ဘဝဟူသည်
ကျွန်ုပ်တို့ စီမံဖန်တီးသည့်အတိုင်း ဖြစ်ရ၏။
ယခင်ကလည်း ဤသို့၊ နောင်လည်း ဤနှယ်ပင်။
[ဘွားဘွား မိုးဇက်]
တစ်ခါက ဆေးရုံကြီး တစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက အရည်တွေ ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။ သူ့ကုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ကုတင်ရှိ လူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီး လှဲနေရသည်။
နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက ခုတင်မှာ ခေါင်းအုံးတွေဘာတွေဆင့်ကာ ကျောမှီ၍ထိုင်ခွင့် ရသည့်အချိန် အပြင်ဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။
ပြတင်းပေါက်က လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီးတစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေ ရေကူးနေသည်။ ကလေးများက သူတို့ကို ပေါင်မုန့်တွေ ပြစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေမျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေဝေဆာဆာ ပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မူ သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက်၌ ပြာလဲ့သော မိုးကောင်းကင်။
ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ၊ နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ်မြင်ခွင့်ရနေသည်။
သည်လိုနေရင်း သာယာနေသောနေ့လည်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာ နေပြီး အပြင်လောကရှုခင်းအစုံကို စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်၊ မိမိကိုတော့ ဘာကြောင့် အဲသည်နားထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။
သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော်လည်းအတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်းလဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။
တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်က စမ်းတဝါးဝါး လိုက်ရှာသည်။
သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။
နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။
ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသော အချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ပြောင်းပေးနိုင်မလား မေးသည်။
သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသိုပေးသည်။
သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုက်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူမြင်ရလေသည်။
[မူရင်း။ ။အမည်မသိစာရေးသူ၏ The Window ]
ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။