ကျွန်တော် ပရိသတ်အား မိမိတို့လက်ဖဝါးနှစ်ဖက်ကို နာနာပွတ်ခိုင်းလိုက်သည်။ ပြီး လက်ဖဝါးနှစ်ခုကို နှစ်လက်မခန့်ခွာ၍ ယှဉ်ထားပြီး သည်လက်နှစ်ဖက်က ထွက်လာသည့် ကုသနိုင်မှုစွမ်းအားကို ခံစားကြည့်ခိုင်းသည်။ ထို့နောက် အနီးကပ်ထိုင်ကြသူ နှစ်ယောက်တစ်တွဲစီကို မိမိထံက ထွက်သည့် စွမ်းအင်နှင့် သူ့ထံက ထွက်လာသည့် စွမ်းအင်တွေ အပြန်အလှန် ခံစားမိအောင် စမ်းသပ်ကြည့်စေသည်။ပြီး “ခင်များတို့မှာ ကုသခံစရာ ရောဂါတစ်ခုခုရှိတယ်ဆိုရင် ဒီမှာ တစ်ခါတည်း အကုသခံလိုက်ကြပါ” ဟု ကျွန်တော် ပြောလိုက်သည်။
ပရိသတ်အားလုံး တညီတညာ ထက်သန်တက်ကြွနေကြသည်။ ကျွန်တော်က ကုသနိုင်မှုစွမ်းအား ဟူသည် လူတိုင်းမှာအနည်းနှင့်အများ ပါရှိသည့်အကြောင်း၊ တစ်ရာမှာ ငါးယောက်မျှသော လူတို့တွင်ကား သူတို့ လက်များဆီက ထွက်သော စွမ်းအားသည် သိသိသာသာ များပြားလှသဖြင့် ယင်းကို အားကိုးပြုကာ ကုသရေးသမားများအဖြစ်ပင် အသက်မွေးဝမ်းကြောင်းပြုနိုင်ကြကြောင်း ရှင်းလင်း ပြောပြသည်။
ထို့နောက် “ဒီနေ့မနက်ပိုင်းက ကျွန်တော် အေမီဂရေဟမ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံရပါတယ်၊ သူက အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်၊ သူ့ရဲ့ နောက်ဆုံးဆန္ဒက ဒီဟောပြောပွဲကို တက်ရောက်သွားချင်တာပါတဲ့၊ သူ့ကို ကျွန်တော်အခု ဒီစင်ပေါ် ခေါ်ပါ့မယ်၊ ခင်များတို့ အားလုံးက သူ့ကို ကုသနိုင်ဖို့အတွက် ခင်များတို့တစ်ဦးချင်းစီမှာရှိတဲ့ အသက်ရှင်မှုစွမ်းအားတွေ သူ့ဆီကို ဦးတည်ပြီး ပို့လွှတ်ပေးကြပါ၊ ဒီနည်းနဲ့ သူ့ကို ကျွန်တော်တို့ ကူညီကောင်း ကူညီနိုင်လိမ့်မယ်၊ သူက မေတ္တာရပ်ခံတာတော့ မဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ ဆန္ဒအရ ကျွန်တော် ဆောင်ရွက်ခြင်းပါ”
ပရိသတ်က “ကောင်းတယ်၊ လုပ်ပါ . . . လုပ်ပါ” ဟု ကြွေးကြော်ကြသည်။
အေမီ၏ ဖခင်က အေမီအား စင်ပေါ် တွဲခေါ်လာသည်။ ကင်ဆာဆေးဝါးများ၏ ပြင်းထန်သောဒဏ်ကို ခံရခြင်း၊ အိပ်ရာထဲ လှဲလျောင်းကာ ကြာရှည်ကြာမျော နေရခြင်းတို့ကြောင့် သူ့ခမျာ မစွမ်းမသန်သူလေး တစ်ယောက်လို ပျော့နွဲ့၍နေသည်။
ကျွန်တော်က ပရိသတ်အား လက်ဖဝါးတွေ နွေးထွေးသွားအောင် ပွတ်တိုက်ခိုင်းသည်။ ပြီး အေမီထံသို့ ကုသမှုစွမ်းအင်တွေ ပို့လွှတ်စေသည်။ ထိုနောက်တွင် တစ်ခန်းလုံး မတ်တပ်ရပ်ကာ အေမီအား ဂုဏ်ပြုဩဘာ ပေးကြသည်။ အေမီ့အပေါ် ဂရုဏာသက်ခြင်း၊ သူ့အားတစ်စုံတစ်ရာ ကူညီရခြင်းအတွက် ပီတိဖြစ်ခြင်းနှင့် လူစုလူဝေး၏ အရှိန်အဝါဖြင့် စိတ်လှုပ်ရှားခြင်းတို့ကြောင့် အားလုံးလိုပင် မျက်ရည်များ လည်နေသည်။
နောက်နှစ်ပတ်ခန့်အကြာတွင် ကျွန်တော့ထံ အေမီဖုန်းဆက်သည်။ သူမ၏ ရောဂါလက္ခဏာတွေ လုံးဝကင်းစင်သွားပြီဟု ဆရာဝန်က ဆိုကြောင်း၊ ဆေးရုံက ဆင်းရပြီဖြစ်ကြောင်း ဝမ်းသာအားရ ပြောဆိုသည်။
နောက် နှစ်နှစ်အကြာမှာ သူတစ်ကြိမ်ဖုန်းဆက်ပြန်သည်။ သည်တစ်ကြိမ်ကတော့ သူမ လက်ထပ်တော့မည် ဆိုသည့်အကြောင်း အသိပေးပြောကြားခြင်း ဖြစ်ချေသည်။
[မူရင်း။ ။ Mark V.Hansen ၏ Amy Graham]
ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။