လောကကြီးကို ကူညီပေးသူ

လောကကြီးကို ကူညီပေးသူ

ဒီပုံပြင်လေးကိုအများဖတ်ဖူးကြမှာပါ။ Chicken Soup For the Soul စာအုပ်ထဲမှာလည်း ပုံစံတစ်မျိုးနဲ့ ရေးသားထားပါတယ်။ 

လူတစ်ယောက်ဟာ ပင်လယ်ကမ်းခြေတစ်ခုမှာ လမ်းလျှောက်ရင်းနဲ့ ကလေးလေးတစ်ယောက်ဟာပင်လယ်ရေလှိုင်းပုတ်ခတ်မှုကြောင့်ကမ်းစပ်မှာတင်ကျန်ခဲ့တဲ့ Starfish (ရေလက်ဝါး) အကောင်လေးတွေကိုကောက်ယူပြီးရေထဲပြန်ပစ်ချနေတာ တွေ့ရတယ်။ 

သူက ကလေးကိုမေးပါတယ်။ ဘာလို့ရေလက်ဝါးလေးတွေကိုရေထဲပြန်ပစ်ချနေရတာလဲလို့။ ကလေးက ရေလက်ဝါးလေးတွေကမ်းပေါ်မှာသေသွားမှာစိုးလို့ အသက်ရှင်အောင် ရေထဲပြန်ချပေးနေတာပါတဲ့။ ဒီတော့ သူက ‘ဒီကမ်းခြေတစ်လျှောက်မှာ တင်ကျန်နေခဲ့တဲ့ ရေလက်ဝါးပေါင်းထောင်ပေါင်းချီရှိနေတာမို့ မင်းကယ်လို့လဲ ဘာထူးမှာလဲကွာ’ လို့ပြောလိုက်တယ်။ 

ကလေးက ရေလက်ဝါးတစ်ကောင်ကို ကောက်ယူပြီး ရေထဲကို ပစ်ချရင်းခုလိုပြောလိုက်ပါတယ်။ ‘ဟုတ်ကဲ့ပါဦး။ ကျွန်တော်ရေလက်ဝါးအားလုံးကို မကယ်နိုင်ပါဘူး။ ဒါပေမယ့် အခုဒီတစ်ကောင်ရဲ့အသက်ကတော့ဆက်လက်အသက်ရှင်နိုင်သွားပါပြီ’ တဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ဘာသင်ခန်းစာပေးလိုက်သလဲ။ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခရောက်နေကြသူတွေ သန်းပေါင်းများစွာရှိနေကြပါတယ်။ သူတို့အားလုံးကို ဆင်းရဲဒုက္ခတွင်းကနေ ကယ်တင်ဖို့ သင်ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမယ့် မိမိနဲ့ အနီးမှာရှိနေတဲ့ ဆင်းရဲဒုက္ခရောက်နေသူတစ်ယောက်ကိုကူညီလိုက်လို့ သူ့ဘဝမှာ အနည်းငယ်လေးအဆင်ပြေသွားခဲ့မယ်ဆိုရင်လည်း သင် လောကကြီးကိုတတ်နိုင်သလောက်ကူညီနေတာနဲ့အတူတူပါပဲ။ 

အတုယူစရာကောင်းတာလေးက ဒီကလေးဟာ သူ့အသိစိတ်နဲ့သူ လုပ်သွားတာပါ။ ဘယ်သူ့ချီးကျုးမှုကိုမှ ခံချင်လို့မဟုတ်ဘူးဆိုတာပါပဲ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှကူယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts