အိပ်ချင်နေပါလျက်နဲ့ တမင်မအိပ်ဘဲ နေလိုက်မယ်ဆိုရင်

အိပ်ချင်နေပါလျက်နဲ့ တမင်မအိပ်ဘဲ နေလိုက်မယ်ဆိုရင်:လူငယ်တွေ တော်တော်များများမှာ အဖြစ်များတဲ့ အမူအကျင့်တစ်ခုကတော့ ညဘက်ကို တမင်တကာ နောက်ကျမှ အိပ်တာပါပဲ။

အွန်လိုင်းကို စွဲလမ်းစိတ်လွန်ကဲလာတဲ့ လူငယ်တွေဟာ ညအိပ်မပျော်တဲ့ရောဂါ မရှိရင်တောင် တမင်တကာ ဖုန်းသုံးဖို့အတွက် အိပ်ချင်နေတဲ့မျက်လုံးကို အတင်းပြူးပြီး ကြည့်နေတာမျိုး လုပ်တတ်ပါတယ်။ငယ်သေးတဲ့အခါမှာ ညမအိပ်ဘဲနေတာ၊ အိပ်ချိန်နည်းတာတွေဟာ သိပ်ပြီးဆိုးကျိုးမဖြစ်စေဘူးလို့ ထင်ကောင်းထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ အသက်မကြီးဘဲ ဒီအရွယ်မှာပဲ ရပ်နေမှာမဟုတ်ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ ငယ်စဉ်တုန်းက ကျန်းမာရေးနဲ့ပတ်သက်ပြီး ပေါ့လျော့ခဲ့သမျှ ဒဏ်တွေကို အကုန်ခံရတော့မှာပါ။

အထူးသဖြင့် အိပ်ချင်နေပါလျက်နဲ့ တမင်တကာ ညမအိပ်ဘဲနေလိုက်တာ၊ အိပ်ချိန်နောက်ကျလိုက်တာမျိုးက ကြာလာရင် ဦးနှောက်က ထိုင်းမှိုင်းလေးလံလာတာ၊ မနက်မိုးလင်းတဲ့အခါ လန်းဆန်းတက်ကြွမှုမရှိဘဲ အားမရှိသလို နုံးနေတာ၊ အာရုံစူးစိုက်လို့မရတာ၊ မှတ်ဉာဏ်တွေ ချို့ယွင်းလာတာ၊ ဆုံးဖြတ်ချက်ချတဲ့အခါ အမှားအယွင်းတွေ ဖြစ်တာ၊ စိတ်ခံစားချက် အပြောင်းအလဲမြန်လာတာ၊ စိတ်ဆိုး၊ စိတ်ဆတ်၊ စိတ်ညစ်လွယ်တာ၊ စိုးရိမ်ပူပန်လွန်ကဲခြင်း၊ စိတ်ကျရောဂါ ဖြစ်နိုင်ခြေမြင့်လာတာတွေ ဖြစ်နိုင်ပါတယ်။

ဒီပြဿနာသည် ကျန်းမာရေးချို့ယွင်းမှုရှိတာကြောင့် မဟုတ်ဘဲ အကျင့်လုပ်ယူထားတာဖြစ်တဲ့အတွက် ကုသတဲ့နေရာမှာ ကိုယ့်ဘာသာပဲ လုပ်ယူလို့ရမှာပါ။ အဓိက ဘာလုပ်ပေးလို့ရမလဲဆိုရင်

  1. တဖြည်းဖြည်းချင်း ကိုယ်ပုံမှန်အိပ်နေကျ အချိန်ထက် နာရီဝက်၊ သို့မဟုတ် တစ်နာရီ စောပြီးအိပ်ကျင့်ပါ။ အစပိုင်းမှာတော့ မျက်စိကြောင်နေပါလိမ့်မယ်။ အဲဒီအချိန်မှာ စိတ်ကိုအေးအေးထားပြီး ဆက်အိပ်ပါ။ ဖုန်းကို လှမ်းကိုင်ပြီး မဖွင့်ပါနဲ့။
  2. တတ်နိုင်သလောက် ညဘက်ကို ဖုန်း၊ ကွန်ပျူတာ၊ တီဗီ မကြည့်ပါနဲ့။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးလို့ထင်ရင် ကိုယ့်ဖုန်းကို မိသားစုဝင်တစ်ယောက်ယောက်ကို ပေးပြီး သိမ်းခိုင်းထားလို့ ရပါတယ်။
  3. ညအိပ်ခါနီး အနည်းဆုံး ၂နာရီလောက်ခြားပြီး ယောဂလေ့ကျင့်ခန်း ကျင့်ပေးပါ။ ယောဂကျင့်တဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်တွေ၊ ကြွက်သားတွေ တင်းနေတာလျော့သွားသလို ပျော့ပျောင်းသွားတဲ့အတွက် ညဘက်မှာ စောစောအိပ်ပျော်သွားအောင် ကူညီပေးနိုင်ပါတယ်။
  4. ကြိုးစားပြီး စောအိပ်ပေမယ့် အိပမပျော်တဲ့အခါ ခဏ ထထိုင်ပြီး ရေတစ်ငုံသောက်ပါ။ တရားထိုင်တာ၊ ဝင်လေထွက်လေ မှတ်တာမျိုး ၅ မိနစ်လောက်လုပ်ပေးပါ။ စိတ်ကလေးကို တတ်နိုင်သလောက် တည်ငြိမ်အောင် ထားပြီး အိပ်ပျော်အောင် ပြန်လေ့ကျင့်ပါ။

အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ပေါ် သက်ရောက်မှုအများကြီး ရှိတာကြောင့် ငယ်တုန်းမို့ မပေါ့ဆစေချင်ပါဘူးနော်။

Healtppy – ဟက်ပီး page မှ ကူးယူဖော််််််ပြသည်။

သုတ

openmoreonline

Related Posts