အလုံးစုံအရည်အသွေးတည်ဆောက်မှုဆိုင်ရာ အင်္ဂါရပ်များ (အပိုင်း - ၂)

အလုံးစုံအရည်အသွေးတည်ဆောက်မှုဆိုင်ရာ အင်္ဂါရပ်များ (အပိုင်း – ၂)

ကျွန်မတို့ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ အင်္ဂါရပ်သုံးရပ် အကြောင်းကို ဆွေးနွေးခဲ့ကြပြီး ပါပြီ။ အခုစတုတ္ထအချက်ကို တင်ပြမှာ ဖြစ်ပါတယ်။
 

၄။ စစ်ဆေးမှု၊ ဆုချီးမြှင့်မှု
 

စတုတ္ထအချက်က ဘာလဲဆိုတော့ အရည်အသွေးဆိုင်ရာ ‘TQM’ကို အကောင်အထည်ဖော်ရာမှာ စစ်ဆေးမှုပြုရမယ်။ စစ်ဆေးလို့တွေ့ရှိတဲ့ အချက်တွေ ပေါ်မှာ ဆုချီးမြှင့်မှုတွေကို လည်း ပြုရမယ်ဆိုတယ်။ ကြီးကြပ်မှု၊ စစ်ဆေးမှုဟာ စဉ်ဆက်မပြတ်စစ်ဆေးဖို့လိုပါတယ်။ ကြီးကြပ်စစ်ဆေးရာမှာ  သတ်မှတ်ချက်တွေ၊ နည်းစနစ်တွေလည်း လိုပါတယ်။ အဲ စစ်ဆေးပြီးတော့ အကောင်းဆုံးရှိတဲ့ယာဉ်လိုင်းတွေ၊ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်တဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေ၊ ဝန်ထမ်းတွေကို ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း စသည်တို့ကို ပြုပေးဖို့လိုပါတယ်။ ဒီတော့မှ စိတ်ဓာတ်တက်ကြွပြီး သူတို့ အလုပ်ကို တန်ဖိုးထားမယ်၊ အလုပ်ကို ကြိုးစားကြမှာ ဖြစ်ပါတယ်။
 စိစစ်ကြီးကြပ်ခြင်း၊ ဆုချီးမြှင့်ခြင်း စတဲ့ အလုပ်တွေကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်း)အနေနဲ့ နှစ်စဉ်ပြုလုပ်ပြီး ဆုချီးမြှင့်ငွေ ကုဋေကုဋာကို ချီးမြှင့်ပေးနေတာဟာ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုလုပ်နေခြင်းလည်း ဖြစ်ပါတယ်။

 
၅။ စာရင်းအင်း ထားရှိရမယ်

 အရည်အသွေးစီမံခန့်ခွဲမှု ပြုရာမှာ မလွဲအသွေဆောင်ရွက်ရမယ့် ကိစ္စတစ်ရပ်က စာရင်းအင်းထားရှိဖို့ဖြစ်ပါတယ်။ စာရင်းအင်းမရှိရင် ကိုယ့်အလုပ်ကိုကိုယ်ဘယ်ကမ်းဆိုက်နေပြီဆိုတာ သိဖို့ ခဲယဉ်းပါတယ်။အလုပ်က အရှုံးပေါ်မယ့် လက္ခဏာတွေပြနေသလား၊ ဝန်ထမ်းတွေ ကြိုးပမ်းမှုလျော့ နေသလား၊ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် ဘယ်လိုလဲ၊ မိမိရဲ့ ထုတ်ကုန်အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့ အကြောင်းခြင်းအရာတွေကို စာရင်းအင်းကိန်းဂဏန်းတွေကနေ ခန့်မှန်းနိုင်ပါတယ်။ ဒါဆိုရင် ချက်ချင်းပြုပြင်လို့ရပါတယ်။ မြန်မာလို စာရင်းအင်းထားရှိရမယ်၊စာရင်းအင်းဆိုင်ရာ နည်းစနစ်များကို သုံးရမယ်လို့ ဆိုတာကတော့ အင်္ဂလိပ်လို ‘Statistic’ ဖြစ်ပါတယ်။
 ရရှိတဲ့ စာရင်းအင်းတွေကို လူတိုင်းအလွယ်တကူ နားလည်နိုင်အောင် ပုံစံတွေ၊ အတက်အကျ မျဉ်းတွေနဲ့လည်း ပြလို့ရပါတယ်။ စာရင်းအင်းထားသိုနည်း၊ အထားအသို၊ ဂရပ်တွေ၊ မျဉ်းတွေနဲ့ ဘယ်လိုပြဆိုရမယ် ဆိုတာ စာရင်းအင်းဆိုင်ရာ နည်းပညာတွေမှာ ရှိပြီးသား ဖြစ်ပါတယ်။
 ကားလိုင်းတစ်လိုင်းဟာ သူ့ကားလိုင်းက လစဉ်ဝင်ငွေ၊ ကားထွက်နှုန်း၊ ကားပျက်စီးမှု စတာတွေကို ကိန်းဂဏန်းနဲ့ သာမက ချပ် Chart တွေ ဂရပ် Graph တွေနဲ့ ပါပြရမယ်။ ဒါမှ လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေကို ပြုနိုင်မှာပါ။
 စာရင်းအင်းတွေအားလုံးကို ကိန်းဂဏန်းတွေနဲ့ ချည်းပြရင် ပျင်းစရာကောင်းပါတယ်။ ဒါကြောင့် စာရင်းအင်းပညာကို သုံးပြီး ဇယားတွေ၊ ပုံစံတွေနဲ့ သုံးဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ စာရင်းအင်းပညာဟာ မရှိမဖြစ်တဲ့ အတွက် အရည်အသွေးတည်ဆောက်ရာမှာ သုံးကိုသုံးရပါမယ်။ ရှောင်ဖယ်လို့မရပါဘူး။ စိတ်မှန်းနဲ့ လုပ်မယ်၊ ဝင်ငွေထွက်ငွေစာရင်းမရှိဘူးဆိုရင် လုပ်ငန်းတောင် ပျက်စီးသွားနိုင်ပါတယ်။ စာရင်းဇယားတွေဟာ လုပ်ငန်းအတက်အကျကို အမြဲပြနေပါတယ်။
 စက်ရုံတစ်ရုံဟာ ကိန်းဂဏန်းစာရင်းဇယားများအားဖြင့် အပျက်အစီး ချွတ်ယွင်းမှုတွေ များနေပြီလားဆိုတာ တွေ့ရတယ်ဆိုပါစို့….။ ဒါဆိုရင် အဲဒီစက်ရုံထဲကို ဝင်ကြည့်ကြရအောင်ပါ။
 သာမန်အားဖြင့်တော့ ဒီအပျက်အစီးတွေဟာ ဘယ်သူ့ကြောင့်ဖြစ်တာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာလဲ ရှာဖွေပြီး တာဝန်ရှိတဲ့ သူကို အရေးယူတယ်၊ ရာထူးက ချမယ်၊ တခြားဌာနကို ပို့မယ်၊ ဒီလို ဆောင်ရွက် တတ်တာများပါတယ်။ ဒါတွေက ရုံးတို့၊ ဌာနဆိုင်ရာ တို့မှာ လုပ်နေကျလုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်။
 အရည်အသွေးဆိုင်ရာ အဖွဲ့အစည်းကတော့ ဒီလိုမစဉ်းစားဘူး။ ချွတ်ယွင်းမှု၊ ချွတ်ချော်တိမ်းပါးမှု Defectsတွေ ဘာကြောင့် အပျက်အစီးများသလဲဆိုတာကို တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့ငယ်လေးတွေဖွဲ့ပြီး စဉ်းစားပြုပါတယ်။ လူတစ်ယောက်တည်း စဉ်းစားတာထက် အများစုပေါင်းပြီး အချက်အလက်ရှာဖွေ စဉ်းစားတာက အမှန်နဲ့ နီးစပ်တယ်၊ အမှားနည်းပါတယ်။ ဘာကြောင့် အပျက်အစီးများတာလဲလို့ စဉ်းစားတာက ထပ်ပြီးမှား ရင် အမှားပေါ်ထပ်မှားရာကျပြီး ဆုံးရှုံးမှု အတောမသတ်နိုင်တော့ဘဲ လုပ်ငန်းတစ်ခုလုံးကျဆုံးရာ လမ်းကြောင်းဖြစ်သွားနိုင်ပါတယ်။ စုပေါင်းသုံးသပ် စဉ်းစားပြီး-
 -ပြုလုပ်နေတဲ့ နည်းမမှန်လို့လား
 -ဝန်ထမ်းအားနည်းလို့လား
 -အသုံးပြုတဲ့ ကုန်ကြမ်း အရည်အသွေးမမီလို့လား၊
 စက်ပစ္စည်း မကောင်းလို့လား၊
 အသုံးပြုတဲ့ သစ်တွေ ဆွေးနေလို့လား
 အသုံးပြုတဲ့ သံပြားတွေ သံချေးတက်နေလို့လား
 အသုံးပြုတဲ့ သံမဏိတွေက အတုတွေ ဖြစ်နေလို့လား
 ဒါတွေကို အကျိုးနဲ့ အကြောင်းနဲ့ Cause and Effectစဉ်းစားကြရပါမယ်။ အကျိုးအကြောင်းကို ရှာဖွေပြီး ပြဿနာတစ်ရပ်လုံးကို ကုစားရပါမယ်။ လူတစ်ယောက်ကို အလုပ်ကထုတ်ပစ်လိုက်ရုံနဲ့ ပြဿနာရှင်းမသွားပါဘူး။
 ကုန်ထုတ်လုပ်မှု ဖြစ်စဉ် တစ်လျှောက်လုံးမှာ အမှားအယွင်း၊ ချွတ်ချော်တိမ်းပါးမှု အနည်းဆုံးဖြစ်မှ၊ တစ်နည်း ချွတ်ချော်တိမ်းပါးမှု ‘သုည’ ဖြစ်မှ အရည်အသွေးကို တည်ဆောက်နိုင်မှာမို့ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှု တည်ဆောက်ရာမှာ ပြဿနာကို ရှာဖွေပြီး အဲဒီ ပြဿနာကို နည်းလမ်း မှန်ကန်စွာနဲ့ ဖြေရှင်းရပါတယ်။ ကိန်းဂဏန်းထားရှိ စစ်ဆေးခြင်းဟာ ပြဿနာကို စနစ်တကျ ရှာဖွေရာမှာ မဖြစ်မနေသုံးရမယ့် နည်းစနစ်ဖြစ်ပါတယ်။

 ၆။ နိုင်ငံတစ်ဝန်း အရည်အသွေး စိတ်ဓာတ်မွေးပါ
 

အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုကို တည်ဆောက်ရာမှာ စက်ရုံတစ်ရုံတည်း၊ ဌာနတစ်ခုတည်းက တည်ဆောက်တာထက် နိုင်ငံတစ်ဝန်း အရည်အသွေးတည်ဆောက်တာမျိုး ‘Nationwide TQC Promotion’ကို ဆောင်ရွက်ဖို့လိုပါတယ်။
 အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး လုပ်ဆောင်ကြရပါမယ်။ စက်ရုံတစ်ရုံမှာ ကုန်ကြမ်းဝယ်တဲ့လူ၊ ကုန်ချောထုတ်တဲ့လူ၊ဖြန့်ချိတဲ့လူ၊ မန်နေဂျာ၊ ညစောင့်က အစ ဒီလူတွေ အားလုံးမှာ အရည်အသွေးတည်ဆောက်မှုဆိုင်ရာ စိတ်ဓာတ်မြင့်တက်နေဖို့ လိုပါတယ်။ လူတိုင်းဟာ ဘာကြောင့် အရည်အသွေး လိုအပ်တယ်ဆိုတာ သိရပါမယ်။ အရည်အသွေး တည်ဆောက်တဲ့ နည်းစနစ်တွေကိုလည်း သိရပါမယ်။ အရည်အသွေးဟာ မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ စက်ရုံတိုးတက်ဖို့မှာ မတည်ဆောက်လို့ မရဘူး ဆိုတာကို သိရပါမယ်။ ခံယူရပါမယ်။
 အရည်အသွေးကို တစ်ပြိုင်နက် ဆောင်ရွက်ရပါမယ်။ စက်ရုံတွေမှာတော့ အရည်အသွေးတည်ဆောက်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အရည်အသွေးမရှိလို့ မဖြစ်ပါဘူးဆိုတာကို တင်ပြရပါတယ်ရှင်။                   ။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts