hapeye

သတ်သင့်သောအသက်ကို သတ်ရမည်

လူသားတွေကို တိုးတက်ပြောင်းလဲစေတဲ့ အယူအဆတစ်ခုက သူတစ်ပါးအတွက် မသတ်ရဆိုတဲ့ အယူအဆ ဖြစ်တယ်။ လူတွေ နားလည်မှုအလွဲဆုံး အယူအဆတစ်ခုလည်း ဖြစ်တယ်။ ဒီလို ပြောလိုက်တော့ အချို့က သက်ရှိမှန်သမျှကို မသတ်ရဘူးလို့ ယူဆတယ်။ အချို့က သက်သက်လွတ် စားတယ်။ အချို့က ဟင်းသီးဟင်းရွက်ပဲ စားတယ်။ အချို့က အသားတော့ စားတယ်။ တိရစ္ဆာန်တွေကိုတော့ မသတ်ဘူး။

တကယ်တော့ သူတစ်ပါးအသက် မသတ်ရဆိုတာ လူတစ်ဦးကို အကြောင်းမဲ့ မသတ်ဖို့သာ ဖြစ်တယ်။ သို့သော် ခြွင်းချက်တွေ ရှိသေးတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ရင်း သတ်မိတာ ဖြစ်နိုင်တယ်။ အလွန်ရက်စက်ယုတ်မာတဲ့ ရာဇဝတ်ကောင်တွေကို သေဒဏ်ပေးရတယ်။ ကိုယ့်နိုင်ငံကို ကျူးကျော်လာတဲ့ ရန်သူတွေလည်း သတ်ရမှာပဲ။ မသတ်ရင် ကိုယ့်အမျိုးပျောက်မှာပေါ့။ သက်ရှိ သတ္တဝါတွေအားလုံးကို မသတ်ဖို့ကလည်း မဟုတ်ဘူး။

သက်ရှိလို့ ပြောလိုက်ပြီဆိုတာနဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ အနုဇီဝတွေ ရှိတယ်။ ကပ်ပါးကောင်တွေ ရှိတယ်။ အင်းဆက်တွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံ ရှိတယ်။ ဒီတော့ နေရာတိုင်းမှာက သက်ရှိတွေ ရှိတယ်။ အသက်လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အသားမစားဘဲ ဆန်နဲ့ ဟင်းသီးဟင်းရွက်ပဲ စားဦး။ ဒါတွေစိုက်ပျိုးဖို့ ထွန်ယက်တော့ တီကောင်တွေ၊ အင်းဆက်တွေ အများကြီးသေတာပဲ။ နောက်. . .အပင်ကို ပိုးမကိုက်ဖို့ ပိုးသတ်ဆေးတွေ ဖျန်းတာပဲ။ ဒီတော့ ဒီဟင်းသီးဟင်းရွက်စားတာနဲ့ အသက်လွတ်တာ မဟုတ်ဘူး။ နောက်. . .လူတွေကို အန္တရာယ်ပေးတဲ့ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ်၊ သန်း၊ ကြမ်းပိုး၊ ခွေးရူး၊ မြွေဆိုးတွေတွေ့ရင် သတ်ရမှာပဲ။ မသတ်ရင် လူတွေ သေမယ်။


သတ်သင့်တဲ့အရာ သတ်ရမယ်ဆိုတော့လည်း တိရစ္ဆာန်တွေ မြင်တိုင်း သတ်မယ်၊ စားမယ်ဆိုတဲ့စိတ် မထားရဘူး။ အချို့ တိရစ္ဆာန်က မျိုးပွားဖို့ခက်တယ်။ မွေးမြူဖို့လည်း မရဘူး။ ဒီလို တိရစ္ဆာန်မျိုးတွေကို မသတ်ရဘူး။ မစားရဘူး။ မွေးမြူလို့ ရပြီး မျိုးပွားလွယ်တဲ့ တိရစ္ဆာန်တွေကို စားရတယ်။ သတ်ရင်လည်း သေစေလိုတဲ့စိတ်၊ နာကျင်စေလိုတဲ့စိတ် မပါဘဲ အစားအစာ အာဟာရအတွက်သာ သတ်တယ်ဆိုတာ စိတ်ထဲထားရမယ်။

လူဆိုတာ စဉ်းစားတွေးခေါ်နိုင်တဲ့ အမြင့်မားဆုံးသတ္တဝါတွေ ဖြစ်တဲ့အတွက် ဉာဏ်နဲ့နှိုင်းချင့်ကြရန် ဖြစ်တယ်။

သတ်သင့်သောအသက်ကို သတ်ရမည်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts