အိုင်းရစ်နှင်းဆီ

အိုင်းရစ်နှင်းဆီ(အပိုင်း-၂)

အိုင်းရစ်နှင်းဆီ

ကျွန်တော် သူ့စိတ်ဓာတ်ကို အံ့သြချီးကျူးမိခဲ့သည်။ သူ့ဘေးပတ်ဝန်းကျင်က အခြေအနေဆိုးတွေကို သူ မမြင်သည်မဟုတ်။ သူ့မှာ မြို့ပေါ်ဆင်းရဲသားရပ်ကွက်နေ ကလေးများ၏ အခြေခံအသိရှိပြီးသား။ လူ့ဘဝဆိုတာ ပင်ပန်းဆင်းရဲသော ဘဝ၊ ရုန်းကန်လှုပ်ရှားရသော ဘဝဆိုတာ အလိုလို အပြည့်အဝ နားလည်ပြီးသား။ သည်အတွက် ရှက်မနေ ရွံမနေ။

သို့သော် တစ်ချိန်တည်းမှာ သူ့၌ အလွန်မွန်မြတ်လှပသည့် ရိုးသားဖြူစင်မှုလေး ရှိနေသည်။ ညစ်ပေပေ မျက်နှာလေးထဲရှိ လေးနက်သော မျက်လုံးအစုံ၌ ရှေးပဝေသဏီ၏ အသိဉာဏ် အမြော်အမြင်များ ကိန်းအောင်း၍နေသည်။ ပြီး သည်မျက်လုံးတွေသည် အတုမရှိသော မေတ္တာတို့ ကိန်းအောင်းရာလည်း ဖြစ်ချေသည်။

သည်ကလေးမလေးအပေါ် ကျွန်တော့်စိတ်ဝင်စားမှုက တဖြည်းဖြည်း နက်ရှိုင်းလာသည်။ သူ့ဘဝကို စာနာကာ သူ့အပေါ် ဂရုဏာသက်မိလာသည်။ သူ့အတွက် တစ်ခုခုတော့ လုပ်ပေးဦးမှဟု ခံစားမိနေဆဲ သူ့မွေးနေ့ ဘယ်နေ့ကျသည်ဆိုတာ ကျွန်တော် အမှတ်မထင် သွားသိလိုက်ရသည်။

သို့နှင့် အိုကော်နယ်လမ်းရှိ ချုပ်ပြီးအထည်တွေရောင်းသော ဆိုင်တစ်ဆိုင်မှာ လက်ဆောင်ပစ္စည်းဝယ်ပြီး တစ်ပါတည်း ပို့ခိုင်းလိုက်သည်။ သူ နွေးနွေးထွေးထွေး ဝတ်ရမည့် သက္ကလပ်ပျော့ဝတ်စုံတစ်ခု။ ပြီး အဲသည်ဝတ်စုံနှင့် လိုက်ဖက်မည့် ရှူးဖိနပ်တစ်ရံ၊ ခြေအိတ်တစ်စုံ။ သည်ဟာတွေ ဝတ်ဆင်ကာ လှပနေမည့် သူ့ရုပ်သွင်ကို မြင်ယောင်ပြီး ကျွန်တော် ဝမ်းသာကြည်နူးမိသည်။

သို့သော် အဲသည်ရက်ပိုင်းအတွင်းတော့ ကျွန်တော် သူနှင့်မတွေ့အောင် အသာရှောင်နေလိုက်သည်။ သူ့ဘာသာ ဝင့်ဝင့်ကြွားကြွားသွားနေမှာ၊ တနင်္ဂနွေ ဘုရားရှိခိုးကျောင်းခန်းမမှာ အလယ်လမ်းကြားက သူလျှောက်သွားတော့ ရှူးဖိနပ်က အသစ်ပီသစွာ ခွာသံတကျွိကျွိမြည်နေမှာတွေ တွေးပြီး ကျွန်တော် တစ်ကိုယ်တည်း ကျိတ်၍ ပြုံးမိသည်။

သို့သော် တနင်္လာနေ့ သူနှင့်တွေ့တော့ ကျွန်တော် အကြီးအကျယ် အံ့သြသင့်ကာ စိတ်လည်း ပျက်သွားမိရသည်။ သူက ခါတိုင်းလိုပဲ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်တွေ ဝတ်ထားဆဲ။ ကလေးကိုလည်း စောင်စုတ်တစ်ထည်နှင့် သိုင်းကာ ချီးပိုးထားဆဲ။ “အဝတ်အစား အသစ်တွေကော” ကျွန်တော့်နှုတ်က ရုတ်တရက် ထွက်သွားသည်။

သူ့မျက်နှာတစ်ခုလုံး ရဲရဲနီမြန်းသွားသည်။ ပြီးတော့မှ “ဆရာပေးတာကိုး” ဟုဆိုသည်။ အဲဒီနောက် အတော်ကြီးကြာအောင် မျက်နှာလွှဲနေပြီးတော့မှ ကျွန်တော့်အမေးကို ဖြေသည်။ သူ့စကား ရိုးရိုးရှင်းရှင်းပင်။ “ဆိုင်မှာ ပေါင်ထားတယ်၊ အိမ်မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး၊ မိုက်ကယ်လေးက နို့မတိုက်လို့မှ မဖြစ်တာ”

ကျွန်တော် ဘာမှမပြောနိုင်ဘဲ သူ့ကိုသာ ငေးကြည့်နေမိသည်။ သူကတော့ အမြဲ အနစ်နာခံသွားမှာ၊ သူ့အချစ်ဆုံး.မောင်လေးအတွက်ဆိုရင် သူပိုင်ဆိုင်တာမှန်သမျှ အားလုံးစွန့်လွှတ်သွားမှာဆိုတာ ကျွန်တော် သဘောပေါက်သွားသည်။ သို့သော် သူ့ကိုယ်လေး ပိန်လီသေးကွေးနေတာကြည့်ပြီး ကျွန်တော် သနားစိတ်တွေ ဝင်မိပြန်သည်။

သို့နှင့် နောက်တစ်နေ့မှာပင် သူတို့ရပ်ကွက် သာသနာ့နယ်ပယ်ကို အုပ်ချုပ်ရသည့် ဘုန်းတော်ကြီး ဖာသာဝေါ့ရှ်နှင့် ကျွန်တော် သွားရောက်တွေ့ဆုံသည်။ ရို့စ်အကြောင်း စကားစတော့ ဘုန်းတော်ကြီးမျက်နှာ လင်းလက်သွားသည်။ ကျွန်တော့်မေတ္တာရပ်ခံချက်ကို သူ ခဏမျှ စဉ်းစားသည်။ ပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ညိတ်သည်။

“သူ့ကိုတော့ ခင်ဗျား အတော် ဖျောင်းဖျယူရလိမ့်မယ် ထင်တယ်” ဘုန်းတော်ကြီးက ကျွန်တော့်ကို တံခါယဝ လိုက်ပို့ရင်းက ပြုံး၍ဆိုသည်။ မလွယ်ဘူးဆိုသော အမူအရာနှင့်။ “သူက တကယ့်အမေလေးဗျ၊ မိခင်စိတ်က သူ့ဘဝအတွက် စွမ်းအားတွေ ပေးထားတာ”

နောက်တစ်ပတ်ခန့်ကြာပြီး၊ စာ အဆက်အသွယ်တွေလည်း လုပ်ပြီးသည့်အချိန်၌ လောက်ရန်လမ်းသို့ ကျွန်တော် ယတိပြတ်ပုံစံနှင့် လာခဲ့သည်။ ရို့စ်က လက်ကျန်ပေါင်မုန့်လေး သေးသေးကို ဝေစုမတည့်မှာ စိုးသည့်ဟန်ဖြင့် ပါးပါးချင်း လှီးနေသည်။ ကလေးတွေက စားပွဲဘေးပတ်ပတ်လည်မှာ ဝိုင်းလျက်။

“ရို့စ်၊ မင်းခရီးသွားရမယ်” ကျွန်တော်က ပြောတော့ သူက နဖူးလေးတွန့်တွန့်ပေါ် ဝဲကျနေသည့် ဆံနွယ်များကို ဖယ်ရင်း နားမလည်နိုင်သည့်ဟန်ဖြင့် လှမ်းကြည့်သည်။ “ဂေါ်လဝေးမှာရှိတဲ့ ငါ့မိတ်ဆွေတွေဆီကို ပို့ပေးမှာ၊ သူတို့ခြံမှာ တစ်လလောက် အေးအေးဆေးဆေး သွားအနားယူရမယ်၊ အလုပ်မလုပ်ဘဲ မနေနိုင်ရင် ကြက်စာလေး ဘာလေး ကူကျွေးပေး၊ ကျန်တဲ့အချိန် လယ်ကွင်းထဲ လျှောက်ပြေးလွှား၊ ဆော့၊ အာဟာရရှိအောင် နွားနို့တွေကော ဘယ်နှစ်ပုလင်းသောက်မလဲ၊ ကြိုက်သလောက် သောက်”

-ဖေမြင့် ရေးသားသော (ဘဝဒဿန ရသစာများ) စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts