၇၀ ရာခိုင်နှုန်း

၇၀ ရာခိုင်နှုန်း (Part 2)

စိတ်ဟာ တစ်နေ့တစ်နေ့ ကောင်းတာတွေကို တွေးတာများသလား။ ဆိုးတာတွေကို‌ တွေးတာများသလား။ များသောအားဖြင့်တော့ မကောင်းတာတွေကို တွေးနေတတ်တာများပါတယ်။ မကောင်းတာတွေဆိုတာက ကိုယ့်ရဲ့စိတ်နှလုံးကို ပူပန် ညှိုးချုံကျစေတဲ့ အဆိုးမြင်အတွေးတွေကို တွေးနေမိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကို အဆိပ်ထုတ်မယ်။ ဝိတ်လျှော့မယ်ဆိုရင် ပထမဦးဆုံး စည်းကမ်းချက်

Rule No.1 အနေနဲ့ Negative Thoughts စိတ်ကို ညစ်နွမ်းစေတဲ့ အဆိုးမြင် အတွေးတွေ မှန်သမျှ လုံးဝမတွေးတော့ပါဘူးလို့ လုပ်ရမယ်။

ဘယ်လို အတွေးမျိုးတွေလဲ။ ဒေါသစိတ်၊ မနာလိုစိတ်၊ အကုသိုလ်စိတ်၊ အမုန်းပွားတဲ့စိတ်၊ သူများကို ကြည့်လို့မရဘူးဆိုတဲ့ စိတ်၊ သိမ်ငယ်တဲ့ စိတ်၊ ယှဉ်ပြိုင်လိုတဲ့ စိတ်၊ ဝမ်းနည်းတဲ့ စိတ်၊ မလုံခြုံတဲ့ စိတ်၊ ကြောက်ရွံ့တဲ့ စိတ်၊ နေရင်းထိုင်ရင်း မကြည်လင်ဖြစ်နေတတ်တဲ့ စိတ်တွေအပြင် အတိတ်က နောင်တတွေ မသေချာတဲ့ အနာဂတ်ကို မျှော်မှန်းကြောက်ရွံ့နေတာတွေ၊ စိတ်ရှုပ်ထွေးနေတာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်နေမိတာ အဲဒီလို စိတ်ကူးတွေ အကုန်လုံးကို လုံးဝကန့်သတ်ပစ်လိုက်ရပါမယ်။

အဲဒီလို လုပ်ဖို့ဆိုတာ နည်းနည်းတော့ ခက်ခဲပေမဲ့ အလေ့အကျင့် ရသွားရင်တော့ အဆင်ပြေလွယ်ကူသွားမှာပဲ ဖြစ်ပါတယ်…။

Rule No.2

စည်းကမ်း နံပါတ်နှစ် အနေနဲ့ ဒီစိတ် အတွေးတွေကို ဘယ်လိုပုံစံနဲ့ ကန့်သတ်တားဆီးမလဲ။ Negative Thoughts တစ်ခု ပေါ်လာတဲ့အခါတိုင်း အဲဒီ အတွေးစက်ဝိုင်းကို ဖျက်ချလိုက်ပါ။ STOP!! တော်ပြီ…ရပ်တော့…လို့ ပြောလိုက်ပါ။

စိတ်ထဲမှာ ပေါ်လာတဲ့ တွေးလုံးတွေ မှန်သမျှဟာ ကောင်းကင်မှာ ရွေ့လျားနေတဲ့ တိမ်တွေလိုပဲ။ အခု ဒီနေရာမှာ ဒီလို ပုံသဏ္ဍာန်နဲ့ ရှိတယ်။ နောက်တစ်ခါ ချက်ချင်းပြန်ကြည့်လိုက်…။ အဲဒီနေရာမှာ အဲဒီပုံစံနဲ့ မရှိတော့ဘူး…။ ဖြစ်လာတာတစ်ခုဟာ ပျက်သွားတာချည်းဘဲ ဒီလို နှလုံးသွင်းပေးပါ။

ဒါမှမဟုတ် အဆိုးတစ်ခုခု တွေးနေမိပြီဆိုတဲ့အခါ ငြိမ်ငြိမ်ကလေးထိုင်နေလိုက်ပြီး အတွေးရေယဉ်ကြောမှာ နစ်မျောသွားဖို့ထက် အလုပ်တစ်ခုကို ကောက်လုပ်လိုက်ပါ။ ဟင်းချက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်ပြီး စကားပြောလိုက်တာ စသည်ဖြင့် အာရုံပြောင်းပေးပါ။

ကိုယ်တွေးလိုက်တဲ့ အတွေးမှန်သမျှဟာ တကယ်ဖြစ်လာမှာ သေချာလား။ တကယ်ရော မှန်ကန်ရဲ့လားဆိုတာကို စဉ်းစားပေးပါ။ ပြဿနာ တစ်ခုကို တောက်လျှောက်ထိုင်ပြီး တွေးနေတာမျိုးထက် အဖြေရှာလို့ တွေ့နိုင်မယ့် နည်းလမ်းတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။

နောက်တစ်ခု အမြဲမှတ်ထားရမှာက Negative Bias ဆိုတဲ့ အဆိုးမြင် အတွေးတွေရဲ့ ဘက်လိုက်မှုပါ…။ ဦးနှောက်က အလေ့အကျင့်တွေအရ ပြဿနာတွေကိုပဲ လိုက်ရှာနေတတ်ပါတယ်…။ မတည့်တာတွေချည်း စားချင်တဲ့ ပါးစပ်ပေါက်လိုပါပဲ…။

သူက အဆိုးတွေကို ပိုတွေးတတ်ပါတယ်။ သူ့ကို သိပ်အလို မလိုက်ပါနဲ့။ သူ့သဘာဝကို နားလည်တယ်ဆိုရင် သူ့အမူအကျင့်ကိုလည်း ပြင်ဖို့ လွယ်ကူမှာပါ…။

စိတ်ကို ၁၀၀ ရာခိုင်နှုန်း အဆိပ်တွေ ထုတ်ပစ်နိုင်ဖို့ဆိုတာ သာမာန်ပုထုဇဉ် လူသားအတွက် မလွယ်ကူပါ…။ ၇၀ ရာခိုင်နှုန်းလောက် ထုတ်ပစ်နိုင်တယ်ဆိုရင်ပဲ ကြည်လင်တဲ့ ကုသိုလ်စိတ်တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts