လင့်မ်တန်

ပျော်တတ်သော နိုင်ငံရေးသမားများ (အပိုင်း – ၂)

လင့်မ်တန် သည် သက်သေခံဓာတ်ပုံများကို တွေ့လိုက်ရသည်နှင့် “အေး….ဟုတ်တယ်၊ အဲဒါ မိန်းမပျက်ပဲ၊ သူ့ကို ငါသဘောကျတယ်၊ ဒါပေမယ့် ငါ့ဘဝရဲ့ ဘယ်နေရာမှာမှ အရေးမပါခဲ့ဘူး” ဟု ပြောကြားလိုက်သည်။

လင့်မ်တန် သည် ချက်ချင်း ရာထူးမှ နုတ်ထွက်သွားသည်။ စက်ဆုပ်ဖွယ်ကောင်းသည့် ဇာတ်ကြောင်းကို ဘာမျှ မထူးဆန်းသည့် သဘောဖြင့် ပြည့်တန်ဆာတစ်ယောက်၊ မိတ်ဆွေနှစ်ယောက်ကို အနားတွင် ထားကာ ရှင်းလင်းပြောကြားသွားခဲ့သည်။ သူက “ကျုပ် လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး ပြန်ပြောနေရတာ အသက်အန္တရာယ် စိုးရိမ်ရလို့၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရလို့ ဆိုတာတွေကြောင့် မဟုတ်ဘူး၊ ငွေ လိုချင်လို့ ဖာခေါင်းတချို့က ဓာတ်ပုံခိုးရိုက်ပြီး ပြန်ရောင်းစားဖို့ အကြံအဖန်လုပ်တဲ့ကိစ္စပဲ၊ ကိုယ် ကြိုက်တာ ကိုယ် လုပ်ခွင့်ရှိတာပဲဗျ၊ ဘာလုပ်လုပ် ပြန်ပြီး ရှင်းနေစရာ မလိုဘူး ထင်တာပဲ၊ ဒါ ကျုပ်ရဲ့ အရူးထမှုတစ်ခုပါဗျာ” ဟု ပြောကြားသွားသည်။

သူက ပြည့်တန်ဆာနှင့် ပျော်ပါးခြင်းကို ဘာမှ မဟုတ်သလို ပခုံးလေးတွန့်ကာ ပြောကြားသွားသော်လည်း မှတ်တမ်းတိပ်ခွေအရ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲနေကြောင်း တွေ့လိုက်ရသည်။ နောက်တစ်နေ့တွင် သူ့ကို စိတ်ကြွဆေး၊ ဆေးခြောက်များ ကိုင်ဆောင်သုံးစွဲမှုနှင့် ဒဏ်ငွေ ပေါင် ၃၀၀ ချမှတ်လိုက်သည်။

လော့ဒ် လင့်မ်တန်၏ ပြစ်မှုကျူးလွန်ခြင်းသည် မတော်တဆ မဟုတ်။ သူ ရာထူးမှ နုတ်ထွက်လိုက်သည့် တစ်နေ့တည်းမှာပင် လော့ဒ် ဂျယ်လီကိုးသည်လည်း တိတ်တဆိတ် နုတ်ထွက်သွားတော့သည်။ ဂျယ်လီကိုးသည် ပထမကမ္ဘာစစ်အတွင်းက ရေတပ် ဗိုလ်ချုပ်ကြီး အားလ် ဂျယ်လီကိုး၏ သားဖြစ်သည်။ သားဖြစ်သူ လော့ဒ် ဂျယ်လီကိုးကလည်း စစ်သူရဲကောင်းတစ်ဦး ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဆုတံဆိပ်ပေါင်းများစွာကို ချီးမြှင့်ခြင်းခံခဲ့ရသူ ဖြစ်သည်။ သူ့အနေဖြင့် ဘုရင့်အကြံပေးအဖွဲ့ဝင်နှင့် ဗြိတိသျှ ပါလီမန် အထက်လွှတ်တော်တို့တွင် ထိပ်တန်းခေါင်းဆောင်ပိုင်း၌ ပါဝင်ခွင့်ရရန် အလားအလာများစွာ ရှိသူတစ်ဦးလည်း ဖြစ်သည်။

သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက “ဒီလူက ဟိတ်ဟန်သိပ်မများတဲ့ ခပ်ပျော်ပျော်နေတတ်သူ” ဟူ၍ မှတ်ချက်ပေးဖူးသည်။

ပျော်ပျော်နေတတ်သူတစ်ဦးပီပီ ၁၉၇၂ နှင့် ၁၉၇၃ ခုနှစ် လန်ဒန် Evening Standard တွင် ကြော်ငြာခဲ့သည့် အေဂျင်စီနှစ်ခုမှ ကောင်မလေးများကို ငှားရမ်းအသုံးပြုခဲ့သည်။ ထိုမိန်းကလေးများကို ညစာစားပွဲများကို ခေါ်သွားပြီး လန်ဒန်ရှိ သူ့တိုက်ခန်းသို့ ခေါ်ကာ ပျော်ပါးလေ့ရှိသည်။

ဂျယ်လီကိုးသည် သိုသိုသိပ်သိပ် နေတတ်သူတစ်ဦး ဖြစ်သည်။ သူက အေဂျင်စီများကို အမည်တုဖြင့် ဆက်သွယ်လေ့ရှိပြီး သူနှင့်အိပ်သည့် ကောင်မလေးများကိုလည်း သူ့အကြောင်းကို လုံးဝမပြောသူ ဖြစ်သည်။ သူသည် အစိုးရဝန်ကြီးအဖွဲ့တွင် ပါဝင်သူတစ်ဦး ဖြစ်သော်လည်း သူနှင့်အိပ်သည့် ကောင်မလေးများမှာ သူ့အကြောင်း မသိသဖြင့် ဓာတ်ပုံတွေ ခိုးရိုက်ထားစရာလည်း ရှိမည်မထင်ပေ။ သို့သော် လော့ဒ် လင့်မ်တန်အပေါ် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ကောလာဟလများက လော့ဒ် ဂျယ်လီကိုးတွင်လည်း တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းလေးတွေ ရှိနိုင်သည် ဟု ထွက်ပေါ်လာတော့သည်။ ကောလာဟလများ ပပျောက်သွားစေရန် ဝန်ကြီးချုပ် တက် ဟိသ်က အလုပ်သဘောအရ ဂျယ်လီကိုးကို ခေါ်ပြီး လင့်မ်တန်အကြောင်း ဘယ်လောက်သိသလဲ ဟု ခေါ်မေးသည်။

ဂျယ်လီကိုးက-

‘မနေ့က ကျွန်တော့်ကို တယ်လီဖုန်းနှင့် ခေါ်၍ရသည့် ပြည့်တန်ဆာများနှင့် အဆက်အသွယ် ရှိသလား ဟု ခေါ်မေးလိုက်ချိန်တွင် အတော်လေး စိတ်မကောင်းဖြစ်ရသည်။ ဤကိစ္စသည် သာမန်ကိစ္စလေး မဟုတ်သဖြင့် ကျိုးကြောင်း ခိုင်လုံအောင် ရှင်းပြမှ ဖြစ်တော့မည်။ အကယ်၍ ဤအကြောင်းကို လူသိထင်ရှား ထုတ်ဖော်လိုက်လျှင် ဝေဖန်ပြစ်တင်စရာတွေ ဖြစ်သွားမည်။ ဤကိစ္စသည် ဝန်ကြီးကိုသာမက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များကိုပါ အတော်လေး အခက်ကြုံစေမည့် ကိစ္စ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရာထူးမှ နုတ်ထွက်သင့်သည် ဟု ထင်မိပါသည်’ ဟု ရေးသားခဲ့သည်။

ဟိသ်သည် ထိုအကြောင်းပြချက်ကို ချက်ချင်း လက်ခံလိုက်ပြီး “ခင်ဗျားဆုံးဖြတ်ချက်ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မှတ်ချက်ပေးလိုက်သည်။

လင့်မ်တန်သည် ဂျယ်လီကိုး နုတ်ထွက်သွားကြောင်း ကြားသိလိုက်ရချိန်တွင် “ကြည့်နေ၊ နောက်ဆုံးမှာ အဲဒီလို အလုပ်မျိုး မလုပ်တဲ့သူ ဆိုလို့ အစိုးရအဖွဲ့မှာ ဟိသ် တစ်ယောက်တည်းပဲ ကျန်လိမ့်မယ်” ဟု ပြောကြားလိုက်သည်။

တက် ဟိသ်သည် လူပျိုကြီးဘဝဖြင့် အရိုးထုတ်ခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် လိင်ကိစ္စ ဝါသနာထုံသော်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာ မကျစေရန် နေရမည်ဆိုသည့် ဥပဒေက ရှိနေသဖြင့် ထိန်းသိမ်းနေရသူ တစ်ဦးလည်း ဖြစ်သည်။ ဟိသ်အနေဖြင့် လင့်မ်တန်နှင့် ဂျယ်လီကိုးတို့၏ နုတ်ထွက်မှုကို အလျင်အမြန် လက်ခံလိုက်သဖြင့် ဝေဖန်ခြင်း ခံလိုက်ရသေးသည်။

Daily Express သတင်းစာကြီးက ‘လူတွေ ပြောနေကြသည့် လိင်ဦးစားပေး ခေတ်သစ်တွင် ပါလီမန်အတွင်းရှိ ဝန်ကြီး၊ ဝန်ကလေးတို့လည်း အပယ်ခံနိုင်ငံရေးသမားတွေ ဖြစ်ကြရပြီ။ ကိုယ်ရေးကိုယ်တာ သာယာမှုနောက် တကောက်ကောက် လိုက်မိသည်နှင့် သူတို့ စွမ်းဆောင်နိုင်ခဲ့မှုများ၊ မျိုးချစ်စိတ်များကို လွှင့်ပစ်လိုက်ရမည်လော’ ဟု ဝေဖန်သုံးသပ်ရေးသားခဲ့သည်။

သို့သော် လော့ဒ် လင့်မ်တန် အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းက သုံးသပ်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ရော်ဘင်ဒေးနှင့် ရုပ်မြင်သံကြား ဆွေးနွေးခန်းတွင် လင့်မ်တန်က သူ့အနေဖြင့် စင်ကာပူတွင် နေထိုင်ကတည်းက မူးယစ်ဆေး သုံးစွဲခဲ့ကြောင်း၊ သို့သော် သူက “တရုတ်ပြည်မှာ ဘိန်းရှူတာနဲ့ ဒီမှာ ဘိန်းရှူတာ ဘာများ ကွာသွားလို့လဲ” ဟု ပြန်လည် မေးခွန်းထုတ်သွားသည်။

ထိုစဉ်တွင် အခြားသော ကောလာဟာလတွေကလည်း ထွက်လာသည်။ အစိုးရအဖွဲ့ဝန်ကြီးများသည် ပြည့်တန်ဆာများနှင့် ပက်သက်နေသည် ဆိုသော သတင်းဖြစ်သည်။ ဝန်ကြီးချုပ် ဟိသ်ကလည်း သူ့အစိုးရအဖွဲ့ဝန်ကြီးများသည် နှင်းလို ဖြူစင်သူများဖြစ်ကြောင်း ပြောပြီး လုံခြုံရေးကော်မရှင်မှ လော့ဒ် ဒစ်လော့ခ်ကို ထိုအကြောင်း သက်သေပြနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုပြုရန် တာဝန်ပေးအပ်ခဲ့သည်။

စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာတွင် ဂျယ်လီကိုးကိစ္စနှင့် ပက်သက်ပြီး သိုသိပ်စွာ နေထိုင်တတ်သူတစ်ယောက် ဖြစ်သောကြောင့် သက်သေခံရရန် မလွယ်ကြောင်း၊ သူ့တွင် လိင်ဖောက်ပြန်သည့် အမူအကျင့်လည်း မတွေ့ရကြောင်း၊ ရာဇဝတ်မှု ကျူးလွန်ခြင်း၊ ဓာတ်ပုံရိုက်ထားပြီး ခြိမ်းခြောက်မှုမျိုး ခံရခြင်းလည်း မရှိကြောင်း ဖော်ပြထားသည်။

ကော်မရှင်က ‘ပြည့်တန်ဆာတစ်ယောက်နှင့် သာမန် လိင်ဆက်ဆံခြင်းသည် လုံခြုံရေးကို ခြိမ်းခြောက်လောက်သည့် ပြဿနာ မဟုတ်ကြောင်း၊ သို့သော် လင့်မ်တန်သာလျှင် ပုံမှန် မဟုတ်သည့် လိင်ဆက်ဆံမှုဖြင့် တစ်ကြိမ်တွင် ပြည့်တန်ဆာနှစ်ယောက်ဖြင့် ဆက်ဆံခြင်း ဖြစ်ကြောင်း၊ လင့်မ်တန်သည် လူတစ်စု၏ ခြိမ်းခြောက်ငွေညှစ်မှုကို ခံရသော်လည်း တိုင်းပြည်ကို သစ္စာဖောက်လောက်သည့် အနေအထားတွင် မရှိကြောင်း’ ဆက်လက် အစီရင်ခံထားသည်။

News of the World က ကောလင်းကို အဘယ့်ကြောင့် သက်သေခံပစ္စည်းများ ပြန်ပေးသည် ဆိုခြင်းကတော့ စိတ်ဝင်စားဖွယ် ဖြစ်ကြောင်း၊ သို့သော် လင့်မ်တန်အနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကတော့ ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ လင့်မ်တန်အနေဖြင့် နှုတ်မစောင့်ဘဲ ပြောချင်ရာ လျှောက်ပြောခြင်းကလည်း ပုံမှန် စိတ်အနေအထား ဟုတ်ဟန်မတူကြောင်း၊ သို့သော် ထိုသို့ ဟောင်ဖွာဖွာ လျှောက်ပြောနေခြင်းက သူ မူးယစ်ဆေးဝါး သုံးစွဲမှုအပြစ်ကို လျှော့စေလို၍ ဖြစ်မည် ထင်ကြောင်းလည်း သုံးသပ်ပြထားသေးသည်။

လော့ဒ် လင်မ်တန်သည် လူတွေကို ရှောင်ပြီး အီတလီနိုင်ငံ ဆီယန်နာမြို့တွင် လျှို့ဝှက်စွာ သွားနေကာ ဝတ္ထုများ ရေးသားခဲ့သည်။ လော့ဒ် ဂျယ်လီကိုးကမူ ထိပ်ပိုင်း အာဏာပိုင်အဖွဲ့မှ သာမန်ဘုတ်အဖွဲ့ဝင်အဖြစ်လောက်သာ တာဝန်ယူပြီး ပုဂ္ဂလိကပိုင် ကုမ္ပဏီ အတော်များများတွင် ဒါရိုက်တာအဖွဲ့ဝင်ရာထူးများဖြင့် နေထိုင်သွားခဲ့သည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts