ယဉ်ကျေးမှုပဒေသာ (အပိုင်း – ၆) ~~~~
သူတော်ကောင်းတရား (၇) ပါး
၁။ သဒ္ဓါ = ရတနာသုံးပါးနှင့် ကံ-ကံ၏ အကျိုးကို ယုံကြည်ခြင်း။
၂။ သတိ = ကောင်းစွာ အောက်မေ့ခြင်း။
၃။ ဟီရိ = မကောင်းမှုပြုခြင်းမှ ရှက်ခြင်း။
၄။ သြတ္တပ္ပ = မကောင်းမှုပြုခြင်းမှ ကြောက်ခြင်း။
၅။ ဗာဟုသစ္စ = အကြားအမြင် များခြင်း။
၆။ ဝီရိယ = အားထုတ်လုံ့လပြုခြင်း။
၇။ ပညာ = ကောင်းစွာသိမြင်ခြင်း။
လူတို့မလေးစားသော အမျိုး (၉) မျိုး
၁။ ဝိဓဝါ = လင်မရှိသော မုဆိုးမ။
၂။ ဒုဗ္ဗလ = အင်အားမရှိသူ။
၃။ အမိတ္တဉာတိ = ဆွေမျိုးမိတ်သင်္ဂဟ မရှိသူ။
၄။ မဟဂ္ဃသ = အစားကြူး၊ အစားပုတ်သူ။
၅။ ဂရုဏဗာဓ = ကြီးသောရောဂါရှိသူ။
၆။ ဓနဟီန = ပစ္စည်းဥစ္စာမရှိသူ။
၇။ အာစာရဟီန = အကျင့်ယုတ်သူ။
၈။ ကမ္မဟီန = အလုပ်မရှိ၊ ပျင်းရိသူ။
၉။ ပယောဂဟီနိ = လုံ့လပယောဂ ချို့တဲ့သူ။
မသူတော်တရာ (၁၀) ပါး
(ကျီးကန်းအကျင့်စရိုက်)
၁။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။
၂။ ရဲတင်း၏။
၃။ တဏှာနှင့် ပြည့်စုံ၏။
၄။ အစားကြီး၏။
၅။ ကြမ်းကြုတ်၏။
၆။ သနားခြင်းကရုဏာ မရှိ။
၇။ အားနည်း၏။
၈။ မြည်တွန်တတ်၏။
၉။ သတိမေ့လျှော့တတ်၏။
၁၀။ မစုဆောင်းတတ်။
နောင်တ တရားကြီး (၁၀) ပါး
ကုက္ကုစ္စ (၁၀) ပါး
၁။ ငယ်ရွယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့မိ၍ ရင့်ရော် နောင်သောအခါမှ၊ မရှိဆင်းရဲမွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။
၂။ ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အခါ ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
၃။ ကောက်ကျစ်စဉ်းလဲ၊ ကုန်းချောစကားကြောင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း၊ လဲလျောင်းမိသောအခါ “ငါပြုတာ မှားလေခြင်း” ဟု နောင်တကြီးစွာရခြင်း။
၄။ သတ္တဝါများအား သနားမဖက်၊ ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာရခြင်း။
၅။ မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း၊ ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောက်တဖန် ပူပန်ရခြင်း။
၆။ များစွာသော ပစ္စည်းဥစ္စာ၊ ဂုဏ်အင်္ဂါနှင့် ပြည့်စုံပါလျက် ဒါနတည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ “ငါ မလှူခဲ့မိတာ မှားလေခြင်း” ဟု နောင်တကြီးစွာရခြင်း။
၇။ မိအိုဖအိုများကို ကျွေးမွေးနိုင်သော ဥစ္စာအင်အား ရှိပါလျက် အသက်ထင်ရှားရှိစဉ် ကျွေးမွေးရန် သတိမရဘဲ၊ သေလွန်သွားပါမှ “ငါ မကျွေးခဲ့မိတာ မှားလေခြင်း” ဟု နောင်တကြီးစွာ ရခြင်း။
၈။ မွေးသည့် မိခင်ဖခင် ကျေးဇူးရှင်တို့အား မထီမဲ့မြင် ပြုခဲ့ ပြောခဲ့မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
၉။ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ်၊ လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ်မိခြင်းကြောင့် နောင်တကြီးစွာရခြင်း။
၁၀။ ငြိမ်သက်သော အကျင့်၊ ခြိုးခြံသော အကျင့်သည် ကောင်း၏ ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက်၊ တွေဝေခဲ့မိသည့်အတွက် မကျင့်မကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာရခြင်း။
မင်းကျင့်တရား (၁၀) ပါး
၁။ သဒ္ဓါ = ရတနာသုံးပါး၌ ယုံကြည်မှု။
၂။ သီလ = ကိုယ်ကျင့်တရား တည်ဆောက်မှု။
၃။ ပရိစ္စာဂ = ပေးကမ်းစွန့်ကြဲမှု။
၄။ အဇ္ဇဝံ = ဖြောင့်မှန်မှု။
၅။ မဒ္ဒဝံ = နူးညံ့မှု။
၆။ တပံ = ဥပုသ်သီတင်း ဆောက်တည်မှု။
၇။ အက္ကောဓံ = အမျက်မထွက်မှု။
၈။ အဝိဟိံသာ = မညှဉ်းဆဲမှု။
၉။ ခန္တီ = သည်းခံမှု။
၁၀။ အဝိရောဓနံ = အများနှင့် မဆန့်ကျင်မှု။
မလှူအပ်သော အလှူ (၁၀) မျိုး
၁။ မဇ္ဇဒါန = မူးယစ်စေတတ်သော သေရည်သေရက် လှူခြင်း။
၂။ သမဇ္ဇဒါန = ပွဲလမ်းသဘင် စသည်အားဖြင့် လှူခြင်း။
၃။ ကတ္ထိဒါန = မေထုန်မှုပြုရန် မိန်းမလှူခြင်း။
၄။ ဥသဘဒါန = မေထုန်အလို့ငှာ နွားလားဥပဘ လှူခြင်း။
၅။ စိတ္တကမ္မဒါန = ကာမဂုဏ်စိတ်ဖြစ်စေရန် စာ၊ ပန်းချီ ရုပ်ပုံကားချပ်တို့ လှူခြင်း။
၆။ သတ္တဒါန = သတ်ဖြတ်ညှင်းဆဲရန် တုတ်၊ ဓား၊ လက်နက် လှူခြင်း။
၇။ ဝိသဒါန = သေလိုက သေစေရန် အဆိပ်ကို လှူခြင်း။
၈။ သင်္ခလိကဒါန = လက်ထိပ်၊ သံခြေကျဉ်းတို့ကို လှူခြင်း။
၉။ ကုက္ကုဋသူရကဒါန = သတ်ဖြတ်စားသောက်ရန် ကြက်၊ ငှက်၊ ဝက်၊ ငါး စသည်တို့လှူခြင်း။
၁၀။ တုလာကူဋ မာနကူဋဒါန = ရောင်းဝယ်ရာ၌ စဉ်းလဲကောက်ကျစ်ရန် မမှန်သော အလေးတင်း၊ တောင်းချိန်ခွင်၊ အတိုင်းအတာကို လှူခြင်း။
လောကီမင်္ဂလာ (၁၂) ပါး
၁။ ဝိဇာတမင်္ဂလာ = ပဋိသန္ဓေ ဖွားမြောက်အောင်မြင်ခြင်း။
၂။ မုခဒဿနမင်္ဂလာ = ဖွားပြီး (၃) ရက်သောကာလ ရတနာသုံးပါးနှင့် ဘိုးဘွား ဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒနမင်္ဂလာ = (၇) ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၄။ ဒေါလာကရဏမင်္ဂလာ = ကောင်းမြတ်သောနေ့၌ ပုခက်၊ အေးယာဉ်တင်ခြင်း။
၅။ ကမ္ဘုလပတ္ထမင်္ဂလာ = (၇၅) ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿနမင်္ဂလာ = (၃) လမြောက်သောနေ့၌ လကို ပြခြင်း။
၇။ နာမကရဏမင်္ဂလာ = ရက် ၁၀၀ မြောက်သောနေ့၌ အမည်ပေးကင်ပွန်းတပ်ခြင်း။
၈။ ပထမဘတ္တမင်္ဂလာ = ခြောက်လပြည့်က ထမင်းဦး ခွံ့ခြင်း။
၉။ ကေသဗန္ဓနမင်္ဂလာ = သင့်တင့်လျှောက်ပတ်သော အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒမင်္ဂလာ = သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။
၁၁။ သာသနာနုဂ္ဂဟမင်္ဂလာ = ချိန်ရွယ်ကျရောက်သောအခါ သာသနာသို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟမင်္ဂလာ = ချိန်ရွယ်ကျရောက်သောအခါ ထိမ်းမြားခြင်း။