hapeye

ပွဲဈေးတစ်ခုမှာပါ။
ဈေးသည်တွေလည်းအများကြီးပေါ့။ ကောက်ညှင်းကျည်တောက်သည်လည်း ရှိမယ်၊ မလိုင်၊ ကရေကရာသည်၊ မုန့်လင်မယားသည်၊ ပေါက်စီသည်၊ မုန့်သည်ပေါင်းစုံလည်း ရှိပါမယ်။ ဝက်သားတုတ်ထိုးသည်၊ ကလေးကစားစရာ အရုပ်သည်တွေလဲရှိနိုင်တယ်။ ပူဖောင်းသည်၊ အထည်သည်ကအစ ဈေးသည်အစုံ ပွဲဈေးတန်းမှာ ရှိနိုင်ပါတယ်။ မိုးပျံပူဖောင်းသည်လာပြီး ရောင်းတဲ့ဈေးတန်းမှာ သတိထားကြည့်မိရင် မိုးပျံပူဖောင်းလေးတွေ ကောင်းကင်ကိုတလူလူနဲ့ ပျံတက်သွားတာကို တွေ့မြင်ဖူးကြတယ်။ တစ်ခါတလေ မိုးပျံပူဖောင်းနီနီလေး ကောင်းကင်မှာ လွင့်ပျံတက်လို့။ တစ်ခါတစ်ရံ မိုးပျံပူဖောင်းပြာပြာလေး လေထဲမှာ လွင့်မျောလို့။
ကောင်းကင်ထက်မှာ လွင့်ပျံတက်ပြီး လေနှင်ရာပါသွားတဲ့ မိုးပျံပူဖောင်းလေးတွေကို မြင်မိတဲ့အခါ ပူဖောင်းဝယ်ထားတဲ့ ကလေးတစ်ယောက်ယောက်ရဲ့ လက်က ကြိုးစလွတ်ထွက်လို့ မိုးပျံပူဖောင်းက မိုးပေါ်ပျံတက်သွားတာလို့ ထင်မိတယ်။ အခါခပ်သိမ်းတော့လည်း အဲဒီလိုဖြစ်တာမဟုတ်ဘူး။ မိုးပျံပူဖောင်း ရောင်းတဲ့သူက သူရောင်းမယ့် ပူဖောင်းလေးတွေကို တမင်ကြိုးဖြတ်ပြီး လွှတ်တင်လိုက်တာတဲ့။ ဘာကြောင့် ဒီလိုလုပ်တာလဲ။ မိုးပျံပူဖောင်းကိုလေထဲလွှတ်ပစ်လိုက်တော့ အလဟဿ မဆုံးရှုံးပေဘူးလားလို့ တွေးမိမှာပဲ။
ပွဲဈေးတန်းမှာ ဟိုငေးဒီမောသွားလာနေတဲ့ ကလေးသူငယ်တွေက ကောင်းကင်ပြင်ကျယ်ကျယ်မှာ လွင့်ပျံလာတဲ့ မိုးပျံပူဖောင်း နီနီပြာပြာ စိမ်းစိမ်းလေးတွေကို မြင်တတ်တယ်တဲ့။ ဒီလိုမြင်တဲ့အခါ မိုးပျံပူဖောင်းကို စိတ်ဝင်စားသွားတယ်။ ဝယ်ချင်လာတယ်။ လူကြီးမိဘကို မိုးပျံပူဖောင်းဝယ်ပေးဖို့ ပူဆာတယ်တဲ့။ ဒါကြောင့် မိုးပျံပူဖောင်းသည်တွေဟာ ပူပေါင်းအရောင်းနှေးသွားရင် သူရောင်းမယ့် မိုးပျံပူဖောင်းတွေထဲက တစ်လုံးကို ကြိုးဖြတ်ပြီး ကောင်းကင်ကို လွှတ်တင်တာတဲ့။ အရောင်းသွက်ဗျူဟာပေါ့။
ပွဲဈေးတန်းတစ်ခုမှာ မိုးပျံပူဖောင်းသည် တစ်ယောက်က သူတို့အရောင်းနည်းဗျူဟာအတိုင်း ပူဖောင်းအရောင်းနှေးတဲ့အခါ မိုးပျံပူဖောင်းလေးတွေကို ကြိုးဖြတ်ဖြတ်ပြီး လွှတ်လွှတ်တင်သတဲ့။ တစ်ခါတစ်ရံ နီနီလေး၊ တစ်ခါတစ်ရံ ဝါဝါလေး၊ တစ်ခါတစ်ရံ ပြာပြာလေး၊ တစ်ခါတစ်ရံတော့ ပူဖောင်းစိမ်းစိမ်းလေး။
ဒီလိုနဲ့ မိုးပျံပူဖောင်းသည် လက်မလည်အောင် ပူဖောင်းရောင်းနေရတယ်။ တစ်ညနေခင်းမှာတော့ ပူဖောင်းသည်ရဲ့ပုဆိုးစကို တစ်စုံတစ်ယောက်က ဆွဲလိုက်တယ်တဲ့။ ပူဖောင်းသည်လည်း သူ့ပုဆိုးစ တင်းခနဲဖြစ်သွားတော့ ငုံ့ကြည့်မိတာပေါ့။ ကလေးတစ်ယောက် သူ့ကိုမော့ကြည့်နေတယ်။ ပူဖောင်းသည်ကလည်း ကလေးကို ပူဖောင်းဝယ်ချင်တယ် ထင်ရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မျက်စပစ်လိုက်ပြီး ‘ဘာလဲကွာ ချာတိတ်’ ဆိုပြီး ခပ်ရွှင်ရွှင်မေးတာပေါ့။
ချာတိတ်လေးက မိုးပျံပူဖောင်းသည်ကို ပြန်ပြုံးပြပြီး ‘ဦးကိုတစ်ခုမေးချင်တယ်’ လို့ပြောတယ်။ ပူဖောင်းသည်ကလည်း ခပ်သွက်သွက်ပါ။ ‘မေးစေဗျား။ မေးပါ။ မေးပါ’ ဆိုပြီး ပြန်ပြောတယ်။ ကောင်းကင်ထက်မှာ တလူလူလွင့်ပျံတက်နေတဲ့ မိုးပျံပူဖောင်းနီနီလေးကို ကလေးက လက်ညိုးညွှန်ပြပြီး ‘ဟိုမှာ.. ပူပေါင်းနီနီလေး မိုးပေါ်ကို ပျံတက်သွားတယ်နော်’တဲ့။ မိုးပျံပူဖောင်းသည်က ‘အေးပေါ့’ဆိုပြီး ပြန်ဖြေတယ်။ ကလေးက ဆက်မေးတယ်။ ‘ပူဖောင်း အဝါရောင်လည်း တက်တယ်နော်’ တဲ့။ ပူဖောင်းသည်က ‘နီနီ၊ ပြာပြာ၊ ဝါဝါမိုးပေါ်ပျံတက်ကြတာပဲ။ အဲဒီတော့ သားက ဘာသိချင်တာလဲ’လို့ ပြန်မေးတယ်။ ကလေးလေးက ခပ်သွက်သွက်ပဲ ‘အနက်ရောင်ပူဖောင်းကော မိုးပေါ်ပျံတက်နိုင်သလား’ ဆိုပြီးမေးလိုက်တယ်။
မိုးပျံပူဖောင်းသည်က ပထမတော့ ရယ်လိုက်ဦးမယ်လို့ပဲ။ ဒါပေမဲ့မရယ်ဘူး။ ပူဖောင်းသည်ရဲ့မျက်နှာက တည်ကြည်သွားတယ်။ ကလေးလေးသိချင်တဲ့အဖြေကို လေးလေးနက်နက် ပြန်ဖြေပေးတယ်။
‘သားရေ ပူဖောင်းရဲ့အရောင်က နီချင်နီမယ်၊ ပြာချင်ပြာမယ်။ အနက်ရောင်ဖြစ်ချင်လည်း ဖြစ်မယ်။ မိုးပေါ်ကို ပျံတက်ဖို့အတွက် ပူဖောင်းရဲ့အရောင်က အရေးမကြီးဘူး။ ပူဖောင်းထဲမှာ မိုးပေါ်ပျံတက်မယ့်စွမ်းအား၊ မိုးပေါ်ပျံတက်စေမယ့်အရာ ရှိဖို့သာလိုတယ်’ တဲ့။
ဒီအဖြစ်အပျက်လေးမှာ တွေးစရာတွေ အများကြီးရှိတယ်။

အောင်မြင်သူတွေ အောင်မြင်မှုရခြင်းရဲ့ အဓိကအကျဆုံးအချက်က သူတို့ကိုယ်အတွင်းမှာ အောင်မြင်ချင်တဲ့ ‘စိတ်ဓာတ်’ ရှိနေလို့ပါပဲ။ အောင်စိတ်မရှိဘဲ မအောင်မြင်နိုင်ဘူး။ အောင်မြင်မှုကို လိုလားတဲ့သူဟာ ရှေးဦးပထမအောင်စိတ် ရှိကိုရှိရပါမယ်။

‘မိုးပေါ်ကို ပျံတက်ဖို့အတွက် ပူဖောင်းရဲ့အရောင်က အရေးမကြီးဘူး။ ပူဖောင်းထဲမှာ မိုးပေါ်ပျံတက်မယ့်စွမ်းအား၊ မိုးပေါ်ပျံတက်စေမယ့်အရာ ရှိဖို့သာလိုတယ်ဆိုတဲ့ ပူဖောင်းသည် ပြောတဲ့စကားက အမှန်ပါပဲ။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts