လောကီငရဲနဲ့ လောကနိဗ္ဗာန်

လောကီငရဲနဲ့ လောကနိဗ္ဗာန်

တစ်နေ့မှာ ဂျပန်လူမျိုးတစ်ယောက်ဟာ ဂျပန်ရဟန်းတစ်ပါးကို လျှောက်တင်မေးမြန်းပါတယ်။ “အရှင်ဘုရား ငရဲဆိုတာကို လွယ်လွယ်လေးနဲ့ နားလည်အောင် ရှင်းပြပေးပါဘုရား”တဲ့။ ရဟန်းက အခုလိုရှင်းပြတယ်။ “စားသောက်ခန်းမကြီးတစ်ခုထဲမှာ အင်မတန် အရသာရှိတဲ့ စားကောင်းသောက်ဖွယ် ထမင်းဟင်းလျာတွေကို စားပွဲတွေပေါ်မှာ အပြည့်ခင်းကျင်းထားပါတယ်။ ဟင်းနံ့တွေကလည်း တသင်းသင်းနဲ့ အရမ်းမွှေးကြိုင်နေပါတယ်။ စားပွဲအသီးသီးမှာ အလွန်ဆာလောင်မွတ်သိပ်နေကြတဲ့ လူတွေ နေရာယူထိုင်နေကြပါတယ်”။

“စားလို့ရပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံ မြည်လိုက်တာနဲ့ အဲဒီလူတွေအားလုံး သူတို့ရှေ့မှာရှိကြတဲ့ ထမင်းဟင်းတွေကို အလုအယက်နှိုက်ယူကြတယ်။ ဒါပေမဲ့ သူတို့ စားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့လက်တစ်ဖက်ကို တစ်ကိုက်လောက်ရှည်တဲ့ ဇွန်းတစ်ခုနဲ့ နောက် လက်တစ်ဖက်ကို တစ်ကိုက်ရှည်တဲ့ ထမင်းဟင်းတွေကိုကော်ယူပြီး ပါးစပ်ထဲထည့်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ထမင်းဟင်းတွေက ပါးစပ်ထဲမရောက်ဘဲ စားပွဲပေါ် ကြမ်းပေါ် ကျကုန်ပြီး ထမင်းစားခန်းကြီးတစ်ခုလုံးဟာ ထမင်းဟင်းတွေနဲ့ ပြန့်ကျဲ ပွထနေပါတော့တယ်။ လူတွေကလည်း ထမင်းဟင်းတွေကို မြင်ရုံသာမြင်ရပြီး မစားရတော့ ပိုဆာလောင်လာတယ်။ ဒေါသတွေ ထွက်လာကြပြီး တစ်ယောက်နဲ့ တစ်ယောက် ထိုးကြိတ်ရိုက်နှက် ရန်ဖြစ်ကုန်ကြတယ်။ ဒီမြင်ကွင်းကိုမြင်ရတာ အင်မတန် စိတ်မချမ်းမြေ့စရာပါပဲ။ အဲဒါဟာ ငရဲပဲ”တဲ့။

အဲဒီလူက ထပ်လျှောက်ပါတယ်။ “ဒါဆိုရင် နိဗ္ဗာန်ဆိုတာကကော ဘုရား”တဲ့။ ရဟန်းက ခုလိုပြန်ဖြေပါတယ်။ “စောစောက ခန်းမကြီးရယ်၊ စားသောက်ဖွယ်တွေ တင်ထားတဲ့ စားပွဲတွေရယ်၊ လက်နှစ်ဖက်စလုံးကို တစ်ကိုက်စီရှည်တဲ့ဇွန်းနဲ့ ခက်ရင်းတွေချည်ထားတာတွေ အားလုံးဟာ အခုလည်းတူတူပါပဲ။ ထိုင်နေကြတဲ့လူတွေပဲ ကွာခြားပါတယ်”။

“စောစောကလိုပဲ အချက်ပေးခေါင်းလောင်းသံမြည်လိုက်တယ်။ လူတွေဟာ ထမင်းဟင်း စတင်စားကြတယ်။ ဒီတစ်ခါကျတော့ အရင်လိုမဟုတ်ဘူး။ တစ်ကိုက်ရှည်တဲ့ ဇွန်းခက်ရင်းတွေနဲ့ စားပွဲပေါ်က ထမင်းဟင်းတွေကို ခပ်ယူကော်ယူပြီး မိမိတို့ မျက်နှာချင်းဆိုင်ကလူရဲ့ ပါးစပ်ထဲကို ခွံ့ကျွေးပါတယ်။ နောက်လူကလည်း ပြန်လည်ပြီး ခွံ့ကျွေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အစ်ကိုကြီး အရင်စားပါ။ ဟိုလူကလည်း ညီလေး အရင်စားပါဆိုပြီး ခန်းမကြီးတစ်ခုလုံး အပြန်အလှန် ဂရုတစိုက်နဲ့ ကြွေးကြော်နေကြတာကို မြင်ရတာ ကြည်နူးစရာကောင်းလိုက်တာ။ အဲဒါနိဗ္ဗာန်ပဲ”တဲ့။ အဲဒီ ငရဲနဲ့နိဗ္ဗာန်ကို ဒီကနေ စီးပွားရေးလောကမှာ မြင်တွေ့နေရပါတယ်။

တစ်ယောက်ကတစ်ယောက်ကို လိမ်သွားမယ်။ ကြောသွားမယ်။ ဂွင်တွေ့ရင် ဖန်လိုက်မယ်။ စီးပွားပြိုင်ဘက်ရဲ့ စီးပွားရေးကိုပျက်အောင် တိုက်ခိုက်မယ်ဆိုတဲ့ Win Lose Situation ဆိုတာ တို့တစ်ယောက်နဲ့ တစ်ယောက် စီးပွားပြိုင်တိုက်ကြရင်း နောက်ဆုံးမှာ နှစ်ဦးစလုံး စီးပွားပျက်သွားတဲ့ Zero Sums Games ဆိုတာဟာ လောကီငရဲပါ။

တစ်ယောက်နဲ့တစ်ယောက် စီးပွားရေးအခွင့်အလမ်းတွေ့ရင် ရတဲ့အမြတ်ကို ခွဲဝေယူလို့ နှစ်ဦးနှစ်ဖက်စလုံး စိတ်ချမ်းသာတဲ့ Win Win Opportunities ဆိုတာမျိုးကမှ လောကနိဗ္ဗာန်ပါပဲလို့ တင်ပြပါရစေခင်ဗျာ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts