ဝင်ငွေ

လူတိုင်း ဝင်ငွေ (Income) ရအောင် ရှာရမယ်

ဝင်ငွေ ဆိုတဲ့ အဓိပ္ပာယ်က မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် အလုပ်တစ်ခုလုပ်ပြီး ရရှိတဲ့ လုပ်အားခ ဖြစ်တယ်။ ဒီနေ့ခေတ်မှာ ရှင်သန်နေတဲ့ လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ စဉ်းစားရမှာက ဝင်ငွေဖြစ်တယ်။ နေ့လည်ပိုင်း စဉ်းစားရမှာကလည်း ဝင်ငွေ ပါပဲ။ ညအိပ်ယာဝင်ခါနီး စဉ်းစားရမှာကလည်း ဝင်ငွေဖြစ်တယ်။ ဝင်ငွေလမ်းကြောင်း တစ်ခုမရှိတဲ့  လူသားတစ်ဦးဟာ မကြာခင်မှာ အခက်အခဲများ တွေ့ကြုံရမယ်။ စိတ်ပင်ပန်းဆင်းရဲမှုများ ကြုံရမယ်။ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်း ခံရမယ်။ အဆင့်အတန်း ခွဲခြားခံရမယ်။ ယုံကြည်မှုတွေ ပျောက်ကွယ်သွားမယ်။ မိမိချစ်ခင်မြတ်နိုးသူများရဲ့ စွန့်ပယ်ခြင်းကအစ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိ ဖြစ်လာမယ်။
          နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာကလည်း ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှု ဖြစ်တယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံဟာလည်း ဝင်ငွေ ကင်းမဲ့တဲ့ နိုင်ငံ ဖြစ်လာမယ်။ ဝင်ငွေမရှိတဲ့နိုင်ငံဟာ ဆင်းရဲပြီး ဖွံ့ဖြိုးတိုးတက်မှုတွေပါ ကင်းမဲ့သွားမယ်။ ဒီလိုနိုင်ငံမျိုးက လူတွေကိုလည်း တခြားနိုင်ငံသားတိုင်းက အထင်အမြင် အလွန်သေးကြတယ်။ ဒါကြောင့် လူသားတစ်ဦး အရွယ်ရောက်လာပြီဆိုရင် အသက်အရွယ်မရွေး၊ ကျား/မ မရွေး အားလုံးဟာ ဝင်ငွေကို မဖြစ်မနေ ရှာဖွေကြရမယ်။ ဝင်ငွေကို အရေးမထားသူ၊ ဝင်ငွေမရှိသေးသူတို့သည် ဘဝ၏လမ်းကြောင်းမှန်ပေါ်သို့ မည်သည့်အခါမျှ ရောက်မလာပါ။
          ဝင်ငွေနဲ့ငွေဟာ မတူပါဘူး။ ငွေဆိုတာက ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းကြဝယ်ကြတဲ့နေရာမှာ အသုံးပြုတဲ့ ကြားခံပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လူသားတွေဟာ ဝင်ငွေနဲ့ ငွေရဲ့ ကွာခြားမှုကို သိပ်သတိမထားမိကြပါဘူး။ လူ့ဘဝမှာ အရေးကြီးဆုံးဟာ ငွေဖြစ်တယ်လို့ အတော်များများက ယူဆထားကြတယ်။ ဒီလိုယူဆတဲ့ လူတွေဟာ ဗိုက်ဆာနေတဲ့ ခွေးတွေနဲ့ တူတယ်။ သူတို့ဟာ စားဖို့တစ်ခုကလွဲလို့ ကျန်တာ ဘာမှနားမလည်ကြဘူး။ ငွေရှိရင် အေးအေးချမ်းချမ်း နေရပြီ၊ မတောင့်မတ မကြောင့်မကြ နေရပြီ၊ နောင်ရေး စိတ်အေးရပြီ လို့ ယူဆကြတယ်။ ဒါကြောင့် အမြန်ချမ်းသာအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ ဒီလိုမျိုး အမြန်လမ်းက ငွေကြေးချမ်းသာအောင် ကြိုးစားတာမျိုးကို (Rat Race) လို့ခေါ်တယ်။
         Money is a good servant but a bad master လို့ခေါ်တဲ့ အင်္ဂလိပ်စကားပုံလေးတစ်ခု ရှိတယ်။ ငွေဆိုတာ ကိုယ်က ခိုင်းတတ်ရင်တော့ ဝန်ထမ်းကောင်းပါပဲ။  သူ့ကိုဆရာတင်မယ်ဆိုရင်တော့ အလွန်ဆိုးတဲ့ ဆရာဖြစ်တယ်။ သူဟာ လူတွေကို အမျိုးမျိုးသော ရာဇဝတ်မှုတွေ ကျူးလွန်ခိုင်းတော့တာပါပဲ။ ကတိသစ္စာတွေ ပျက်ကြတယ်။ အယောင်ဆောင်ကြရတယ်။ လိမ်လည်ကြရတယ်။ ယုံကြည်မှုတွေ ပျောက်ကွယ်သွားချိန်မှာတော့ အရာရာဟာ တန်ဖိုးမဲ့သွားတယ်။ လိမ်လည်သူတွေ၊ အယောင်ဆောင်နေရသူတွေဟာ အမြဲတစေ ကြောက်ရွံ့နေရတယ်။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ နောက်မှာတော့ ထောင်တွေ၊ အပြစ်ဒဏ်တွေ လိုက်ပါလာကြတာပါပဲ။ လူသားအားလုံးကို ရေရှည်စိတ်ချမ်းချမ်းသာသာနဲ့ တည်ငြိမ်မှုကို ပေးနိုင်တာက ဝင်ငွေသာလျှင် ဖြစ်ပါတယ်။
          ဝင်ငွေကို ရှာဖွေရာမှာ အကြမ်းဖျဉ်းအားဖြင့် (၂)မျိုး ရှိပါတယ်။ ပထမအမျိုးအစားအနေနဲ့ကတော့ အရင်းအနှီး လုံးဝမရှိသေးသူတွေဟာ ဝင်ငွေရအလုပ်တစ်ခုကို ရှာဖွေရမှာ ဖြစ်တယ်။ ဒုတိယတစ်မျိုးကတော့ ဝင်ငွေအတိုင်းအတာတစ်ခုထိ ရှိလာပြီဆိုရင် ကိုယ်ပိုင်အရောင်းအဝယ် လုပ်ငန်းငယ်များကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဝင်ငွေရတဲ့ အလုပ်ဆိုတဲ့ နေရာမှာတော့ ပုံသဏ္ဍာန်အမျိုးမျိုး ရှိနိုင်တယ်။ ကျွမ်းကျင်မှု လုံးဝမလိုတဲ့ အလုပ်မျိုးရှိတယ်။ အနည်းအကျဉ်း ကျွမ်းကျင်ဖို့လိုတဲ့ အလုပ်ရှိတယ်။ ကျွမ်းကျင်ပညာရှိမှ လုပ်လို့ရတဲ့ အလုပ်လည်း ဖြစ်ရင်ဖြစ်မယ်။ အလုပ်အမျိုးအစားအနေနဲ့ကတော့ အစိုးရဝန်ထမ်းအလုပ်တွေ ရှိတယ်။ ပြည်တွင်းအလုပ်တွေ ရှိတယ်။ ပြည်ပအလုပ်တွေ ရှိတယ်။ကျွမ်းကျင်ဖို့ လုံးဝမလိုတဲ့ အလုပ်တွေကတော့ အလုပ်ကြမ်းတွေပဲ ဖြစ်ပါတယ်။ အများစုကတော့ ဒီအလုပ်ကြမ်းတွေပဲ ဖြစ်ပါတယ်။ နည်းနည်းကျွမ်းကျင်ဖို့လိုတဲ့ အလုပ်နဲ့ ကျွမ်းကျင်ပညာရှင်တွေအတွက်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ရမှုာ ဖြစ်တယ်။ သင်ယူထားကြရမှာ ဖြစ်တယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

Open More Online

Related Posts