ရောက်တဲ့ဘဝမှာ ပျော်အောင်နေပါ

ရောက်တဲ့ဘဝမှာ ပျော်အောင် နေပါ

ရောက်တဲ့ဘဝမှာ ပျော်အောင် နေပါ – Single ဘဝက ပိုပျော်ဖို့ကောင်းလား၊ Couple ဘဝက ပိုပျော်ဖို့ကောင်းလား ဒီမေးခွန်းကို ကျွန်တော် အမေးခံခဲ့ရဖူးတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းဟာ Single နဲ့လည်း မဆိုင်ပါဘူး။ Couple နဲ့လည်း မဆိုင်ပါဘူး။ ပျော်နေတဲ့ Single တွေရှိတယ်။ စိတ်ဆင်းရဲနေတဲ့ Single တွေရှိတယ်။ ပျော်နေတဲ့ Couple တွေရှိတယ်။ မျက်ရည်အမြဲကျနေရတဲ့ Couple တွေလည်းရှိတယ်။ ကိုယ်က Single ဆိုပြီး ဝမ်းနည်းအားငယ်တာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။ Single ဖြစ်တဲ့အချိန်မှာ Single ဘဝရဲ့အရသာကို အပြည့်အ၀ခံစားပါ။ မိမိဘဝလေးကို ချစ်ပါ။ တန်ဖိုးထားပါ။ Couple ဖြစ်သွားတဲ့ အချိန်ကျရင်လည်း ချစ်သူတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ပါ။

ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် တာဝန်ကျေကျေနဲ့ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ လောကဓံတရားဟာ အချိန်မရွေး သင့်ဆီ အလည်လာတတ်ပါတယ်။ မိမိက ပစ်တိုင်းထောင်လို ဘယ်နေရာပဲ ပြုတ်ကျပြုတ်ကျ ပြန်ထနိုင်တဲ့သူ ဖြစ်နေမှ တော်ရာကျမှာဖြစ်ပါတယ်။ Single ဘဝဆိုရင် မိမိကိုယ်ကို ချစ်ပါ။ ချစ်သူမရှိတာ အားငယ်စရာ လုံးဝမဟုတ်ပါ။ သင့်ကိုပျော်အောင် ဘယ်သူမှ လုပ်ပေးလို့မရပါဘူး။ သင့်ကို ပျော်စေတာ သင့်စိတ်ပဲ ဖြစ်ပါတယ်။ မိမိရဲ့စိတ်ကို မိမိဘာသာ ပြောင်းလဲယူရမှာဖြစ်ပါတယ်။

ချစ်သူမရှိသေးရင် မိမိရဲ့ဘဝကို ရည်မှန်းချက်နဲ့ ချည်နှောင်ပါ။ ရည်မှန်းချက်ကို ချစ်ပါ။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ပါ။ လောကကြီးမှာ အချို့အရာတွေက အချိန်မကျသေးလို့ မဖြစ်ပျက်သေးတာပါ။ အခု မဖြစ်ပျက်သေးရုံနဲ့ တစ်သက်လုံး ဖြစ်မလာတော့မှာ မဟုတ်ပါဘူး။ တစ်ခုခုကို ငုတ်တုတ်ထိုင်ပြီး စောင့်နေမယ့်အစား အကျိုးရှိတာတွေ လုပ်ရင်း၊ မိမိဘဝကို တိုးတက်အောင်လုပ်ရင်း နေထိုင်လို့ရပါတယ်။ ဒီနေ့ကစပြီး သင့်ရဲ့ပျော်ရွှင်မှုဟာ သင်နဲ့ပဲ ဆိုင်တယ်ဆိုတာကို စိတ်ထဲမှာ မြဲမြဲစွဲအောင် မှတ်ထားကြည့်ပါ။

“သင့်ပျော်ရွှင်ခြင်းဆီသွားတဲ့ တံခါးပေါက်ရဲ့သော့ကို

အခြားတစ်ယောက်ရဲ့အိတ်ကပ်ထဲ မထည့်မိပါစေနဲ့”

အမည်မသိ

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline

Related Posts