hapeye

အရှုံးကို အနိုင်အဖြစ်ပြောင်းလဲနည်း

လူတိုင်းကတော့ ရှုံးရမှာကို ကြောက်တတ်သူတွေကြီးပါပဲ၊ ဘယ်သူမဆို ပြိုင်ရင်လည်းနိုင်ရမှ၊ လုပ်ငန်းတစ်ခုခု လုပ်ရင်လည်း ဖြစ်ဖြစ်မြောက်မြောက် ဖြစ်ရမှကို ကျေနပ်ကြသူတွေပါ။ ဒါပေမဲ့ ရှုံးမှာ၊ အဆင်မပြေဖြစ်မှာကို ကြောက်လို့ အစကတည်းက မကြိုးစားဘဲ လက်လျှော့မယ်ဆိုရင်တော့ ဘယ်ဖြစ်ဦးမလဲ။

အောင်မြင်တဲ့သူတွေမှာလည်း လူသိနည်းခဲ့တဲ့ ရှုံးနိမ့်မှုတွေ ရှိပါတယ်။ ဘတ်စ်ကတ်ဘော ချန်ပီယံမိုက်ကယ်ဂျော်ဒန်ဆိုရင် ဘတ်စ်ကတ်ဘောသမိုင်း တစ်လျှောက်မှာ အကောင်းဆုံးစာရင်းဝင် အားကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူဟာ အထက်တန်းကျောင်းတုန်းက ဘတ်စ်ကတ်ဘောအသင်းကနေ ထုတ်ပယ်တာခံခဲ့ရဖူးပါတယ်။ အကြောင်းအရင်းကတော့ သူ့နည်းပြအမြင်မှာ မိုက်ကယ်ဂျော်ဒန်ဟာ အရည်အချင်း မပြည့်မီတဲ့ အားကစားသမား ဖြစ်နေလို့ပါတဲ့။

မိုက်ကယ်ဂျော်ဒန်သာ စိတ်ဓာတ်ကျပြီး အားကစားကို စွန့်လွှတ်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ။ ဒီလိုပြောတာဟာ ရှုံးနိမ့်ဖူးတိုင်း အောင်မြင်လာမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရှုံးကို ကျော်လွှားတဲ့ အခါမှာ သုံးရမယ့် နည်းစနစ်တွေရှိပါတယ်။

၁။ ပျင်းတာလား၊ အချိန်ဆွဲတာလား၊ တကယ်ကြောက်တာရော ဟုတ်ရဲ့လား။
    လူဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပါ။ တစ်ခါတလေမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်တော့မယ်ဆိုရင်တောင်မှ အချိန်ဆွဲတဲ့စိတ်၊ ပျင်းတဲ့စိတ်နဲ့ အပျက်ဘက်ကို ရွေးတွေးပြီး လက်လျော့ပစ်လိုက်ကျပါတယ်။ ရှုံးမှာကြောက်လို့ မလုပ်တာလား၊ ပျင်းလို့ မလုပ်တာလားဆိုတာ ကိုယ့်ဘာသာ ရှင်းလင်းအောင်လုပ်ပါ။

၂။ ထပ်တလဲလဲလုပ်မနေပါနဲ့။
    သနားစရာကောင်းအောင် မိုက်မဲတဲ့သူဆိုတာ အလုပ်တစ်ခုကို ပုံစံတစ်မျိုးတည်းနဲ့ အကြိမ်ကြိမ်လုပ်နေပြီး မတူတဲ့ ရလဒ်တွေ ထွက်လာမယ်လို့ မျော်လင့်နေတဲ့သူပဲဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဇွဲရှိရင် အောင်မြင်တယ်ဆိုပေမဲ့ နေရာတိုင်းတော့ မဟုတ်ပါဘူး။ ဆင်ခြင်ဉာဏ်မပါတဲ့ ဝီရိယဆိုတာ အချိန်ဖြုန်းတာ သက်သက်ပါပဲ။ ပြီးခဲ့တဲ့ ရှုူံးနိမ့်မှုတွေမှာ ဘာတွေမှားခဲ့သလဲ၊ အခြေအနေ၊ အချိန်အခါက ဘယ်လိုရှိနေခဲ့သလဲ ဆိုတာကို လေ့လာပါ။ နောက်တစ်ခေါက် အဲ့ဒါတွေထက်မဖြစ်ရအောင် ပြင်ဆင်ပါ။

၃။ ပြင်ဆင်ပါ။
    ဖြစ်လာနိုင်သမျှ အခြေအနေအားလုံးကို ကြိုတင်တွက်ဆပါ။ လစ်ဟာမှုမရှိအောင် ကြိုတင်တွက်ထားပါ။ ပြီးတော့ … ကိုယ်ကြိုးစားတဲ့ လမ်းကြောင်းတစ်ခုက လက်တွေ့ဖြစ်မလာဘူးဆိုရင် တခြားဘယ်လိုလုပ်မလဲဆိုတဲ့ အရံလမ်းကြောင်း(Plan-B) ကိုလည်း ပြင်ဆင်ထားပါ။ ကိုယ့်အနေနဲ့ ထောင့်စေ့နေအောင် ပြင်ဆင်ထားတာကို ကိုယ့်ဘာသာကိုယ် သိနေရင် ယုံကြည်မှုလည်း ပိုတိုးပွားလာစေပါတယ်။

၄။ အကောင်းမြင်ပါ။
    ဒီစကားက လူပြောသူပြောများလို့ ရိုးအီသွားပေမဲ့ တကယ်တမ်းမှာ အသုံးဝင်လှပါတယ်။ အရှုံးကိုကြောက်တဲ့ စိတ်ဆိုတာမျိုးမှာ အရှုံးရဲ့ နောက်ဆက်တွဲရလဒ်တွေကို ကြောက်တဲ့စိတ်လည်း ပါပါတယ်။

ငါ ဒီတစ်ခါရှုံးသွားရင် ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုမျက်နှာပြမလဲ၊ ဒီကိစ္စမှာ အစဉ်မပြေဖြစ်သွားရင် ငါ့ကို အသုံးမကျတဲ့သူဆိုပြီး ဝိုင်းကဲ့ရဲ့ကြတော့မှာပဲ ဆိုပြီး ကြောက်တဲ့စိတ်မျိုးပါ။ မြန်မာစကားမှာ “ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့ (၇)ရက်” ဆိုတဲ့ စကားပုံရှိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုဟာ ဖြစ်ထွန်းသည်ဖြစ်စေ၊ မဖြစ်ထွန်းသည် ဖြစ်စေ၊ အချိန်တစ်ခုကြာရင်တော့ လူတွေက မေ့သွားကြမှာပါ။
ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ကိုယ့်အတွက်တော့ အောင်မြင်မှုတစ်ခု၊ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ရင် ဒါအမှတ်တရပါပဲ။ ဒါ့ကြောင့် နောက်ဆက်တွဲတွေကို တွေးပြီး အဆိုးမြင်နေတဲ့ အကျင့်ကို ဖျောက်ပါ။

အခွင့်အရေးဆိုတာ
အခက်အခဲတွေ ကြားကလားတယ်
ဒီလိုပဲ
အခက်အခဲဆိုတာလည်း
အခွင့်အရေးမပါဘဲ
သူ့ချည်းရောက်မလာဘူး။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။  

Related Posts