ချစ်သမျှကို စာဆိုရှင် အနောက်နန်းမတော် မမြလေး(ဒုတိယပိုင်း)

ချစ်သမျှကို စာဆိုရှင် အနောက်နန်းမတော် မမြလေး-ရှေးခေတ်ကာလတွင် အမျိုးသမီးစာဆိုရှင် များဖြစ်ကြသောခင်ဆုံ၊မယ်ခွေ၊လှိုင်ထိပ်ခေါင်တင်၊ အနောက်နန်းမတော်မမြလေးတို့၏အမည် မှာ ထင်ပေါ်ကျော်ကြားလာကြပါသည်။ စာဆိုရှင်လှိုင်ထိပ်ခေါင်တင်၏”မယ်ခုမျှော်”တေးသီချင်း များမှာ ယခုခေတ်တိုင်မရိုးနိုင်အောင် နာမည်ကျော်ကြားလျက်ရှိပါသည်။

မြန်မာသက္ကရာဇ်(၁၂၀၅)ခုနှစ်တွင်”သာယာဝတီမင်း”၏ မိဖုရားအနောက်နန်းမတော်မမြလေး သည် မန္တလေးမြို့တောင်ဘက် အမရပူရမြို့ အနောက်တောင်နေရာ”တက်သေးအင်း” အနောက် ဘက်ဘေး ကားလမ်းအနီး၌ စေတီတော်တစ်ဆူတည်ပြီး ဘွဲ့တော်ကို”ရေလယ်ကုသိနာရုံ ဆုတောင်းပြည့်မြတ်စွာဘုရား”ဟူ၍ ဘွဲ့တော်တင်ပြီး ကိုးကွယ်တော်မူခဲ့သည်။

ထိုအချိန်ကာလနောက်ပိုင်းတွင် နန်းတွင်းရှုပ်ထွေးနေသည့် ကာလဖြစ်သဖြင့် အနောက်နန်းမ တော် “မမြလေး” အားသာယာဝတီမင်းသည် နန်းတွင်းအရေးတွင် ပုဂံမင်းသားနှင့် ပတ်သက်သည်ဟု သံသယဖြစ်ပြီး စွပ်စွဲခဲ့သည်။

ဤတွင် သာယာတီမင်းသည် အနောက်နန်းမတော်မမြလေးကို သူ့အပေါ် သစ္စာဖောက်သည်ဟု အမျက်တော်ထား၍ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၏ စနစ်ထုံးစံအတိုင်း သူအလွန်ချစ်မြတ် နိုးသော အနောက်ဘက်ရှိ”သရက်နှစ်ပင်” တောင်ကုန်းတွင်ကွက်မျက်၍ အသက်သေဆုံးရရှာပါ သည်။

(ယခုတိုင် ထိုနေရာသည် အမရပူရမြို့၏ သုသာန်သင်္ချိုင်းကုန်းမြေအဖြစ် ရှိနေပါသည်။) အနောက်နန်းမတော်မမြလေးသည် မြန်မာသက္ကရာဇ် (၁၂၀၇) ခုနှစ်၊ သက်တော်(၃၆) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။

ဘုရားအမ အနောက်နန်းမတော် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီး၏ ဝါတော်သက်တမ်းမှာ နှစ်ပေါင်း (၁၇၂) နှစ်ရှိသော်လည်း စေတီတော်ကြီးသည် ပြိုပျက်ခြင်း မရှိဘဲ ရှေးခေတ်မူလအတိုင်း သပ္ပာယ်စွာ တည်ရှိနေသော ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူ ဖြစ်ပါသည်။

အနောက်နန်းမတော် မမြလေးကောင်းမှု ရေလယ်ကုသိနာရုံ ဆုတောင်ပြည့်ဘုရားဒါယိကာမ နန်းမတော်မမြလေး၏ မွေးနေ့ဖြစ်သော သီတင်းကျွတ်လပြည့်ကျော် (၂) ရက်နေ့တွင် ပွဲတော် ကျင်းပပါသည်။

ကုန်းဘောင်ခေတ် နှောင်းအတိတ်က စာဆိုရှင် အနောက်နန်းမတော်မမြလေး ကိုယ်တိုင်ရေးဖွဲ့ စပ်ဆိုခဲ့သော…

“ချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံးသာပ လေးဆူဒီပါ သီတာရေမြေဆုံးစေတော့…” ဟူသော “ချစ်သမျှကို” တေးသီချင်းသည် ယခု မျက်မှောက်ခေတ်တိုင် မရိုးနိုင်ဘဲ တိမ်မြုပ်ပျောက်ကွယ် သွားခြင်းမရှိဘဲ ထင်ပေါ်ကျော်ကြားလျက် ရှိနေကြောင်း လေ့လာသိရှိရသမျှ ရေးသားတင်ပြ လိုက်ရပါသည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts