Ball in Play (ဘောအင်ပလေး) - ကျင်းကစားနေသည့်ဘောလုံး

Ball in Play (ဘောအင်ပလေး) – ကျင်းကစားနေသည့်ဘောလုံး

ကစားသူသည် ဘောလုံးတစ်လုံးကို တီခုံမှစတင်ရိုက်လိုက်သည်နှင့် ထိုဘောလုံးသည် ” ဘောအင်ပလေး ” ကျင်းကစားနေသော ဘောလုံးဖြစ်သည်။ ကစားနေသော ဘောလုံးသည် ကစားနေသည့် ကျင်းအတွင်းသို့ ဝင်ပြီးဖြစ်လျှင်၊ ပျောက်ဆုံးသွားလျှင်၊ အိုဘီကျခဲ့လျှင်၊ ကောက်ယူခဲ့လျှင် (သို့မဟုတ်) အခြားဘောလုံးဖြင့် အစားထိုးရိုက်ခဲ့လျှင် (စည်းမျဉ်းက ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ) ထိုကျင်းအတွက် ကစားနေသောဘောလုံး (ဘောအင်ပလေး) မဟုတ်တော့ပါ။ အစားထိုးလိုက်သော ဘောလုံးသည် (ဘောအင်ပလေး) ဖြစ်သွားသည်။

ဘောလုံးနေရာ မှတ်လိုက်သော်လည်း ကောက်ယူခြင်းမပြုလျှင် ” ဘောအင်ပလေး ” ကျင်းကစားနေသော ဘောလုံးအဖြစ် ဆက်လက်တည်နေသည်။ ဘောလုံးနေရာ မှတ်ထားသော မတ်ကာကို မဖြုတ်သေးသော်လည်း ဘောလုံးကို ကောက်ယူသန့်စင်ပြီးနောက် မူလနေရာတွင် ပြန်ထားခဲ့လျှင် ” ဘောအင်ပလေး ” ပြန်ဖြစ်သွားသည်။ ကျင်းစတင်ကစားသောအခါ တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့သောဘောလုံးနှင့် ထိုအမှားကိုပြင်ရန်အတွက် ရိုက်သော ဘောလုံးများသည် ” ဘောအင်ပလေး ” မဖြစ်ပါ။

တီခုံမှားရိုက်ခြင်းအတွက် စည်းမျဉ်း 11-4 နှင့် 11-5 (ကျင်းပြတ်ကစားခြင်းနှင့် အချက်ရေကစားခြင်း) ပါ အတိုင်းဆောင်ရွက်ရမည်။ သို့မဟုတ်ပါက တီခုံမှ စတင်ရိုက်ပြီး နောက်ထပ်ရိုက်မည့်အချက်ကို တီခုံမှပြန်၍ရိုက်မည် (သို့မဟုတ်) ရိုက်ရမည်ဆိုလျှင် ထိုဘောလုံးကို တီခုံအပြင်မှရိုက်သော်လည်း ဘောလုံးသည် ကျင်းကစားသော ” ဘောအင်ပလေး ” ဘောလုံးဖြစ်သည်။

-ဦးမြတ်ခိုင် ဘာသာပြန်ဆိုသော Rule of Golf စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts