ကံကြမ္မာကို ယုံကြည်သူ

ကံကြမ္မာကို ယုံကြည်သူ (အပိုင်း ၃၊ ၄)

ကံကြမ္မာကို ယုံကြည်သူ – အပိုင်း ၃

“ရှင်က ဘာ Post လျှောက်မှာလဲ၊ Marketing လား”
“နိုး.. နိုး… ကျုပ် ဒါမျိုးမလျှောက်ဘူး၊ ကျုပ် လျှောက်ထားတာက ခင်ဗျားတို့သူဌေးရဲ့ အတွင်းရေးမှူးနေရာလေ၊ Secretary Post ပဲ ဆိုပါတော့”

သူက စာရေးမလေးရဲ့ မေးခွန်းကို ခေါင်းမော့ဖြေလိုက်လေသည်။ စာရေးမလေးကတော့ ဘာရယ်ကြောင့်မှန်းမသိဘဲ သူ့ရဲ့ CV Form ကို ငုံ့ကြည့်ကာ မျက်မှောင်တစ်ချက် ပြုတ်သည်။
“ဒီဘွဲ့တစ်ခုပဲ ဖြည့်ထားတာလားဟင်၊ တခြား Skill (ကျွမ်းကျင်မှု) တွေ၊ Experience (အတွေ့ အကြုံ)တွေ မဖြည့်ဘူးလား”
“အဲဒါတွေ အရေးမကြီးပါဘူး၊ ဒါတွေမရှိလည်း အတွင်းရေးမှူးလောက်ကတော့ လုပ်လို့ရပါတယ်”
“ကျွန်မတို့ သူဌေးက အရမ်းစည်းကမ်းကြီးပါတယ်ရှင်၊ နောက်ပြီး များသောအားဖြင့်ကတော့ အတွင်းရေးမှူးဆိုရင် မိန်းကလေးတွေပဲ ခန့်လေ့ရှိပါတယ်၊ မိန်းကလေးဆိုတော့ ကျိုးနွံမယ်၊ စေ့စပ်သေချာမယ်၊ လုပ်ငန်းကိစ္စပြောဆိုတဲ့ နေရာမှာလည်း တစ်ဖက်လူအပေါ် ပျော့ပျောင်းချိုသာ ပြောဆိုတတ်ပြီး သည်းခံမှုလည်း ရှိတတ်ကြလို့ပါ”
“သတင်းစာထဲက ကြော်ငြာမှာတော့ မိန်းကလေးမှ ခန့်မယ်လို့ မပါပါဘူး၊ ဒါမျိုးက ကျုပ်တို့ ယောက်ျားတွေလည်း လုပ်နိုင်ပါတယ်၊ ယောက်ျားလေးဆိုတော့ ပိုပြီး ရဲရင့်ဝံ့စားတာပေါ့။
“ကောင်းပါပြီရှင်၊ ဒါဆိုလည်း ကြိုးစားကြည့်နိုင်ပါတယ်”

စာရေးမလေးက ချိုချိုသာသာပြောပြီး လှည့်ထွက်သွားတော့ သူက ပခုံးတစ်ချက် တွန့်လိုက်မိသည်။ သူဟာ အဓိပတိဖွား၊ ဘာဖြစ်လို့ နေရာတကာ အာပေါက်အောင် စပ်ဟပ်ပြောဆိုရတဲ့ Marketing တို့၊ Sale Promoter တို့ ဝင်လုပ်နေမလဲ၊ လောလောဆယ် ကံတရားက အိပ်ငိုက်နေသေးလို့ ကုမ္ပဏီအကြီးအကဲနေရာ မရသေးပေမယ့် ကုမ္ပဏီသူဌေးရဲ့ ကိစ္စအဝဝကို ခြယ်လှယ်စီစဉ်ပေးနိုင်တဲ့ အတွင်းရေးမှူးနေရာလောက်
ကတော့ သူ့အတွက် ရှိကိုရှိနေရမည်။ သူဌေးရဲ့ အတွင်းရေးမှူးဆိုတာ သူဌေးလောက်နီးနီး အရေးပါသည်ဟု သူကထင်သည်။ သူဌေးကိုတောင် သူကစီမံပေးရသည်။ သူဌေးပေးထားသည့် ဟန်းဖုန်းတစ်လုံးနှင့် ကား
တစ်စီးကို အသုံးပြုကာ သူ့ရဲ့ ကုမ္ပဏီအတွင်းရေးမှူးဘဝဟာ လွန်စွာစမတ်တကျရှိလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ရသည်။
“ဝင်လို့ ရပါပြီရှင်”
စာရေးမလေးပြောတော့ သူ ဟန်ပါပါ ခေါင်းတစ်ချက်ညိတ်ပြီး သူဌေးအခန်းထဲ ခတ်မတ်မတ် လှမ်းဝင်လာခဲ့သည်။ အတွင်းရေးမှူးဆိုတာ နေတာ ထိုင်တာ ပြောတာဆိုတာ ဝံ့ဝံ့စားစား စမတ်တကျရှိရမည်ဟုသာ သူ သိထားခဲ့ပါသည်။
“မောင်ရင်က အတွင်းရေးမှူးနေရာ လျှောက်ထားတယ်နော်”
“ဟုတ်ပါတယ်”

သူဌေးက စာရေးမလေးလိုပဲ သူ့ CV Form ကို ငုံ့ကြည့်ပြီး စာရေးမလေးနှင့် ထပ်တူ မျက်မှောင်ကြုတ်လိုက်လေသည်။
“သမိုင်းမေဂျာနဲ့ ကျောင်းပြီးတာနော်”
“ဟုတ်ပါတယ်”
“ကွန်ပျူတာ ရိုက်တတ်လား”
“မရိုက်တတ်ပါဘူး”
“စာရင်းဇယား ကျွမ်းကျင်သလား”
“မကျွမ်းကျင်ပါဘူး”
“တခြား ဘာသာစကားတစ်ခုခု ကျွမ်းကျင်သလား”
“မကျွမ်းကျင်ပါဘူး”
“ကားမောင်းတတ်သလား”
“ဒီက အလုပ်ခန့်ရင်တော့ အမောင်းသင်တန်းတက်မယ် စိတ်ကူးပါတယ်”
“ခင်ဗျား ပြန်လို့ရပါပြီ”

သူဌေးက သူ့ကို မေးခွန်းနည်းနည်းပဲမေးပြီး ပြန်လွှတ်လိုက်လေသည်။ သူကတော့ အဓိပတိဖွားပီပီ သူ့ အိမ်မှနေ၍ မကြာခင်ရောက်လာနိုင်မည့် အလုပ်ခန့်စာကို မျှော်လင့်နေခဲ့လေသည်။ သို့သော် လအတန်ကြာသည်အထိ သူ့ထံ ခန့်စာရောက်မလာခဲ့။ သူ ကုမ္ပဏီသို့ သွားစုံစမ်းတော့မှ တခြားသူကို ခန့်လိုက်ပြီဖြစ်ကြောင်း သိခဲ့ရသည်။ သူ မဆိုစလောက်ပေးပဲ စိတ်ဓာတ်ကျသွားခဲ့သည်။ နောက်တော့ သူ့ဦးလေးရဲ့ ဆူပူတိုက်တွန်းမှုကို လက်ခံကာ လှိုင်သာယာ ပေါင်မုန့်စက်ရုံတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ခဲ့ရလေသည်။

ကံကြမ္မာကို ယုံကြည်သူ – အပိုင်း ၄

လခ သိပ်မများသော (သူ့ စိတ်တွင် သူနှင့်မတန်ဟုလည်းထင်သော) ထိုအလုပ်ကို သူ စိတ်မပါလက်မပါ လုပ်ခဲ့ရတာ ဖြစ်သည်။ မနက် မိုးလင်းတာနှင့် ဖယ်ရီကားမီအောင် ၆ နာရီလောက်ကတည်းက ထွက်စောင့်နေရတာဟာလည်း သူ့အတွက်တော့ ဝဋ်ကြွေးတစ်ခုဖြစ်သည်။ ညဆိုလည်း မိုးချုပ်မှ အိမ်ပြန်ရောက်ရသည်။ တစ်နေ့လုံး ပေါင်မုန့်ကားနှင့် လိုက်၍ ဆိုင်တွေ၊ ဈေးတွေ လျှောက်သွားနေခဲ့ရတာမို့ သူ့တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲကာ ထမင်းစားပြီးတာနှင့် အိပ်ပျော်သွားတတ်စမြဲဖြစ်သည်။ သူ့လုပ်ဖော်ကိုင်ဖက် ကောင်လေးတစ်ယောက်က ပိတ်ရက်မှာ သင်တန်းတွေ လျှောက်တက်နေခဲ့သော်လည်း သူအထင်မကြီးပါ။ ထိုကောင်လေးကို သူ မေးကြည့်ပြီးပြီ။

အဲဒီကောင်လေးက ဘင်္ဂဖွားလေးဖြစ်သည်။ ဘယ်လောက်လုပ်လုပ် ကောင်းစားမှာလည်း မဟုတ်ပါ။ သူကတော့ အလုပ်သွားလိုက်၊ အိမ်ပြန်ရောက်ရင် ထိုးအိပ်လိုက်၊ အိပ်ရာထနောက်ကျလိုက်၊ ဖယ်ရီမမီလျှင် ရုံးမတက်ဘဲ နေလိုက်ဖြင့် သူ့ရဲ့ လှပလာမည့် ကံကြမ္မာကို သက်သောင့်သက်သာ စောင့်မျှော်နေခဲ့သည်။ အချိန်တန်လျှင် နွားပိန်ကန်လိမ့်မည်ပေါ့။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ကံကြမ္မာကို ယုံကြည်သူ

ရသ

OpenMoreOnline

Related Posts