သိပ္ပံ နှင့် ဒဿနိကပညာ (ပလေးတိုးနိဒါန်း) ~~~~
ဘီစီ ငါးရာစု မတိုင်မီကသော် သိပ္ပံ ပညာနှင့် ဒဿနိကပညာတို့သည် မကွဲမပြား ဖြစ်နေသေးသည်ဟု ဆိုသည်။ ရှေးခေတ် ဂရိပညာရှင်တို့သည် သဘာဝတွင် စိတ်ဝင်စားကြသည်။ သဘာဝကို စုံစမ်းလေ့လာ၍ လောကဓာတ်စကြဝဠာအကြောင်းကို ဖွင့်ဆိုကြသည်ဟု ဆိုသည်။ ပြောင်းလဲဖောက်ပြန် နေသော ရုပ်လောကတွင် မပြောင်းမလဲမဖောက်မပြန်သော အခြေခံသဘာဝတရားကိုလည်း ရှာခဲ့ကြသည်။ ရှာကြရင်း ဒိဋ္ဌဓမ္မအကြောင်းအချက်နှင့် အတွေ့အကြုံတို့ အရေးကြီးပုံကိုလည်းကောင်း၊ သမ္ပဇဉ် အဆင်ခြင်ဉာဏ် သုံးတတ်ရသည်ကိုလည်းကောင်း သိလာကြသည်ဟု ဆိုသည်။ ဤသို့ဖြင့် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောတို့ကို ရုပ်လောက၏ အခြေခံအဖြစ်ဖြင့် လက်ခံလာကြသည်။ တစ်ဦးက အာပေါကို ဦးစားပေး၍ တစ်ဦးက ဝါယောကို ဦးစားပေးတတ်ခြင်း စသည်တို့သာ ကွဲပြားခြင်းရှိသည်။ ထို့နောက် အလင်းအမှောင်၊ အကောင်းအဆုံး၊ အဖျက်အပြု၊ အတိုက်အခံ စသော ဆန့်ကျင်သော ဝိရောဓိအတွဲ သဘောရှိသည်ကိုလည်း သိလာကြသည်ဟု ဆိုသည်။ ထို့နောက် မည်သည့်အရာမျှ ရပ်တည်နေသည်မရှိ၊ အမြဲပြောင်းနေသည်၊ အမြဲစီးနေသည်ဟူသော အလျဉ်သဘော ရှိသည်ကိုလည်း သိလာကြသည်ဟု ဆိုသည်။
ဤသို့ဖြင့် ဂရိပညာရှင်တို့သည် စဉ်ဆက်မပြတ် လေ့လာစုံစမ်းခဲ့ကြရာ နေကြတ်သည်ကို ပြောနိုင်လာကြသည်။ အဏုမြူ (အက်တမ်) သီအိုရီကို ချမှတ်လာကြသည်။ လသည် နတ်ဘုံနတ်နန်း မဟုတ်၊ မြေကြီးအင်္ဂါရပ်တို့၏ အစုအဝေးသာ ဖြစ်သည်ဟု ဖော်ထုတ်လိုက်သဖြင့် ဖော်ထုတ်သူ ပညာရှင်တစ်ဦးသည် မိမိ၏အသက်ဘေးကြောင့် အရပ်တစ်ပါးသို့ ထွက်ပြေးရခြင်းပင် ရှိခဲ့သည်ဟု ဆိုသည်။
ဉာဏ်သစ်နိုးကြားမှု
ဘီစီ ငါးရာစု အလယ်လောက်သို့ ရောက်လာသောအခါ ဒိဋ္ဌဓမ္မနှင့် သမ္ပဇဉ်တို့တွင်
အခြေခံသော သိပ္ပံနည်းကျအမြင်သည် (ဝါ) ယထာဘူတအမြင်သည် ပျံ့နှံ့လာ၍
အကျိုးမပြုတော့သော အစဉ်အလာနှင့် အာစရိယဝါဒ အဟောင်းအဆွေးတို့ကိုလည်းကောင်း၊
တရားသေအစွဲတို့ကိုလည်းကောင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်း၊
ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ မနာလို ဝန်တိုခြင်း၊ မလိုတမာဖြစ်ခြင်း၊
ချစ်ခြင်း မုန်းခြင်း၊ ထင်ပေါ်လိုခြင်း၊ သနားခြင်း စသော စိတ်လှုပ်ရှားမှု
တစ်ခုခုနောက်သို့လိုက်၍ ပြုမူချင်သော အဂတိစိတ်တို့ကိုလည်းကောင်း
အားယုတ်အောင် လမ်းရှင်းပေးစပြုလာပြီဟု ဆိုသည်။ ဂရိတို့လောကတွင် ထိုအခါမှစ၍
ဉာဏ်သစ်နိုးကြားမှုသည် ဖြစ်ပေါ်လာပြီဟု ဆိုသည်။
ဆိုဖီဆရာများ
ဆိုခဲ့သော ဉာဏ်သစ်နိုးကြားမှုလုပ်ငန်းကို ဆိုဖီဆရာတို့က ဆက်၍
ဆောင်ရွက်ကြသည်ဟု ဆိုသည်။ ဆိုဖီဆရာဆိုသည်မှာ ပညာသင်ဆရာ ဖြစ်သည်။ ဘီစီ ၄၅၀
မှ ဘီစီ ၃၅၀ အထိ အနှစ်တစ်ရာခန့်အတွင်းတွင် ဂရိဆိုဖီဆရာတို့သည်
ဂရိတို့ဒေသရှိ မြို့နိုင်ငံများတွင် လှည့်လည်၍ ဉာဏဗလ၊ စာရိတ္တဗလဆိုင်ရာ
အထက်တန်းပညာများကို သင်ကြားပေးကြသူများ ဖြစ်သည်။ ထိုအထက်တန်းပညာများတွင်
ဒဿနိကပညာလည်း ပါဝင်သည်။ ဆေးပညာ၊ နက္ခတ်ပညာ၊ ဂျီသြမေတရီပညာ၊
ယန္တရားပညာတို့လည်း ပါသည်။ အဟောကောင်း အပြောကောင်း ဝစနာလင်္ကာရပညာလည်း
ပါသည်။ ဒီမိုကရေစီခေတ်တွင် ဝစနာလင်္ကာရပညာသည် အလွန်ခေတ်စားသည်ဟု ဆိုသည်။
အစည်းအဝေးများတွင် လည်းကောင်း၊ တရားရုံးများတွင် လည်းကောင်း ထိုပညာဖြင့်
ကိုယ်လိုရာရအောင် ပြုတတ်ကြသည်ဟု ဆိုသည်။ ဆိုဖီအချို့သည် ဂရိကျေးကျွန်စနစ်၏
အပြစ်ကို ဝေဖန်ပြောဆိုကြသည်ဟု ဆိုသည်။ သို့ရာတွင် တစ်ဦးသာလျှင် ထိုစနစ်ကို
နိုင်ငံရေးလုပ်ငန်းတွင် ထည့်သွင်း၍ အဖျက်ခိုင်းဖူးသည်ဟု ဆိုသည်။
ထင်ရှားသော ဆိုဖီဆရာကြီးများသည် ပရောတဂေါရ ဟိပိအ၊ ဂေါ့ဂျိယ၊ ပရောဒိက၊
သရာဆီမခ တို့ ဖြစ်သည်ဟု ဆိုသည်။ အချို့သော ဆိုဖီဆရာငယ်တို့သည်
ပညာသင်ပေးနေသည်ထက် ပရိသတ်အကြိုက် ပေါ်ပင်လိုက်၍ ငွေသော်လည်းကောင်း၊
ကျော်စောကိတ္တိသော်လည်းကောင်း၊ သြဇာတိက္ကမသော်လည်းကောင်း
ရှာနေသူများသာဖြစ်၏ဟု ဆိုသည်။ ထိုသူတို့သည် အရပ်ကြိုက်အောင် ပြောဟောရာတွင်
ရယ်စရာညှပ်၍၊ မှတ်စရာညှပ်၍၊ အကြောင်းမထူးသော်လည်း အရပ်ကြိုက်ဖြစ်သော
စကားချော စကားလှတို့ကိုသုံး၍ ယုတ္တိ အမျိုးမျိုး၊ အမြင်အထွေထွေတို့ကို
ဝေဝေဆာဆာတင်ပြ၍ တစ်ဆိတ်ကို တစ်အိတ်ဖြစ်အောင်၊ အမှားကို အမှန်ဖြစ်အောင်၊
အဆိုးကို အကောင်းဟု ထင်ကြအောင် ပြောဟောတတ်ကြသည်ဟု ဆိုသည်။ ဆော့ခရတ္တိသည်
ထိုဆိုဖီဆရာငယ်မျိုးနှင့်တွေ့လျှင် သရော်တော်တော်ပြော၍ ဆုံးမတတ်သဖြင့့်
ဆိုဖီဆရာတို့သည် ဆော့ခရတ္တိကို ငြူစူချင်ကြသည်ဟု ဆိုသည်။