ဝှက်ဖဲ

ဝှက်ဖဲ အပိုင်း (၁)

ဝှက်ဖဲ အပိုင်း(၁)

ကိုယ့်ကို လူတော်တော်များများက “သိပ်လှတာပဲ” လို့ တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီအလှကြောင့်ပဲ ကိုယ်ဟာ ယောက်ျားတိုင်းလိုလိုရဲ့ ခင်မင်ကိုင်းညွတ်မှု၊ ဦးစားပေးမှု၊ ကူညီလိုမှု၊ ချစ်ခွင့်မျှော်လင့်မှုတွေကို ခံယူရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ကိုယ်ဟာ ကိုယ့်အလှကို အလွန်အမင်း ယုံကြည်သူ ဖြစ်ခဲ့ရတယ်။

ကိုယ်နဲ့ ခင်မင်နီးစပ်ခွင့်ရတဲ့ ယောက်ျားတွေဟာ ကိုယ့်အချစ်ကို မမျှော်လင့်တဲ့သူ မရှိသလောက်ပဲ။ အကယ်၍ ကိုယ့်အချစ်ကို မရခဲ့လျှင်တောင် ကိုယ့်မှာအကူအညီ လိုအပ်တဲ့အခါ အမြဲကူညီပေးဖို့ အဆင်သင့်ရှိနေ‌ခဲ့ကြတယ်။ ဒါဟာ ကိုယ့်ရဲ့ ကံကောင်းမှု တစ်ခုလားလို့တွေးရင် သွေးနထင် ရောက်ချင်တယ်။

ဒါပေမယ့် အမြဲလိုလို ကံကောင်းခဲ့တဲ့ကိုယ်ဟာ သူနဲ့ စတွေ့ကတည်းက ဒီတစ်ကြိမ်တော့ ကံဆိုးပြီလားလို့ တွေးတတ်လာတယ်။ သူဟာ ကိုယ်နဲ့ ပတ်သက်လာရင် ကျောက်ရုပ်က အဘခေါ်ရလောက်အောင် ငြိမ်သက်လွန်းတယ်။ ကိုယ့်ကို ရင်းနှီးပုံပြပေမယ့် သူ့ရဲ့ ရင်းနှီးမှုက ရိုးစင်းတယ်။ ရင်ခုန်သံတွေ ပါပုံမရဘူး။ သူ့စိတ်ကို သူ့မျက်လုံးတွေကတစ်ဆင့် အကဲခတ်ကြည့်တော့လည်း ဒီအတိုင်းပဲ။ နည်းနည်းလေးမှ လှုပ်ခတ်မှုမရှိတာဟာ အချိန်ကြာလေ သေချာလေပဲ။

ဒါဟာ ဘာကြောင့်လဲလို့ ကိုယ့်အလှကိုယ်အထင်ကြီးလှတဲ့ ကိုယ်က မခံချင်စိတ်နဲ့ အမြဲတွေးမိတယ်။ သူ့ရဲ့ တည်ငြိမ်မှုနောက်ကွယ်မှာ ဝှက်ဖဲလေးတစ်ချပ် ရှိရမယ်လို့ ကိုယ်ရော ကိုယ့်သူငယ်ချင်းတွေကပါ တညီတညွတ်တည်း သတ်မှတ်ခဲ့ကြတယ်။

ဒါပေမယ့် အဲဒီဝှက်ဖဲကလေးဟာ အင်မတန် ယူကျုံးမရစရာ၊ အံ့သြတုန်လှုပ်စရာ၊ ဆိုးရွားလှတဲ့ ဘဝပေးကံတစ်ခုဖြစ်လိမ့်မယ်လို့တော့ ကိုယ်တို့အားလုံး ယောင်လို့တောင် မတွေးခဲ့မိတာ အသေအချာပါပဲ။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts