အအေးမိရောဂါ

အအေးမိရောဂါရနေစဉ်တွင် ရပ်တန့်သင့်သော အမူအကျင့် ရှစ်မျိုး

အအေးမိရောဂါရနေစဉ်တွင် ရပ်တန့်သင့်သော အမူအကျင့် ရှစ်မျိုး

သင်ဟာ အအေးမိတုပ်ကွေးရောဂါ ဖြစ်နေစဉ်မှာ သင့်ခန္ဓာကိုယ်က တတ်နိုင်သမျှ ဒီရောဂါတွေကို အားစိုက်ပြီး တိုက်ထုတ်ကာ ပြန်လည်ကောင်းမွန်အောင် လုပ်တတ်တဲ့အတွက် သင့်ရဲ့ တုပ်ကွေး ဒါမှမဟုတ် အအေးမိရောဂါကို ပိုမိုဆိုးရွားစေနိုင်တဲ့ အမူအကျင့် ရှစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအမူအကျင့်ရှစ်မျိုးကို ဝေဒနာ စတင်ခံစားရချင်းမှာ ရပ်တန့်သင့်ပါတယ်။

၁) ဆေးလိပ်သောက်တာကို ရပ်တန့်ထားပါ
ဆေးလိပ်သောက်တာ ဒါမှမဟုတ် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူတာတွေဟာ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါကူးစက်နိုင်ခြေကို ပိုမြင့်မားစေနိုင်တဲ့အတွက် အအေးမိဝေဒနာ ပိုဆိုးရွားနိုင်ပါတယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ အအေးမိရောဂါ အဖြစ်များနေရင် ဆေးလိပ်သောက်တာကို ရပ်ထားပါ။ ဒါမှမဟုတ် တစ်သက်တာလုံး ဆေးလိပ်ဖြတ်နိုင်လျှင် ပိုမိုကောင်းမွန်ပါတယ်။

၂) ပဋိဇီဝဆေး သုံးချင်စိတ်ကို ရပ်တန့်လိုက်ပါ
အအေးမိတုပ်ကွေးရောဂါရရှိနေလို့ ဆရာဝန်တွေဆီမှာ ပဋိဇီဝဆေးတောင်းသုံးတဲ့အကျင့်ကို ဖျောက်လိုက်ပါ။ သင့်အိမ်မှာရှိတဲ့ ဆေးဗီဒိုတွေထဲက အကြွင်းအကျန် ပဋိဇီဝဆေးတွေကိုလည်း သောက်ဖို့ မစဉ်းစားပါနဲ့။ ပဋိဇီဝဆေးဟာ အအေးမိနှာစေးရောဂါအတွက် ဘာမှ အသုံးမဝင်တာကြောင့်ပါ။

၃) တုပ်ကွေးဖြစ်နေစဉ်မှာ သင်အလုပ်လုပ်နိုင်စွမ်း ရှိတယ်ဆိုတဲ့ စိတ်ကူးကို ရပ်တန့်လိုက်ပါ
သင် တုပ်ကွေးဖြစ်နေစဉ်မှာ သင်လုပ်ရမယ့် ရုံးအလုပ်တွေ များနေတာကြောင့် ဒါမှမဟုတ် သင်နဲ့ တွဲဖက်လုပ်ရတဲ့သူ အလုပ်များလွန်းမှာကို စိုးရိမ်နေတာကြောင့် မသွားမဖြစ် ရုံးသွားမယ်ဆိုတဲ့စိတ်ကို‌ ဖျောက်လိုက်ပါ။ ဒီရောဂါဟာ ကူးစက်လွယ်တာမို့ သင်အိမ်မှာနေတာကိုဘဲ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဝမ်းသာနေရမှာပါ။ သင် အဖျားကျပြီး အနည်းဆုံး ၂၄ နာရီအကြာမှ အလုပ်ပြန်သွားဖို့ စိတ်ကူးပါ။

၄) စိတ်ဖိစီးမှုကို ရပ်တန့်လိုက်ပါ
လေ့လာမှုအများအပြားအရ စိတ်ဖိစီးမှုကြောင့် အအေးမိရောဂါကူးစက်လွယ်ပြီး ရောဂါဖြစ်နေစဉ်မှာလည်း ဝေဒနာတွေ ပိုဆိုးရွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဝေဒနာအမြန်သက်သာအောင် စိတ်ဖိစီးမှုကိုရပ်တန့်ပြီး အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပါတယ်။

၅) Hand Sanitizer အသုံးပြုတာကို ရပ်တန့်ထားပါ
Hand Sanitizer တွေမှာ အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် ရောဂါပိုးကို သန့်စင်နိုင်တယ်ဆိုပေမယ့် လက်ကို ဆပ်ပြာနဲ့ သေချာသန့်စင်အောင် ဆေးကြောတာက ပိုးမွှားတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါ။ လက်ကို ဆပ်ပြာတိုက်ပြီး စက္ကန့် ၂၀ ကြာ ပွတ်တိုက်ကာ ရေနဲ့ ဆေးကြောပေးပါ။

၆) ဆေးဝါးပေါ်မှာ မှီခိုလွန်းတာကို ရပ်တန့်လိုက်ပါ
အအေးမိနှာစေးပျောက်ဆေးတွေကို ရက်အနည်းငယ်ထက်ပို အသုံးပြုမိပါက ရောဂါပိုဆိုးရွားစေတတ်ပါတယ်။ ဆေးပုလင်းပေါ်က အေးညွှန်းအတိုင်းသာ အသုံးပြုသင့်ပါတယ်။ သင် နှာပိတ်တာအတွက် အကောင်းဆုံးနည်းလမ်းက ဆားရည်ကို နှာခေါင်းထဲ အစက်ချထည့်တာ ဒါမှမဟုတ် ရေနွေးငွေ့ရှူတာပါ။

၇) ကော်ဖီပြင်းပြင်းသောက်တာကို ရပ်လိုက်ပါ။
သင်ဖျားနာနေစဉ်မှာ ကဖင်း ဒါမှမဟုတ် အယ်လ်ကိုဟောကို ရှောင်တာက အကောင်းဆုံးပါ။ သူတို့ကြောင့် ဆီးရွှင်နိုင်တဲ့အတွက် သင့်ကို ရေဓာတ်ချို့တဲ့စေနိုင်ပါတယ်။ ရေနွေးထဲ ပျားရည်ထည့်သောက်တာက ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကို ယာယီသက်သာပြီး အိပ်စက်မှုကို ကောင်းမွန်နိုင်ပါတယ်။ ဒါပေမဲ့ တစ်နှစ်အောက် ကလေးငယ်တွေကိုတော့ ပျားရည်မတိုက်သင့်ပါဘူး။

၈) ဘာမှ မစားမသောက်ဘဲနေတာကို ရပ်တန့်လိုက်ပါ
အအေးမိတုပ်ကွေးဖြစ်နေစဉ်မှာ ခံတွင်းပျက်တတ်ပေမယ့် ရောဂါဖြစ်နေသူအတွက် အရည်ဓာတ်အများအပြားရရှိဖို့ လိုအပ်ပါတယ်။ အရည်ဓာတ်ရရှိဖို့နဲ့ အာဟာရဖြစ်စေဖို့အတွက် ကြက်စွပ်ပြုတ်ရည်သောက်ပေးပါ။ ကြက်စွပ်ပြုတ်ရည်က ရောင်ရမ်းမှုကို ပျောက်စေနိုင်တဲ့အတွက် ဂုဏ်သတ္တိရှိတာမို့ အအေးမိဝေဒနာတွေ သက်သာနိုင်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts