အငြင်းပွားဖွယ်ရာ ကျန်းမာရေးအမူအကျင့်များ

အငြင်းပွားဖွယ်ရာ ကျန်းမာရေးအမူအကျင့်များ

အငြင်းပွားဖွယ်ရာ ကျန်းမာရေးအမူအကျင့်များ

သင်ဖျားနာနေတဲ့အခါမှာ သင့်မိဘ၊ ဘိုးဘွား၊ မိတ်ဆွေတွေက သင့်ကျန်းမာရေးနဲ့ ပက်သက်ပြီး အကြံဉာဏ်တွေပေးလေ့ရှိပြီး သင်ကလည်း အဲဒီပေးထားတဲ့ အကြံဉာဏ်တွေအတိုင်း လုပ်တဲ့အခါမှာ ရောဂါတချို့ သက်သာပျောက်ကင်းသွားတာလည်း ရှိသလို ရောဂါမသက်သာဘဲ ပိုဆိုးသွားတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အငြင်းပွားဖွယ်ရာ ကျန်းမာရေးအပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။

အအေးမိရောဂါရှိရင် အစာစားခိုင်းပေမယ့် အဖျားရှိရင် အဖတ်မစားဘဲ နေသင့်ပါသလား?
အအေးမိတာနဲ့ အဖျားရှိတာ နှစ်မျိုးစလုံးဟာ အစာစားလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဖျားနေတဲ့အတွက် ခန္ဓာကိုယ်က အရည်တွေ ဆုံးရှုံးသွားတာကြောင့် သင့်ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ရပါမယ်။ သင်ဟာ အန်တာ ဒါမှမဟုတ် ဝမ်းပျက်ဝမ်းလျှောနေတာကြောင့် ရေဓာတ်လျော့နည်းသလို ခံစားနေရရင် ဓာတ်ဆားရည်သောက်ပါ။ အမှန်မှာတော့ အဖျားရှိတာဟာ ခန္ဓာကိုယ်က သူ့ဘာသာသူ ပြန်လည် ပြုပြင်နေတာပါ။ ခန္ဓာကိုယ်ရဲ့ အပူချိန် တစ်ဒီဂရီ နှစ်ဒီဂရီလောက် တက်နေတာဟာ ရောဂါပိုးကို တွန်းလှန်ဖို့အတွက် ခန္ဓာကိုယ်က ခုခံအားဆဲလ်တွေကို ပိုပြီး ထုတ်လုပ်နေရတာကြောင့်ပါ။ ဒါ့ကြောင့် အဖျားကျအောင် ဆေးဝါးအသုံးပြုတာက ကောင်းဖို့ထက် ဆိုးဖို့ ပိုများသလို ဖြစ်သွားပါတယ်။ သင်ဖျားနေတာက သုံးရက်ထက် ကျော်နေတာ ဒါမှမဟုတ် အဖျား ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက် များနေတာဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

ပတ်တီးစည်းသင့်သလား….ပတ်တီး မစည်းသင့်ဘူးလား?
ပြတ်ရှဒဏ်ရာတစ်ခုဖြစ်လာရင် အများအားဖြင့် ဒဏ်ရာကို‌ ရေဆေးပြီး ပတ်တီးစည်းထားတာ၊ ဒဏ်ရာကို ဒီအတိုင်း ခြောက်သွေ့စေပြီး အနာဖေးပေါ်တဲ့အထိထားတာ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ သန့်စင်တာတွေ ပြုလုပ်လေ့ရှိပါတယ်။ ကလေးငယ်တွေမှာ ရရှိတဲ့ ပြတ်ရှဒဏ်ရာကို ပတ်တီးစည်းမထားသင့်ပါဘူး။ အမာရွတ်ကြီး ဖြစ်သွားနိုင်ပါတာကြောင့်ပါ။ အနာကို ပတ်တီးမစည်းဘဲ အနာဖေးပေါ်တဲ့အထိ ခြောက်သွေ့အောင် ထားတာကလည်း ရောင်ရမ်းမှုပိုမိုဖြစ်ပေါ်ပြီး အနာကျက်တဲ့ဖြစ်စဉ် နှေးကွေးသွားနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ သန့်စင်တာကလည်း ဒဏ်ရာအတွင်း ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ပဋိဇီဝလိမ်းဆေးတွေကို အသုံးပြုတာကလည်း အရေပြားနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းက သင့်လက်ကို စင်ကြယ်အောင် ဆေးပါ။ ပြီးရင် ပြတ်ရှဒဏ်ရာကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး အနာအတွင်း အစိုဓာတ်ရရှိစေဖို့ Petroleum Jelly ကို လိမ်းပေးကာ ပတ်တီးစည်းထားပေးပါ။

ခါးနာတာကို ကုသဖို့ အကောင်းဆုံးနည်းလမ်းက ဘာပါလဲ?
ခါးနာတဲ့ ဝေဒနာခံစားရတဲ့အခါမှာ ဆေးဝါးအသုံးပြုတာ၊ အပူကပ်တာ၊ အအေးကပ်တာ ဒါမှမဟုတ် ခါးကို အနားပေးတာလိုမျိုး ကုသမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ခါးနာတာကို ဆေးဝါးနဲ့ ကုသတာက ယာယီသာ သက်သာနိုင်ပါတယ်။ အပူကပ်တာနဲ့ အအေးကပ်တာတွေကလည်း နာကျင်တဲ့ဝေဒနာ အနည်းငယ်သာ သက်သာနိုင်ပါတယ်။ ခါးနာတာကို ကုသဖို့ အမှန်ကန်ဆုံး နည်းလမ်းကတော့ လမ်းလျှောက်တာဘဲ ဖြစ်ပါတယ်။ အများစုက ခါးနာနေရင် လမ်းလျှောက်ရမှာကို ကြောက်ရွံ့နေတတ်ပါတယ်။ ကားမှတ်တိုင်တစ်တိုင်စာလောက် လမ်းလျှောက်တာက ခါးနာဝေဒနာ သက်သာဖို့အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပါ။

ရေများများသောက်လို့ ရပါသလား?
‌နေ့စဉ် ရေရှစ်ခွက်သောက်ရမယ်ဆိုတာက ကျန်းမာရေးပညာရှင်ကြား အငြင်းပွားဖွယ်ရာ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ သင့်ရဲ့ လှုပ်ရှားတက်ကြွမှု အနေအထား၊ အသက်အရွယ်၊ စားတဲ့အစားအစာနဲ့ သင်နေထိုင်ရာပတ်ဝန်းကျင်က ရာသီဥတု အပေါ်မူတည်ပြီး နေ့စဉ် ရေရှစ်ခွက်ထက်ပိုပြီး ဒါမှမဟုတ် လျှော့ပြီး သောက်ရမလားဆိုတာ ဆုံးဖြတ်လို့ ရပါတယ်။ အလွယ်ဆုံးနည်းကတော့ ဆီးသွားတဲ့အကြိမ်အရေအတွက်ကို ကြည့်ပြီး ရေပိုသောက်ရမလား ဒါမှမဟုတ် လျှော့သောက်ရမလား ဆုံးဖြတ်ပါတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့တာအတွက် ဆီးငါးကြိမ်သွားတာကလည်း အကောင်းဆုံးပါ။ ဆီးအရောင်က အဝါဖျော့ရောင် ဖြစ်နေရင်လည်း သင့်မှာ ရေဓာတ်လုံလောက်နေပါတယ်။

အစာစားပြီးတိုင်း သွားတိုက်ဖို့ လိုအပ်ပါသလား?
လူတွေရဲ့ ၃၀ ရာခိုင်နှုန်းက မနက်ပိုင်း အိပ်ရာထ တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သွားတိုက်ရမှာကို ပျင်းရိနေကြပြီး ကျန်၇၀ ရာခိုင်နှုန်းကသာ အဲဒီလိုမျိုး သွားတိုက်တဲ့ အကျင့်ရှိကြပါတယ်လို့ အမေရိကန်သွားဆရာဝန်အသင်းက ၂၀၁၀ ပြည့်နှစ်မှာ ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။ တချို့ကျတော့လည်း သွားကို ဂရုစိုက်လွန်ပြီး မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ်အပြင် ထမင်းစားပြီးတိုင်း သွားတိုက်လေ့ရှိကြပါတယ်။ အစာစားပြီးတိုင်း သွားတိုက်တာက သွားရဲ့ ကြွေလွှာတွေကို တိုက်စားလိုက်ကာ ပျက်စီးနိုင်ပါတယ်။ အထူးသဖြင့် သင်စားထားတဲ့အစာက အက်စစ်ဓာတ်တွေ(အချဉ်) ပါနေရင်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းတာက သွားကြားထဲမှာ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေအတွက် သွားကြားပွတ်ကြိုးကို အသုံးပြုပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts