ဥစ္စာစောင့်

ဥစ္စာစောင့်

မြန်မာတို့သည် တမလွန်ဘဝကို ယုံကြည်ကြသည်။ မမြဲသော အနိစ္စတရားကို ကျွနု်ပ်တို့ လက်ခံယုံကြည်ကြပါသည်။ သို့သော် တချို့သောသူတို့သည် ယင်းသဘောကိုမေ့ပြီး တစ်သက်တာအတွင်း သုံးမကုန်လောက်သော ပစ္စည်းဥစ္စာ အထူးသဖြင့် ရွှေ၊ ငွေတို့ကို စုဆောင်းကြတော့သည်။ ထိုပစ္စည်းတွေကို သူတို့ ဘာလုပ်ကြသနည်း။
အများစုကတော့ မြေမြှပ်ကြပါသည်။ အဲ့ဒီလို မြေမြုပ်ရာမှာ ဇနီးသားသမီးကိုပင် အသိမပေးကြ။ ထိုပုဂ္ဂိုလ် ကွယ်လွန်သော် ပစ္စည်းဥစ္စာဇောကြောင့် ဥစ္စာစောင့် ဖြစ်ပါတော့သည်။

ဥစ္စာစောင့် ရှိသည်ဟူသော ကျွန်ုပ်တို့၏ ယုံကြည်မှုကြောင့် ဝေါဟာရများနှင့် သိုက်ဆရာလူတန်းစားပါ ပေါ်ပေါက်လာခဲ့သည်။ ဥစ္စာစောင့်ထံမှ သိုက်ကိုညွှန်ပြသော တခါတရံ တူးဖော်ရယူနည်းများပါသောသိုက်စာများကို ရှာဖွေစုဆောင်းကြသည်။ သိုက်စာတွင် သိုက်တူးအဖွဲ့ လိုက်နာရန်၊ ဆောင်ရန်၊ ရှောင်ရန် ပါရှိတတ်သည်။ သိုက်စာအရေးအသားမှာ စကားဝှက်တို့ကို ကာရံ၊ နဘေများနှင့် ရေးထားသဖြင့် အဓိပ္ပာယ် ဖော်ရာတွင် အတွေ့အကြုံ၊ ကျွမ်းကျင်မှုလိုပါသည်။ အဓိပ္ပာယ်အကောက်လွဲပါက သိုက်တူးခြင်း မအောင်ရုံသာမက သိုက်တူးအဖွဲ့တဖွဲ့လုံး ဒုက္ခရောက်တတ်သည်ဟု ဆိုကြပါသည်။

ဇာတ်လမ်းတစ်ပုဒ်တွင် သိုက်စာက “မီးမတောင်းရ” ဆိုသဖြင့် ဆေးလိပ်၊ ဆေးတံများ မယူခဲ့ကြရန် သိုက်ဆရာကြီးက ညွှန်ကြားထားသည်ဆို၏။ သို့သော် ညွှန်ကြားချက်၏ ဆိုလိုရင်းမှာ “မောင်းမတီးရ” ဖြစ်သည်။ သိုက်စာညွှန်ကြားချက်အတိုင်း စတင်ဆောင်ရွက်ရာ မြေပြင်ပေါ်မှာ မောင်းကလေးတစ်လုံး နဲ့ မောင်းထုကလေး ပေါ်လာသည်။ သိုက်တူးအဖွဲ့ဝင်တစ်ယောက်က မောင်းကလေးကို ယူတီးလိုက်သည်ဆို၏။ ထိုအခါ မိုးခေါင်ရေရှားလယ်ကွင်းသည် ရုတ်ချည်းရေပြင်အဖြစ်သို့ ပြောင်းသွားသည်။ တစ်ဖွဲ့လုံး ရေပြင်ကို ရေထင်ပြီး ကူးခဲ့ကြရာ အနားရောက်လာသော လယ်သမားတစ်ယောက်က”ဟေ့လူတွေ မြေကြီးပေါ်မှာ မှောက်ပြီး ဘာလုပ်နေကြတာလဲ” ဆိုမှပဲ ချက်ချင်းသူတို့ မြေပြင်ပေါ်ရောက်နေကြောင်း တွေ့ရသည်ဟု ဆိုသည်။ ရှက်ကိုးရှက်ကန်းဖြင့် ထခဲ့ကြရသည်။

ဥစ္စာစောင့်မောင်နှမ သို့မဟုတ် ဇနီးမောင်နှံ ရှိတတ်သည်ဟုဆို၏။ သူတို့(၂)ယောက်မှ တစ်ယောက်က လူ့ပြည်သို့ နှစ်အပိုင်းအခြားဖြင့် ခွင့်ပန်ပြီး လူဝင်စားဖြစ်လာကြသည်။ သူတို့လူ့ဘဝမှာရှိစဉ် အိမ်ထောင်ပြုကြသည်ရှိ၏။ ခွင့်ပန်ထားသော ကာလကုန်လို့ ဥစ္စာစောင့် အဖြစ် ကျန်ရစ်သူက လာခေါ်သည်ဟူသော ပြောဆိုသံများကို မကြာခဏ ကြားရတတ်သည်။ လူ့ဘဝမှ ပြန်သွားရသော ဥစ္စာစောင့် က လူ့ဘဝတွင် ပေါင်းသင်းခဲ့သူအား ရွှေငွေများ ထောက်ပံ့ခဲ့သည်နှင့် အသည်းခွဲခဲ့သည်ဟူသောပြောသံများကို ကြားဖူးပါသည်။ အသည်းကွဲသူက ပိုများသည်။ လူဝင်စားဖြစ်မှန်း ကြိုတင်သိလျှင် သိုက်ကြိုးဖြတ်လို့ ရသည်ဟု ယုံကြည်ကြသည်။

မသမာဝင်ငွေ ရရှိထားသူတို့က ထိုအချက်ကို အသုံးပြုပြီး သူတို့ကို ဥစ္စာစောင့်ကပေးသည်ဟု
သတင်းလွင့်ကြသည်။ အမြတ်ခွန်အရာရှိက ယုံကြည်မည်မဟုတ်သော်လည်း အိမ်နီးချင်းတို့ကတော့ ယုံကြည်ပေမည်။ သူ့ကို မသမာသောနည်းဖြင့် ငွေရှာခဲ့သူ မဟုတ်ကြောင်း ပြနိူင်သည်။

ဥစ္စာစောင့် ယုံကြည်မှုကြောင့် သိုက်တူးသမား၊ ဘနဖူးသိုက်တူးသူ၊ သတ္တုသိုက်စသော ဝေါဟာရများ
ပေါ်ပေါက်လာခဲ့သည်။ (၆၀)ခု လွန်နှစ်များအထိ ဝင်ငွေကောင်းသော သိုက်သမိုင်းကားများ များစွာတို့ကို ရိုက်ခဲ့ရာ Harry Potter ထက် နှစ်ပေါင်း (၅၀)ကျော် စောခဲ့သည်။

ဦးသန်းဖေ (ဧည့်လမ်းညွှန်) ရေးသားထားသော မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ နှင့် မြန်မာ့ရှုခင်း စာအုပ်မှ ကူးယူဖော်ပြထားသည်။

ဂမ္ဘီရ

Open More Online

Related Posts