အနုနည်းလည်းသုံးပါ

အနုနည်းလည်းသုံးပါ ၊ အကြမ်းနည်းလည်းသုံးပါ။

မိမိသည် တခြားလူများအား ထိထိရောက်ရောက် တွန်းအားပေးသူတစ်ဦးဖြစ်ပါက ဆိုးသောရဲသားတစ်ဦး ( Bad Cop) အနေဖြင့်လည်းကောင်း၊ ကောင်းသော ရဲသားတစ်ဦး ( Good Cop ) အနေဖြင့်သော်လည်းကောင်း ပြုမူပုံပြုနည်းများကို သိထားရမည်ဖြစ်သည်။ ဤကဲ့သို့ ပြုမူနိူင်ရန် လူနှစ်ဦး မလိုအပ်။ စစ်မှန်သော တွန်းအားပေးသူ တစ်ယောက်သည် ဤစရိုက်နှစ်မျိုးလုံးကို သရုပ်ဆောင်နိူင်ရမည်။ 
ကောင်းသောရဲသား – ပြုစုပျိုးထောင်ခြင်း၊ အကြံပေးခြင်း၊ နည်းပြခြင်း၊ ဆောင်ရွက်ပေးခြင်း၊ အထောက်အကူပြုခြင်းများ ပါဝင်သည်။ အမြဲတမ်း ကတိတည်ပါ။ မိမိဖြစ်စေချင်သော အမူအကျင့်မျိုး ဖြစ်လာစေရန် မှန်ကန်သော အင်အားဖြည့်မှု ပေးပါ။
ဆိုးသောရဲသား – လုံးဝဆိုးဝါးသည်။ ကတိတည်သော လူများ၊ အလုပ်နှင့် ကတိမတည်သောလူများက စကားလာပြောသည့်အခါ ဆင်ခြင်ပေးခြင်း၊ မကျေမနပ် စကားပြောခြင်းများအား ခွင့်မပြု၊ တကျည်ကျည် ညည်းညူနေသူများ၊ တိုးတက်မှုမရှိသော သူများကို လေးစားမှုမပြု၊ ပျင်းရိနေသူများအတွက် နေရာမရှိ၊ ရှင်းရှင်းလင်းလင်း ပြောသည်။ ဆုံးဖြတ်ချက်ပြတ်သည်။ အရာရာကို ပြောင်ပြောင်တင်းတင်း ပြောသည်။ ပြောစရာရှိလျှင် ခိုးကြောင်ခိုးဝှက် မပြော။ “ မင်းကို ငါယုံတယ်။ မင်းဘာတွေလုပ်နိူင်တယ်ဆိုတာ ငါသိတယ်။ မင်းမလုပ်လို့ရှိရင် မင်းအတွက်ရော အသင်းအတွက်ရော စိတ်ဓာတ်ကျစရာ ဖြစ်မယ်။ ဒါမျိုးကို ငါလက်မခံနိူင်ဘူး။ နိုးကြားဖို့ အချိန်တန်ပြီ ” ဟု မျက်နှာကို တည့်တည့် ကြည့်ကာ ပြောတတ်သည်။ 
သို့သော်လည်း ဆိုးသောရဲသားအသွင်ဖြင့် နေ့တိုင်းပြုမူစရာ မလို။ ကောင်းသောရဲသားအသွင်ဖြင့် အမျိုးမျိုး ကြိုးပမ်းပြီး မအောင်မြင်ပါမှ ဆိုးသောရဲသားအဖြစ် ပြုမူရမည်။ ဘဝတွင် အတော်ဆုံးလူသားဖြစ်လာစေရန် စိန်ခေါ်မှုများ မကြုံခဲ့ဖူးသူ တစ်ယောက်အား ဆိုးသော ရဲသားအသွင်ဖြင့် ပြုမူလိုက်၍ လူတစ်ယောက်သည် မိမိအလိုရှိသော လမ်းကြောင်းပေါ်သို့ ရောက်လာပါက ကောင်းသောရဲသားအသွင် ကူးပြောင်းပြုမူပြီး ထိုသူအား တိုးတက်မှု ခရီးလမ်းဆုံးသို့ ရောက်စေရန် ပို့ပေးရမည်။ 

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts