အောင်မြင်မှုဆိုတာ

အောင်မြင်မှုဆိုတာ ဓာတ်လှေကားစီးပြီးရတာမျိုး မဟုတ်ပါ

အောင်မြင်မှုဆိုတာ ဓာတ်လှေကားစီးပြီးရတာမျိုးမဟုတ်ပါ

လူတစ်ယောက် အောင်မြင်သွားတာကို မြင်တွေ့ရတဲ့လူတွေက “ဟာ…ဒီလူ ကံကောင်းလိုက်တာ။ ညတွင်းချင်း အောင်မြင်သွားတယ်” လို့ ပြောတတ်ကြပါတယ်။ ညတွင်းချင်းအောင်မြင်တယ်ဆိုတာ ဒီလောကကြီးမှာ ဘယ်တော့မှ မရှိပါဘူး။ အဲဒီလူ နေ့မအိပ်ညမအိပ် ဘယ်လယ်ကြိုးစားခဲ့ရတာကို လူတွေမသိကြလို့ပါ။ အောင်မြင်မှုဆိုတာ ဘာမှ ကြိုးစားအားထုတ်စရာမလိုတဲ့ ဓာတ်လှေကားစီးပြီး အပေါ်ရောက်သွားတာမျိုး မဟုတ်ပါ။ လှေကားကနေ လှေကားထစ်ကို တစ်ဆင့်ချင်းနင်းပြီး အပေါ်ရောက်အောင် တက်ရတာမျိုးပါ။

အောင်မြင်သူတွေရဲ့ အရည်အချင်းတွေထဲက မရှိမဖြစ်တဲ့ အရည်အချင်းတစ်ခုက သူတို့ဟာ သူများတွေမလုပ်ချင်တဲ့အလုပ်၊ မလွယ်ကူတဲ့အလုပ်တွေကို ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ် (self-discipline)ပြီးလုပ်လေ့ရှိကြတယ်။ သူတို့ကိုယ်တိုင်မလုပ်ချင်ပေမယ့်လည်း လုပ်ဖြစ်အောင်လုပ်ကြတယ်။ ဘယ်လောက်အခက်အခဲနဲ့ ကြုံတွေ့ပေမယ့်လဲ ဇွဲမလျှော့တတ်ကြဘူး။ အားကစားလေ့ကျင့်ရုံ (gym) တွေမှာ လူနည်းပြီး စားသောက်ဆိုင်တွေမှာ လူများနေတာ သတိပြုကြမှာပါ။ လူတွေဟာ ဝိတ်လျှော့ချင်တယ်သာ ပြောနေကြတာ gym မှာ လေ့ကျင့်ခန်း သွားမလုပ်ချင်ကြဘူး။ အပင်ပန်းခံ မလေ့ကျင့်ကြဘူး။ နောက်ဆုံးတော့ စိတ်အလိုလိုက်ပြီး စားသောက်ဆိုင်မှာ သွားစားပစ်လိုက်တယ်။ self-discipline မရှိကြတာပါ။

အိုလံပစ်ပြိုင်ပွဲတွေမှာ မီတာ ၂၀၀နဲ့ မီတာ ၄၀၀ တန်း တာဝေးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ အများကြီးရခဲ့တဲ့ အမေရိကန်အပြေးသမား မိုက်ကယ်ဂျော်ဒန်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြည့်ပါ။ သူအောင်မြင်မှုရတာ self-discipline ကြောင့်ပါ။ ၇နှစ်ကျော်ကြာ အပြေးလေ့ကျင့်တာ gym မှာ အားကစားလေ့ကျင့်တာ တစ်နေ့တစ်ရက်လေးတောင် မပျက်ကွက်ခဲ့ပါဘူး။

နောက်တစ်ခါ ဓာတ်လှေကားစီးပြီး အပေါ်တက်မလား။ (ဓာတ်လှေကားပျက်ပြီး လမ်းခုလတ်မှာ ဓာတ်လှေကားထဲ ပိတ်မိနေတတ်တယ်ဆိုတာ သတိပြုပါ။) အောင်မြင်မှု သေချာပေါက်ရချင်ရင် လှေကားကနေ လမ်းလျှောက်ပြီး တက်လှမ်းပါ။ ဘဝမှာ အောင်မြင်မှုရချင်တယ်၊ မရချင်ဘူးဆိုတာ မိတ်ဆွေ ကိုယ်တိုင် ဆုံးဖြတ်ရမယ့်အလုပ်ပါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts