အဖေကိုညစာလိုက်ကျွေးတဲ့သား

အဖေကို ညစာလိုက်ကျွေးတဲ့ သား

တစ်ညနေခင်းမှာ လူတစ်ယောက်ဟာ သူ့အဖေကို ညစာကျွေးဖို့စားသောက်ဆိုင်တစ်ခုကို ခေါ်လာတယ်။ ဆိုင်ထဲမှာ စားသောက်သူတွေနဲ့ပြည့်နေတယ်။ သူကစားပွဲတစ်လုံးမှာ နေရာယူပြီး ထမင်းဟင်း အစားအသောက်တွေကို မှာလိုက်တယ်။ အစားအသောက်တွေ ရောက်လာတော့ သားအဖနှစ်ယောက် စားကြတယ်။ 

အဖေဖြစ်သူဟာ အသက် ၈၀ ကျော်နေပြီ။ ဒီတော့ အစားအသောက်တွေကို ဇွန်းနဲ့ခပ်ယူရာမှာ လက်က တုန်တုန်ချိချိ ဖြစ်နေတာမို့ အစားအသောက်တွေဟာ ပါးစပ်ထဲရောက်တာ နည်းနည်း အင်္ကျီပေါ်နဲ့ စားပွဲပေါ်မှာ ကျကုန်တယ်။ သားဖြစ်သူက သူ့အင်္ကျီပေါ်နဲ့ စားပွဲပေါ် ဖိတ်စင်ပေကျံနေတာတွေကို လက်သုတ်ပဝါနဲ့ ဂရုတစိုက် သုတ်ပေးနေရတယ်။ သားဟာ အခုလို ဘာတစ်ခွန်းမှမပြောဘဲ ယုယကြင်နာစွာနဲ့ သုတ်ပေးနေတာ အဘိုးကြီး အစားအသောက်ပြီးသွားတဲ့ အချိန်ထိပါ။ ဘေးက စားသောက်နေကြသူတွေကတော့ သူတို့ဖြစ်ပျက်နေတာကို ကြည့်ပြီး နှာခေါင်းရှုံ့နေကြတယ်။ ညစ်ပတ်လိုက်တဲ့ အဘိုးကြီး၊ ရွံစရာကောင်းလိုက်တာပေါ့လို့ အချင်းချင်း တီးတိုးပြောနေကြတယ်။ 

စားသောက်ပြီးတာနဲ့ သားဖြစ်သူက အဖေကိုတွဲထူပြီး လက်ဆေးကြွေပန်းကန်မှာ သူ့အဖေရဲ့ ပါးစပ်၊ လက်နဲ့ အင်္ကျီပေါ်က ထမင်းဟင်းအပေအကျံတွေကို သေချာ ဆေးကြော သုတ်သင်ပေးတယ်။ သူ့အဖေကို ခေါင်းဖြီးပေးလိုက်တယ်။ မျက်မှန်ကိုလည်း သေသေချာချာ တည့်မတ်တပ်ပေးလိုက်တယ်။ စားသောက်ဆိုင်ထဲက လူတွေအားလုံးဟာ အဲဒီအဖြစ်အပျက်ကို‌ သေသေချာကြည့်နေကြတယ်။ 

သားဖြစ်သူဟာ စားသောက်တဲ့ ကျသင့်ငွေကို စားပွဲထိုးကို ပေးလိုက်ပြီးတော့ သူ့အဖေကို တွဲပေးရင်း ဆိုင်ထဲက ထွက်လာခဲ့တယ်။ ဆိုင်အဝင် တံခါးပေါက်ရောက်တော့ တစ်ချိန်လုံး စကားမပြောဘဲ ငြိမ်နေတဲ့အဘိုးကြီးက သူ့သားကိုအသံကျယ်ကြီးနဲ့ လှမ်းအော်မေးလိုက်တယ်။ ‘ငါ့သား မင်း ဆိုင်ထဲမှာ တစ်ခုခုမကျန်ခဲ့ဘူးလား’ တဲ့။ 

သားကလည်း ဘာမှမကျန်ပါဘူး။ အဖေလို့ ပြန်ပြောလိုက်တယ်။ အဘိုးကြီးက ‘မင်း တစ်ခုချန်ထားခဲ့တယ်လေ။ မင်းဟာ သားသမီးတွေအတွက် သင်ခန်းစာယူစရာနဲ့ မိဘတွေအတွက် မျှော်လင့်ချက်လေးတွေ ဆိုင်ထဲမှာချန်ထားခဲ့တယ်’ တဲ့။ 

ဆိုင်တစ်ခုလုံးလည်းတိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ 

မှတ်ချက်။ အင်တာနက်မှာ ဖတ်မိတာလေးကိုမှီငြမ်းရေးလိုက်တာပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

ဘဝနေနည်း

Related Posts