13

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၁)

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၁) ~~~~
မိတ်ဆွေပေါများရန်အတွက် စာအုပ်ကို ဖတ်နေမည့်အစား ကမ္ဘာပေါ်တွင် မိတ်ဆွေအပေါများဆုံးဖြစ်သူ၏ နည်းကို အဘယ်ကြောင့် မလေ့လာသနည်း။ သူသည် မည်သူနည်း။ သူသည် ဤလမ်းထဲသို့ မနက်ဖြန် လျှောက်လာသည်ကို သင် တွေ့ရအံ့။ သူနှင့် ဆယ်ပေလောက် ဝေးသောနေရာသို့ သင်ရောက်သွားလျှင် သူသည် သူ၏အမြီးကို နန့်လိုက်မည်။ အကယ်၍ သင်သည် ရပ်တန့်၍ သူ၏ကျောကို သပ်လျှင် အလွန်တစ်ရာ ရွှင်မြူးခုန်ပေါက်၍ ပြခြင်းသည် သင့်ထံမှ တစ်စုံတစ်ခုကို ရရန် ရည်ရွယ်ချက်တစ်ခုခုကြောင့် မဟုတ်ပေ။ ဤကဲ့သို့ ရွှင်မြူး၍ပြခြင်းသည် သင့်ကို ပစ္စည်းတစ်ခုခု ရောင်းလို၍လည်း မဟုတ်။ သင့်ကို ထိမ်းမြားလို၍လည်း မဟုတ်ချေ။

တိရစ္ဆာန်များထဲတွင် ခွေးသာလျှင် မိမိဝမ်းစာအတွက် အလုပ်လုပ်၍ မပေးရချေ။ ထိုအကြောင်းကို သင်သိပါ၏လော။ ကြက်မသည် ဥများကို ဥပေးရ၏။ နွားမသည် နွားနို့ပေးရ၏။ သာလိကာသည် သီချင်းဆိုရ၏။ သို့ရာတွင် ခွေးသည် သူ့ဝမ်းစာအတွက် သူ့မေတ္တာမှလွဲ၍ အခြားအရာများကို မပေးရချေ။

ကျွန်ုပ် ငါးနှစ်သားအရွယ်က ကျွန်ုပ်၏ဖခင်သည် ဒေါ်လာဝက်ပေး၍ ခွေးနီပါးကလေးတစ်ကောင်ကို ဝယ်၏။ သူသည် ကျွန်ုပ်၏ အသက်ဘူးဖြစ်၏။ ညနေတိုင်း လေးနာရီခွဲလောက်တွင် သူသည် ခြံပေါက်ဝတွင် ဝပ်၍ လမ်းမဘက်သို့ သူ၏ လှပသော မျက်လုံးများဖြင့် စိုက်၍ ကြည့်နေလေသည်။ ကျွန်ုပ်၏အသံကို ကြားလျှင်သော်လည်းကောင်း၊ ကျွန်ုပ်လျှောက်လာသည်ကို မြင်လျှင်သော်လည်းကောင်း သူ ဝပ်နေရာမှ တစ်ချက်တည်း ခုန်ထွက်လာပြီးလျှင် အလွန်မြူးထူးစွာ ဟောင်၍ တောင်ပေါ်သို့ ကျွန်ုပ်ကို ကြိုဆိုရန် မောကြီးပန်းကြီး ပြေးတက်လာ၏။

ခွေးကလေးတစ်ပီမှာ ငါးနှစ်တိုင်တိုင် ကျွန်ုပ်၏ အမြဲတမ်းအဖော် ဖြစ်ခဲ့၏။ တစ်ညတွင် ထိုညကို ကျွန်ုပ် ဘယ်အခါမျှ မမေ့နိုင်။ တစ်ပီသည် ကျွန်ုပ်၏အိပ်ရာမှ ဆယ်ပေမျှအကွာတွင် အိပ်နေစဉ် မိုးကြိုးပစ်ခံရ၍ သေရှာသည်။ တစ်ပီ သေသွားသည်မှာ ငယ်ရွယ်သူ ကျွန်ုပ်အား များစွာ ယူကြုံးမရဖြစ်စေ၏။

အို တစ်ပီ၊ သင်သည် စိတ်ပညာစာအုပ်များကို မဖတ်ဖူးပေ။ ဖတ်ရန်လည်း မလိုပေ။ မိမိ၏လိုအင်ကို အခြားသူများ စိတ်ဝင်စားလာအောင် နှစ်နှစ်တိုင်တိုင် ကြိုးစားခြင်းထက် အခြားသူများ၏ လိုအင်ကို နှစ်လမျှဟု အဟုတ်အဟတ် စိတ်ဝင်စားခြင်းသည် ထိုသူတွင် မိတ်ဆွေသင်္ဂဟ ပိုမို၍ ပေါများစေမည့်အကြောင်းကို သင့်အတွင်းပင်ကိုဓာတ်ခံတို့က သင့်အား သိစေခဲ့၏။ ထိုစကားကို တစ်ကြိမ်ပြန်၍ ပြောပါရစေဦး။ သင့်လိုအင်ဆန္ဒများကို တစ်ဖက်သားတို့ စိတ်ဝင်စားလာအောင် နှစ်နှစ်တိုင်တိုင် ကြိုးစားခြင်းထက် တစ်ဖက်သားတို့၏ လိုအင်ဆန္ဒကို နှစ်လမျှ အဟုတ်အဟတ် စိတ်ဝင်စားခြင်းသည် သင့်အား မိတ်ဆွေများပြားစေလိမ့်မည်။

သို့သော်လည်း လူတို့သည် မိမိတို့၏ အလိုဆန္ဒများတွင်သာ တစ်ဖက်သားတို့အား စိတ်ဝင်စားစေခြင်းဖြင့် အမှားကြီး မှားခဲ့ကြောင်းကို သင်နှင့် ကျွန်ုပ်တို့ သိရှိကြပြီး ဖြစ်လေသည်။

စင်စစ်မှာ ထိုနည်းသည် မအောင်မြင်ချေ။ တစ်ဖက်သားတို့သည် သင့်ဆန္ဒတွင် စိတ်မဝင်စားကြချေ။ သူတို့သည် နံနက်ခင်း၊ နေ့လယ်၊ ညစာ ထမင်းစားပြီးသည့်အချိန်တို့တွင် သူတို့၏ ဆန္ဒများတွင်သာ စိတ်ဝင်စားလျက်ရှိကြသည်။

ဤနည်းကိုလုပ်၊ နေရာတိုင်းမှာ ခရီးဦးကြို ပြုလုပ်လိမ့်မည် (အပိုင်း – ၁)

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts