အသက် ၄၀ မတိုင်မီ ရပ်တန့်သင့်သော ကျန်းမာရေးဆိုးရွားနိုင်သည့် အပြုအမူများ

အသက် ၄၀ မတိုင်မီ ရပ်တန့်သင့်သော ကျန်းမာရေးဆိုးရွားနိုင်သည့် အပြုအမူများ

ငယ်စဉ်အခါက သင်ဟာ အသက်ရှည်ရှည် နေရလိမ့်မယ်လို့ ထင်ကောင်းထင်မိခဲ့မှာပါ။ ဒါပေမယ့် တဖြည်းဖြည်း အသက်ကြီးလာတဲ့ အခါမှာတော့ ဒီအထင်တွေက အမှန်တွေ မဟုတ်ဘူးဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ပက်သက်လာရင် အသိနောက်ကျသွားလို့ မိမိမှာ ငြိတွယ်နေတဲ့ ဝေဒနာတွေ ပိုဆိုးရွားလာမှာကို စိုးရိမ်တတ်သူတွေအနေနဲ့ အသက် ၄၀ မတိုင်ခင်မှာ အခုဖော်ပြထားတဲ့ ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အပြုအမူတွေကို ရပ်တန့်လိုက်ပါ။

အပြာရောင် အလင်းတန်းများကို မရှောင်ခြင်း
ဟားဗတ်စ်တက္ကသိုလ်မှ ၂၀၁၁ ခုနှစ်က လေ့လာမှုအရ တီဗီနဲ့ ကွန်ပျူတာက ထွက်လာတဲ့ အပြာရောင်အလင်းတန်း (Blue Ray) တွေက ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ရောဂါနဲ့ အိပ်မပျော်တာအပါအဝင် ရောဂါတချို့ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူတွေ၊ တီဗီကြည့်ချိန်များသူတွေအနေနဲ့ တစ်နာရီကြာတိုင်း ၁၀ မိနစ်ခန့် လမ်းထလျှောက်ပါ။

သွားသာတိုက်ပြီး သွားကြားပွတ်ကြိုးကို အသုံးမပြုခြင်း
လူအများစုက သွားပဲ တိုက်ပြီး သွားကြားပွတ်ကြိုးကို အသုံးမပြုတတ်ကြပါဘူး။ သွားကြားပွတ်ကြိုး အသုံးပြုပါမှ သွားကြားထဲက ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ သွားကြားထဲမှာရှိတဲ့ ဒီအညစ်အကြေးတွေက ကြာလာရင် သွားချေးဖတ်တွေ ဖြစ်ပြီး ကျောက်အဖြစ် ပြောင်းလဲသွားကာ ဖယ်ရှားရခက်ခဲသွားနိုင်ပါတယ်။ သွားဖုံးရောဂါက အသက် ၄၀ အရွယ်ရောက်သူတွေမှာ အဖြစ်များတတ်ပေမယ့် တချို့လူတွေမှာ ၃၀ အရွယ်ကတည်းက စတင် ဖြစ်ပေါ်တတ်ပါတယ်။ သွားဖုံးရောဂါနဲ့ နှလုံးရောဂါဆက်စပ်မှုရှိတယ်ဆိုတာကို လေ့လာမှုအများအပြားအရ သိရပါတယ်။

အစာနပ်ရှောင်ခြင်း
ပိန်ချင်လို့ နေ့ခင်းဘက်မှာ အစာနပ်ရှောင်တာတွေ ပြုလုပ်တာက အလွန်မှားယွင်းတဲ့အပြုအမူပါ။ အစာရှောင်တာက ကိုယ်အလေးချိန်ကျဖို့ မကူညီနိုင်တဲ့အပြင် စားသောက်ဆိုင်က အလွယ်တကူ ရရှိနိုင်တဲ့ အသင့်အစားအစာတွေကို ပိုပြီးစားမိတာ ဒါမှမဟုတ် အဆာလွန်တာကြောင့် အစာကို မတန်တဆ စားမိတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အစာမစားတာကြောင့် ဇီဝရုပ်ဖြစ်ပျက်နှုန်း ‌နှေးကွေးသွားပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားလာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာစားတာက ကိုယ်အလေးချိန် ကျဆင်းဖို့အတွက် ကူညီနိုင်ရုံသာမက စွမ်းအင်နဲ့ အာရုံစူးစိုက်မှုလည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

ပုံမှန်ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ခြင်း
လူအများစု ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်ကြတာက မိမိမှာ ရောဂါရှိနေမှန်း သိရှိမှာကို ကြောက်ရွံ့နေတာနဲ့ ငွေကုန်ကြေးကျများမှာ ကြောက်တာကြောင့်ပါ။ တကယ်တမ်း ရောဂါဖြစ်လို့ ဆေးရုံတက်ရမယ်ဆိုတော့မှ ဆေးမစစ်မိခဲ့တာကို နောင်တရတတ်ကြပါတယ်။ တစ်နှစ် တစ်ခါ ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူတာက ရောဂါရှိခဲ့ရင်လည်း နုစဉ်အခါမှာ တွေ့ရှိနိုင်တာမို့ ကုသရလွယ်ကူနိုင်ပါတယ်။ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်ရမယ့်အဖြစ်မျိုး မရောက်ရလေအောင် အသက် ၄၀ မတိုင်ခင်ကတည်းက နှစ်စဉ် ကျန်းမာရေး ပုံမှန်စစ်ဆေးမှု ခံယူပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts