သင့်ကို ဖျက်ဆီးနေတဲ့သူ

သင့်ကို ဖျက်ဆီးနေတဲ့သူ

အမေရိကန်ပြည်ထောင်စု စိန့်လူးဝစ်က ကုမ္ပဏီတစ်ခုမှာပါ။

ကုမ္ပဏီဝန်ထမ်းတွေ နေ့လယ်စာစားဖို့ နားကြတဲ့အချိန်၊ စားသောက်ခန်းအဝင်တံခါးမှာ ထူးဆန်းတဲ့ ကြော်ငြာတစ်ခု ကပ်ထားတယ်။ ‘သင့်ဘဝတိုးတက်မှုကို နှောင့်ယှက်ဟန့်တားနေတဲ့သူ ဒီနေ့သေသွားပြီ။ သူ့အလောင်းကို အားကစားခန်းမထဲမှာ ပြင်ဆင်ထားတယ်။ အသုဘရှု ကြွကြပါ’တဲ့။

နေ့လယ်စာစားဖို့လာတဲ့သူတွေ ဘယ်လိုလုပ်ပြီး စိတ်ဖြောင့်ဖြောင့်တန်းတန်း နေ့လယ်စာ စားနိုင်ပါ့မလဲ။ စားရင်းသောက်ရင်း အတွေးတွေက များနေတာပေါ့။ ‘ငါ့ဘဝတိုးတက်မှုကို နှောင့်ယှက်ဟန့်တားနေသူ ဆိုပါလား။ ငါ့ရာထူးတိုးကိစ္စတုန်းက မထောက်ခံတဲ့ မန်နေဂျာပဲဖြစ်မယ်၊ ‘ဘယ်ကောင်ပဲဖြစ်ဖြစ် ငါ့ရန်သူတော်တော့ သေပြီဆိုပဲ။ ဝမ်းသာလိုက်တာ’၊ ‘ငါ့ဘဝတိုးတက်မှုကို နှောင့်ယှက် ဟန့်တားနေတဲ့ကောင်သေပြီဆိုတော့ ရှေ့မှာ ငါ့ဘဝ တိုးတက်အောင်မြင်ဖို့ပဲ ရှိတော့တာပေါ့’၊ ‘ငါ့ဘဝ တိုးတက်မှုကို နှောင့်ယှက်ဟန့်တား နေတဲ့သူဆိုပဲ။ ဘယ်သူပါလိမ့်’ သိချင်စိတ်က တရွရွမို့ နေ့လယ်စာကို ဖြောင့်ဖြောင့် မစားနိုင်ကြဘူး။ အချို့ကလည်း စားနေတာရပ်ပြီး အသုဘ ပြင်ထားတယ်ဆိုတဲ့ အားကစားရုံကို သွားတယ်။

အားကစားရုံထဲဝင်မိတော့ ကိုယ့်အရင်ရောက်နေတဲ့ သူတွေကအများသား၊၊ သေဆုံးသူကို ခန်းမလယ်မှာ ခေါင်းသွင်းပြီး ပြင်ထားတယ်။ ခေါင်းထဲကလူရဲ့မျက်နှာကို ကြည့်ရဖို့ ကုမ္ပဏီဝန်ထမ်းတွေ တန်းစီးနေတယ်။ လူတန်းကြီးက အရှည်ကြီး။ တရွေ့ရွေ့နဲ့ ခေါင်းဆီရောက်အောင်သွားရတယ်။

လူရဲ့မျက်နှာရှိတဲ့နေရာမှာ ခေါင်းကို လှပ်ထားတယ်။ တရွေ့ရွေ့တန်းစီလာတဲ့သူက ခေါင်းအနီးကိုရောက်တော့ ခေါင်းထဲက အသုဘရဲ့မျက်နှာကို ငုံ့ကြည့်လိုက်တယ်။ ခေါင်းထဲမှာ မြင်လိုက်ရတာက ကိုယ့်မျက်နှာကြီပါလား။ ခေါင်းထဲမှာ ကြည့်မှန်ချပ်ကြီး ထည့်ထားတော့ ငုံ့ကြည့်လိုက်တာနဲ့ ကိုယ့်မျက်နှာကြီး တွေ့ရတော့တာပေါ့။

ခေါင်းထဲ ငုံ့ကြည့်ပြီး ကိုယ့်မျက်နှာကြီး မြင်လိုက်ရသူတိုင်း တွန့်သွားလန့်သွားတယ်။ ထင်မထားဘူးလေ။ မှန်ဘေးမှာ စာတွေရေးထားတယ်။ ‘သင့်ဘဝ တိုးတက်မှုကို နှောင့်ယှက်ဟန့်တားမှု အပြုနိုင်ဆုံးပုဂ္ဂိုလ်ဟာ သင်ကလွဲပြီး အခြားသူမရှိဘူး’ တဲ့။

အားကစားရုံထဲက ပြန်ထွက်လာသူတိုင်းမှာ အတွေးကိုယ်စီနဲ့ပေါ့။ ‘ငါ့ဘဝတိုးတက်မှုကို နှောက်ယှက်ဟန့်တားမှု အပြုနိုင်ဆုံးပုဂ္ဂိုလ်ဟာ ငါကလွဲပြီး အခြားသူမရှိဘူးဆိုတာ အမှန်ပဲ၊ ‘ငါ့ပါးစပ်ကြီးက အပေါက်ဆိုးလို့ ငါ့ကို မုန်းတဲ့လူများနေတာ’၊ ‘ငါ ရေသာခိုနေလို့ မတိုးတက်တာ၊ ဒီကနေ့ကစပြီး ဒါကိုပြင်ရမယ်’၊ ‘ငါ့ဘဝတိုးတက်မှုကို နှောင့်ယှက်ဟန့်တားနေတဲ့သူ ဒီနေ့သေသွားပြီတဲ့။ ဒါအမှန်ပဲ။ ဘဝကိုတိုးတက်အောင် မကြိုးစားတဲ့သူ၊ ဆက်ဆံရေးမကောင်းတဲ့သူ သေသွားပြီ၊ အခုချိန်ကစပြီး လူသစ်စိတ်သစ် ဘဝသစ်စမယ်ဆိုတဲ့ အတွေးတွေနဲ့ အလုပ်ခွင်ကို ပြန်ဝင်ကြသတဲ့။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts