good

ဆေးရုံ၊ ဆေးခန်းသွားစရာမလိုရန် ရှောင်သင့်သည့် အလေ့အကျင့်များ

ဆေးရုံ၊ ဆေးခန်းသွားစရာမလိုရန် ရှောင်သင့်သည့် အလေ့အကျင့်များ

အပယိကပြဿနာတွေကြောင့် မကြာခဏ ဆေးရုံဆေးခန်းသွားနေရလို့ စိတ်ညစ်နေပါသလား။ ဆေးခန်း ကို သွားရတာက ငွေကုန်ကြေးကျများတဲ့အပြင် ဆေးခန်း မှာ ဆရာဝန်ကို စောင့်ရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး။ ဆေးထိုးဆေးသောက်ခဏခဏ လုပ်နေရလို့ ဆရာဝန်နဲ့တွေ့ရမှာတောင် ကြောက်နေခဲ့ရင် ဖော်ပြပါအကျင့်ဆိုးတွေကို ပြုပြင်လိုက်ပါ။

ဖျော်ရည်ကို သံဘူးထဲမှ တိုက်ရိုက်သောက်ခြင်း
ကိုကာကိုလာ၊ Spriteနဲ့ဖျော်ရည်အစရှိတဲ့ ဖျော်ရည်တွေကို သံဘူးကနေ တိုက်ရိုက်သောက်တဲ့အကျင့်ရှိနေရင် ပြုပြင်လိုက်ပါ။ ဒီလိုပြုလုပ်တဲ့အကျင့်က ဘူးနှုတ်ခမ်းဝမှာ ရှိနေတဲ့ ဘက်တီးရီးယားပေါင်းများစွာကို ခန္ဓာကိုယ်ထဲရောက်ရှိသွားအောင် ခေါ်ယူလိုက်သလို ဖြစ်သွားပြီး အစာမကြေတာ၊ ခံတွင်းမှာ အနာပေါက်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာလိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဘူးထဲက ဖျော်ရည်တွေကို ဖန်ခွက်ထဲ ထည့်သောက်တာ ဒါမှမဟုတ် ပိုက်နဲ့ စုပ်သောက်တာမျိုး ပြုလုပ်ပါ။

သင်၏ အသုံးအဆောင်အိတ်များကို အိပ်ရာ သို့မဟုတ် ကုလားထိုင်ပေါ် တင်ထားခြင်း
သင် နေ့စဉ် ကိုင်နေကျ ပိုက်ဆံအိတ် ဒါမှမဟုတ် ဈေးဝယ်ထားတဲ့အိတ်တွေကို ကုလားထိုင် ဒါမှမဟုတ် အိပ်ရာပေါ်မှာ ဘယ်တော့မှ မတင်ထားမိပါစေနဲ့။ သင့်အိတ်တွေမှာ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ကပ်ပါလာတာမို့ အိတ်ကတစ်ဆင့် ရောဂါပိုးတွေကူးစက်လာပြီး ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်တာကြောင့်ပါ။ သားရေအိတ်တွေက အဆိုးဆုံးပါ။

ပလတ်စတစ်ခွက်ဖြင့် ကော်ဖီသောက်ခြင်း
ကော်ဖီဆိုင်ကနေ ပါဆယ်ဝယ်လာတဲ့အခါမှာ ပလတ်စတစ်ခွက်နဲ့ ထည့်ထားလို့သန့်ရှင်းပြီး အန္တရာယ်ကင်းတယ်လို့ ထင်နေပါသလား။ ပလတ်စတစ်ခွက်မှာ Bisphenol A ဒြပ်ပေါင်းတွေ ပါဝင်ပြီး ကော်ဖီရဲ့ အပူချိန်များလာတာနဲ့ တစ်ပြိုင်နက် အဲဒီ ဒြပ်ပေါင်းရဲ့ပမာဏ မြင့်တက်လာပါတယ်။ Bisphenol A ရဲ့ ပမာဏများစွာက ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ရင် အာရုံမစူးစိုက်နိုင်တာ၊ စွမ်းအင်လျော့နည်းသွားတာ၊ ဆဲလ်ကြီးထွားမှုကျဆင်းသွားတာနဲ့ မျိုးပွားအင်္ဂါအဖွဲ့လုပ်ဆောင်ချက်တွေ လျော့နည်းသွားတာလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်ခါနိုင်ပါတယ်။ ကော်ဖီကို သတ္တုခွက် ဒါမှမဟုတ် ဖန်ခွက်တွေနဲ့သာ ထည့်သောက်သင့်ပါတယ်။

ဘာဂါအစား Salad စားမိခြင်း
Salad ခေါ်တဲ့ ဟင်းရွက်တွေကို အသား၊ ချိစ်၊ သံလွင်ဆီတွေနဲ့ သုပ်ထားတာကြောင့် ဘာဂါထက်ပိုပြီးအာဟာရ ပိုပြည့်ဝကာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်နေပါသလား။ Salad ခေါ်တဲ့ ဟင်းရွက်သုပ်တွေမှာ အဆီ၊ အာလူး၊ ချိစ်လိုမျိုး အဆီများတဲ့အစာတွေ ပါဝင်တတ်ပါတယ်။ Saladထက်စာရင် ဘာဂါက အသား၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ ပိုပြီးပါဝင်တဲ့အတွက် နှစ်မျိုးယှဉ်လာရင် ဘာဂါကိုသာ ရွေးချယ်သင့်ပါတယ်။

မိမိ၏ ကိုယ်ပိုင်အိမ်သုံးပစ္စည်းများကို အခြားသူများနှင့် ဝေမျှမသုံးစွဲလိုခြင်း
သင်ဟာ တခြားလူတစ်ယောက်နဲ့အတူ တစ်ခန်းတည်းနေရသူဖြစ်ရင် သင့်ရဲ့တစ်ကိုယ်ရေသုံးပစ္စည်းတွေကလွဲလို့ သင့်ရဲ့ကိုယ်ပိုင်အိမ်သုံးပစ္စည်းတွေကို တခြားသူကိုပါ ဝေမျှသုံးစွဲခွင့်ပြုပါ။ သင့်ပစ္စည်းကို သူများကို ပေးမသုံးဘဲ သင်ကိုယ်တိုင်ပဲ သုံးမယ်ဆိုရင် နောက်ဆက်တွဲ ဝေဖန်မှုတွေကြောင့် သင့်အတွက် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊ ဒေါသထွက်မှုတွေများလာပြီး သွေးပေါင်ချိန်တက်လာနိုင်ပါတယ်။

သကြားအစား ဆေးသကြားအသုံးပြုခြင်း
Diet Coke, Sugarless Icecream ဒါမှမဟုတ် Low Fat လို့ အမည်တပ်ထားတဲ့ပစ္စည်းတွေဟာ တခြားစားသောက်ကုန်တွေထက် ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်တယ်ဆိုတာ မဟုတ်ပါဘူး။ အမှန်မှာတော့ သုတေသနပြုလုပ်ချက်အရ အစားအစာတွေမှာ ပါဝင်တဲ့သကြားတု (ဆေးသကြား) တွေက သဘာဝသကြားထက်ပိုပြီး အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ Stevia ဆိုတဲ့ အမျိုးအစားတစ်ခုသာ သကြားအစားထိုးအသုံးပြုဖို့ သင့်တော်တယ်လို့ သုတေသီ‌တွေက မှတ်ချက်ပေးထားပါတယ်။

အသက်ရှူပုံရှူနည်း မှားယွင်းခြင်း
အသက်ရှူပုံရှူနည်း ၂၅ မျိုးရှိတယ် ဆိုတာ သင်သိပါရဲ့လား။ ဒီထဲက နို့စို့ကလေးတွေ ရှူတဲ့အသက်ရှူနည်းတစ်မျိုးတည်းကသာ မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ ကျွန်မတို့တွေက များသောအားဖြင့် ရင်ဘတ်ကတစ်ဆင့်ကသာ အသက်ရှူကြပါတယ်။ ဒီနည်းလမ်းနဲ့ အသက်ရှူတာကြောင့် အောက်ဆီဂျင်က အဆုတ်အပေါ်ပိုင်းနေရာကိုသာ ရောက်ရှိပြီး အဝလွန်တာတွေနဲ့ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နို့စို့ကလေးငယ်တွေ အသက်ရှူတဲ့နည်းလမ်းအတိုင်း ဝမ်းဗိုက်ကနေသာ အသက်ပြင်းပြင်းရှူသင့်ပါတယ်။

အိမ်သာတက်ပုံတက်နည်း မှားယွင်းခြင်း
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဗိုလ်ထိုင်အိမ်သာနဲ့ အိမ်သာတက်တာက သင့်ကျန်းမာရေးကို ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အနေအထားက ဝမ်းသွားဖို့ ညှစ်အားအသုံးမပြုရတာကြောင့် လိပ်ခေါင်းဖြစ်ဖို့ အခွင့်အရေး အလွန်နည်းသွားပါတယ်။ သင့်အိမ်မှာ ဗိုလ်ထိုင်အိမ်သာရှိတယ်ဆိုရင် သင့်ခြေထောက်တင်ဖို့ ခွေးခြေပုလို ခုံလေးထားပေးပါ။

နေ့စဉ် လည်စည်း(Tie) စည်းထားခြင်း
သင်ဟာ နိုင်ငံခြားသားတွေနဲ့တွဲပြီး အလုပ်လုပ်ရသူဖြစ်ကာ လည်စည်းကို မဖြစ်မနေ ဝတ်ရသူဖြစ်မှသာလျှင် လည်စည်းကို အသုံးပြုသင့်ပါတယ်။ လည်စည်းကို နေ့စဉ်အသုံးပြုတာက သင့်လည်ပင်းမှာရှိတဲ့ သွေးပြန်ကြောမကြီးကို ဖိအားပေးသလို ဖြစ်တဲ့အတွက် မျက်လုံးအတွင်း ဖိအားတွေတိုးလာပြီး ရေတိမ်ရောဂါ ဒါမှမဟုတ် အမြင်အာရုံဆုံးရှုံးတာလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လည်စည်းမှာလည်း ဘက်တီးရီးယားတွေ ကပ်ငြိတွယ်ကပ်နေတတ်ပါတယ်။

သင့်ရောဂါကို အင်တာနက်မှတဆင့် ရှာဖွေခြင်း
သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာကို အင်တာနက်ကနေ ရှာဖွေပြီး မိမိဘာသာ ကုသနေပါသလား။ ဒီလိုပြုလုပ်တာက ရောဂါရဲ့ အခြေအနေကို ပိုမိုဆိုးရွားနိုင်ပါတယ်။ အင်တာနက်ကနေ ရောဂါကုမယ့်အစား ဆရာဝန်နဲ့သာ တိုင်ပင်ပြီး ကုသပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts