်မတို့အတွက် အရေးကြီးပါတယ်။ ကိုယ်အကောင်းဆုံး အနေအထားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း…၊ အေးအေးဆေးဆေး…၊ သက်သောင့်သက်သာလေး… အနားယူနိုင်သောအိပ်ရာ ပတ်ဝန်းကျင်ကို ကောင်းကောင်းလေး ပြုပြင်ထားသင့်ပါတယ်။

တစ်ခါတစ်ခါကျတော့ အိပ်ရာဘေးမှာ ပစ္စည်းတွေ ပွနေတာမျိုး ဖြစ်တတ်တယ်။ ဖတ်လက်စစာအုပ်…၊ စိတ်ပုတီး…၊ ရှူဆေးဘူး…၊ ယပ်တောင်…၊ သောက်ရေသန့် ပုလင်း စသည်ဖြင့် သပ်သပ်ရပ်ရပ်မရှိဘဲ… ဟိုတစ်ခု ဒီတစ်ခု… ရှုပ်ပွနေတဲ့အခါ… အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ်။

ဖုန်းကအချက်ပြ မီးလေးတွေလင်းနေတာ…၊ ညအိပ်မီးလေးတွေ လင်းနေတာ…၊ အပြင်ဘက်က မီးရောင်တွေ အခန်းထဲကို ရောက်နေတာ…၊ ချက်ချက် ချက်ချက်နဲ့ နာရီသံကို ကြားနေရတာ၊ ပန်ကာလည်နေတဲ့အသံ ဆူညံနေတာ ပူလွန်း အေးလွန်းတာတွေဟာလည်း အိပ်စက်ခြင်းကို အနှောက်အယှက်၊ အဟန့်အတား ဖြစ်တတ်ပါတယ်။

ညဘက်မအိပ်ခင်မှာ မစားသင့်တဲ့ အစားအစာတွေ၊ ညဘက်အိပ်ပျော်ခြင်းကို ကူညီပေးတဲ့ အကျင့်တွေ…အကြောင်း ဟိုးအရင်ကတည်းကလည်း အများကြီး ရေးထားပြီးသားမို့ ထပ်ပြီး မရေးပြလိုတော့ပါ။

သေချာတာတစ်ခုကတော့ အိပ်ရေးမဝဘူးဆိုရင် ခေါင်းတွေနောက်ပြီး စိတ်ကြည်လင် လန်းဆန်းမှုကို မဖြစ်ပေါစေပါဘူး။ ဒါကြောင့် ဦးနှောက် ကြည်ချင်တယ်… စိတ်ကြည်ချင်တယ်ဆိုရင် အိပ်ရေး ဝဝ အိပ်ဖို့ ကြိုးစားသင့်ပါတယ်။

တစ်ညကို ရှစ်နာရီလောက် တောက်လျှောက်အိပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပျော်ရွှင်ကျန်းမာတဲ့သူတွေ ဖြစ်ကြပါတယ်။ ဦးနှောက်ကြည်တယ်။ စိတ်လန်းဆန်းတယ်။ ဒါကြောင့် တက်တက်ကြွကြွအလုပ်တွေကို ဆောင်ရွက်နိုင်တယ်။

ကျွန်မတို့ ညဘက်အိပ်မပျော်ဘူးဆိုရင် တကယ်တော့ အတွေးတွေ များနေလို့ပါ။ ဒီအတွေးတွေကို ဖြတ်ချနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါကတော့ တရားမှတ်ခြင်းပဲ ဖြစ်ပါတယ်။ Meditation လုပ်ရင်း အိပ်ပျော်သွားတာဟာ တကယ်တော့ အင်မတန်အကျိုးရှိပါတယ်။ မတော်တဆအိပ်ပျော်ရင်း ဘယ်တော့မှ ပြန်နိုးမလာတော့ဘူးဆိုရင်တောင်မှ ကျွန်မတို့ဟာ ငြိမ်းချမ်းတဲ့ စိတ်အစဉ်နဲ့ အိပ်ပျော်သွားခဲ့တဲ့ အတွက်ကြောင့် ငြိမ်းချမ်းတဲ့ ဘဝလားရာကို ရောက်ရှိနိုင်မယ်လို့ ယူဆရပါတယ်။

အသက်ရှူတာကို မှတ်နေတဲ့အတွက် ဘာအာရုံတွေမှ မပေါ်တော့ဘူး။ အထူးသဖြင့် စိတ်တွေကို နောက်ကျိရှုပ်ထွေးသွားစေတဲ့ အကုသိုလ်အာရုံတွေ မပေါ်တော့ဘူး။ ပထမစစချင်းမှာ ကိုယ်တိုင် တရားမှတ်ပြီးအိပ်ဖို့ ခက်ခဲတယ်ဆိုရင် အကူအညီပေးနိုင်တဲ့ လမ်းညွန်ချက်တွေလည်း ခုချိန် Online မှာ အများကြီး ပေါ်ပေါက်နေပါပြီ။

ရေလှိုင်းသံ…၊ မိုးစက်မိုးပေါက်ကျသံ…၊ ငှက်ကလေးတွေသီချင်းဆိုသံ…၊ စမ်းချောင်းကလေးစီးဆင်းသံ စသည်ဖြင့် စိတ်ကို ငြိမ်းချမ်းကြည်မွေ့စေတဲ့ အသံတွေကို နားထောင်ခြင်းဖြင့်လည်း အိပ်စက်ခြင်းကို ရောက်နိုင်ပါတယ်။

မိမိဟာ ဘယ်လိုနည်းနဲ့မှ အိပ်ပျော်တတ်တဲ့သူလဲဆိုတာကို ကိုယ့်ကိုယ်ကို ရှာဖွေကြည့်ပါ။ ပျော်စရာကောင်းပါလိမ့်မယ်။ ဘယ်လိုနည်းလမ်းမျိုးပဲ ဖြစ်ဖြစ် Mental Detox လုပ်နိုင်ဖို့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မတို့ ကောင်းစွာ အနားယူအိပ်စက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts