ဤနည်းကိုလုပ်၊ နေရာတိုင်းတွင် ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း - ၂)

ဤနည်းကိုလုပ်၊ နေရာတိုင်းတွင် ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၂)

တယ်လီဖုန်းဖြင့် စကားပြောရာတွင် တယ်လီဖုန်း ကုမ္ပဏီသည် အသေးစိတ်စုံစမ်း ကြည့်ရှုဖူး၏။ ထိုစကားကို သင် တွေးကြည့်မိပြီဟု ထင်သည်။ ထိုစကားလုံးသည် ‘ကျွန်ုပ်’ ‘ကျွန်ုပ်’ ‘ကျွန်ုပ်’ ပင်ဖြစ်၏။ တယ်လီဖုန်းဖြင့် ပြောသော စကားအကြိမ်ပေါင်း ၅၀၀ တွင် ‘ကျွန်ုပ်’ ‘ကျွန်ုပ်’ ‘ကျွန်ုပ်’ ‘ကျွန်ုပ်’ ကို အကြိမ်ပေါင်း ၃၉၉၀ အသုံးပြုကြသည်။

လူတစ်စု ရိုက်ထားသော ဓာတ်ပုံတွင် သင်လည်းပါ၏။ ထိုဓာတ်ပုံကို မြင်လျှင် မည်သူ၏ ဓာတ်ပုံကို သင်သည် ရှေးဦးစွာ ကြည့်မည်နည်း။ အခြားလူများသည် သင့်အပေါ်တွင် စိတ်ဝင်စားလျက် ရှိသည်ဟု သင်အထင်ရောက်ခဲ့ပါလျှင် ဤမေးခွန်းကို ဖြေပါ။ ယနေ့ည သင်သေလျှင် သင်၏ အသုဘကို လူဘယ်နှစ်ယောက် လာမည်လဲ။

တစ်ဖက်သားကို စိတ်မဝင်စားဖူးဘဲနှင့် သင့်အပေါ် တစ်ဖက်သားက မည်သည့်အတွက်ကြောင့် စိတ်ဝင်စားရမည်နည်း။ သင့်ခဲတံကို လှမ်းယူပြီးလျှင် သင်၏ အဖြေကို ဤနေရာတွင် ရေးပါ။ မိမိကိုယ်ကို လူများက အထင်ကြီးအောင် လုပ်ရုံမျှဖြင့် ကျွန်ုပ်တို့အပေါ်တွင် တစ်ဖက်သား စိတ်ဝင်စားလာအောင် ကြိုးစားခဲ့သော် ကျွန်ုပ်တို့သည် မိတ်ဆွေစစ်များ ရနိုင်မည်မဟုတ်ချေ။ မိတ်ဆွေရင်းချာများကို ဤနည်းအားဖြင့် မရနိုင်။ နပိုလီယန်သည် ဤနည်းကို စမ်းကြည့်ဖူး၏။ ဂျိုးဆက်ဖင်နှင့် နောက်ဆုံး တွေ့ရသောအကြိမ်တွင် ‘ဂျိုးဆက်ဖင်ရယ်၊ ကမ္ဘာပေါ်တွင် မောင်ဟာ ကံအကောင်းဆုံး လူတစ်ယောက်ပါပဲ၊ သို့ပေမယ့် ဒီအချိန်မှာ ခင်ကလွဲရင် မောင်အားထားရမယ့်လူဟာ တခြားမှာ မရှိတော့ဘူး’ ဟူ၍ နပိုလီယန်က ပြောပြဖူး၏။ သို့ရာတွင် သမိုင်းဆရာများကမူကား ဂျိုးဆက်ဖင်ကိုပင်လျှင် နပိုလီယန်သည် အားကိုးမှကိုးပါရဲ့လား သံသယ ဖြစ်ကြသေးသည်။

‘ဘဝကို သုံးသပ်နည်း’ ခေါ် စာအုပ်တစ်အုပ်ကို ကွယ်လွန်သူ အယ်ဖရက်အတ်ဒလာသည် ရေးသားခဲ့ဖူး၏။ ထိုစာအုပ်တွင် ‘တစ်သက်တာတွင် ကိုယ်တိုင် ဒုက္ခအများဆုံးတွေ့ရ၍ အခြားတစ်ဖက်သားတို့ကိုလည်း ဒုက္ခအများဆုံးပေးသောသူသည် တစ်ဖက်သားတို့၏ ကိစ္စများတွင် စိတ်မဝင်စားသော သူသာလျှင် ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များမှ လူတို့၏ ချို့ယွင်းပျက်ကွက်မှုမှန်သမျှသည် ပေါ်ပေါက်လာကြသည်’ ဟူ၍ ထိုကျော်ကြားသော ဗီယင်နာမြို့သား စိတ်ပညာဆရာကြီးက ရေးခဲ့လေသည်။

အလွန်နက်နဲသော စိတ်ပညာကျမ်းများကို သင်သည် ဖတ်ဖူးသော်လည်း သင်နှင့်ကျွန်ုပ်တို့အတွက် အရေးကြီးသော ဤလိုစာကြောင်းမျိုးကို တွေ့ချင်မှ တွေ့ရပေမည်။ ကျွန်ုပ်သည် ထပ်ကာတလဲလဲ ပြန်၍ပြောခြင်းကို မုန်းတီးသော်လည်း အတ်ဒလာ၏ စာကြောင်းများတွင် အလွန်အဖိုးတန်သော အဓိပ္ပာယ်များ ပါရှိသောကြောင့် အထက်ပါစာကြောင်းများကို ထပ်၍ ပြောရပေဦးမည်။

တစ်သက်တာတွင် ကိုယ်တိုင်ဒုက္ခအများဆုံးတွေ့ရ၍ အခြားတစ်ဖက်သားတို့ကိုလည်း ဒုက္ခအများဆုံးပေးသောသူသည် တစ်ဖက်သားတို့၏ ကိစ္စများတွင် စိတ်မဝင်စားသော သူသာလျှင်ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များမှ လူတို့၏ ချို့ယွင်းပျက်ကွက်မှု မှန်သမျှသည် ပေါ်ပေါက်လာကြသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts