ချစ်သမျှကို စာဆိုရှင် အနောက်နန်းမတော် မမြလေး(ပထမပိုင်း)

ချစ်သမျှကို စာဆိုရှင် အနောက်နန်းမတော် မမြလေး-ကုန်းဘောင်ခေတ် ကုန်းဘောင်မင်းဆက် (၁၁) ဆက်မှ မင်းဆက် (၈) ဆက်မြောက်သည် သာယာဝတီမင်း (မင်း တုန်းမင်း၊ ပုဂံမင်း၊ ကနောင်မင်းသားတို့၏ ခမည်းတော်ဖြစ်သည်။ မြန်မာသက္ကရာဇ် (၁၁၉၉) ခုနှစ်၊ အင်းဝနေပြည်တော် နန်းတက် ထီးနန်းစံသည်။

မြန်မာသက္ကရာဇ် (၁၂၁၂) ခုနှစ်တွင် “သာယာဝတီမင်း” သည် မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ ဇောင်းကလော‌ရေကန်အနီးတွင် ဘုရားစေတီတော်တစ်ဆူ တည်ထားတော်မူပြီး ဘုရားစေတီ တော်ကို “လောကမဏိစူဠာစေတီတော်”ဟူ၍ ဘွဲ့တော်တည်ထားပြီး ကိုးကွယ်တော်မူခဲ့သည်။

ထိုစေတီတော်မြတ်ကြီး၏ ထောင့်လေးထောင့်၌ သာယာဝတီမင်း၏ မိဖုရားလေးပါးတို့မှ အရံစေတီတော်တစ်ဆူစီ တည်ထားတော်မူသည်။ စေတီတော်၏ အနောက်မြောက်ထောင့်တွင် “စကြာဒေဂီသမီးတော်” မှ “သုံးလောကပရမေ” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော် မူသည်။

စေတီတော်ကြီး၏ အရှေ့တောင်ထောင့်၌ “ဝေသာလီမင်းသမီး (ခေါ်) ကျပင်းမင်းသမီး” မှ “မဟာတိလောက” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော်မူသည်။ စေတီတော်ကြီး၏ အနောက်တောင်ထောင့်၌ ဗန်းမော်မိဖုရားမှ “သုံးလူ့ထိပ်ပန်” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူ တည်ထား‌တော်မူသည်။

စေတီတော်ကြီး၏ အရှေ့မြောက်ထောင့်၌ အနောက်နန်းမတော် မမြလေးမှ “ရတနာလောက” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော်မူပါသည်။ သာယာဝတီမင်းသည် မိဖုရားများ အနက် ချစ်မြတ်နိုးသော မိဖုရားလေးပါးကို ရွေးချယ်၍ ကုသိုလ်ပါဝင်တော်မူစေသည်။

ထိုမိဖုရားလေးပါးတွင် အထူးသဖြင့် အနောက်နန်းမ တော်မမြလေးကို ပို၍ပင်ချစ်မြတ်နိုးတော် မူ၍ “မြလေး”ဟုတင် စားခေါ်သည်။ အနောက်နန်းမတော်မမြလေးသည် မင်းဆွေမင်းမျိုး အနွယ်တော်မဟုတ်ပါ။

ထီးရိပ်နန်းရိပ်နှင့်ဝေးသော သာမာန်အရပ်သူတစ်ယောက်ဖြစ်ပါသည်။ မမြလေးသည် အရပ်သူ သာရဝေါလှေပဲ့နင်း သမိန်ထောရာဇာနှင့် မယ်တော် ဒေါ်မယ်အိ(ခေါ်) မင်းပျံချီမယ်အိ တို့မှ မြန်မာသက္ကရာဇ် (၁၁၇၁) ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။

မိဘနှစ်ပါးသည် သမီးနာမည်ကို “မမြကြုတ်”ဟု အမည်ပေးပါသည်။ မမြကြုတ်၏ ရုပ်ဆင်း သဏ္ဍာန်လက္ခဏာမှာ ချောမောလှပပြီး အရွယ်ရောက်သောအခါ စာပေအနုပညာတေးကဗျာ များကို ရေးဖွဲ့စပ်ဆိုသော စာဆိုရှင်တစ်ယောက်ဖြစ်ထွန်းလာသည်။

ထိုအချိန်တွင်”သာယာဝတီမင်း”သည် တိုင်းနိုင်ငံလှည့်လည်တော်မူရာ”မမြကြုတ်”ကို တွေ့မြင် သော် စုံမက်မြတ်နိုးတော်မူသဖြင့် အသက်(၁၈) နှစ်အရွယ် အပျိုတော်ဝင်စ “မမြကြုတ်”ကို ကောက်ယူသိမ်းပိုက်တော်မူသည်။ သာယာဝတီမင်းသည် “မမြကြုတ်”ကိုအနောက်နန်းမတော် အဖြစ် မြှောက်စားတော်မူသည်။

ထိုအချိန်မှစ၍ အရပ်သူ”မမြကြုတ်” ဘဝမှ အနောက်နန်းမတော် “မမြလေး” အမည်ဖြင့် ပေါ်လွင်ထင်ရှားလာခဲ့သည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts