လူသားဆန်ပါ

လူသားတစ်ဦးဖြစ်လာပြီဆိုရင် လူသားဆန်လာရမှာ ဖြစ်တယ်။ လူသားဆန်မှုကို အင်္ဂလိပ်ဘာသာစကားဖြင့် (Humanity) လို့ ခေါ်ပါတယ်။ လူသားဆန်မှုဆိုတာ ဘာလဲလို့ မေးလေ့မေးထ ရှိပါတယ်။ လူသားဆန်မှုဆိုတာ လူသားတွေနဲ့ တူတာကို ခေါ်တာပေါ့လို့ အလွယ်တကူပဲ ပြန်ဖြေလေ့ရှိပါတယ်။ လူသားတွေနဲ့ တူတယ်ဆိုတာနဲ့ ပက်သက်ပြီး အကောင်းမြင် (Optimism) နဲ့ အဆိုးမြင် (Pessimism) ဆိုပြီးတော့ (၂)မျိုး ရှိပါတယ်။
          အဆိုးမြင်ဘက်က ကြည့်မယ်ဆိုရင် လူသားတွေနဲ့တူတယ်လို့ ဆိုတဲ့နေရာမှာ မှတ်တမ်းတင်ခဲ့တဲ့ သမိုင်းကို လေ့လာရင် လူသားဆိုတာက ရက်စက်ကြမ်းကြုတ်သူတွေ၊ သူတစ်ပါးကို သတ်ဖြတ်တတ်သူတွေ၊ လုယက်တတ်သူတွေ၊ အခွင့်အရေးကို အလွဲသုံးစားလုပ်တတ်သူတွေ၊ မိမိနဲ့ ဆွေမျိုးတွေ ကောင်းစားရေးပဲ လုပ်တတ်သူတွေ၊ အဆင်ပြေနေချိန်ဆို ငြိမ်နေပြီး အဆင်မပြေရင် ဆူဆူပူပူ လုပ်တတ်သူတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူတွေ၊ ဖောက်ပြန်တတ်တဲ့လူတွေ၊ သစ္စာဖောက်တတ်သူတွေ၊ လိမ်လည်တတ်သူတွေ၊ မုသားသက်သေလုပ်သူတွေ၊ ငွေကို အာသာငန်းငန်း တက်နေသူတွေ၊ အာဏာကိုသာ ငန်းငန်းတက်လိုနေသူတွေ၊ ဘဝရည်မှန်းချက်ပန်းတိုင် ပျောက်ပြီး ဆင်းရဲတွင်းထဲမှာ တဝဲလည်လည် ဖြစ်နေသူတွေနဲ့သာ ပြည့်နှက်နေတဲ့အတွက် လူတွေလို့ဆိုလိုက်ရင် ဒီပုတ်ထဲက ဒီပဲတွေပါပဲလို့ အမြင်ရှိကြမှာ ဖြစ်ပါတယ်။
          တချို့ကလည်း လူသားတွေကို အကောင်းမြင်ပါတယ်။ လူသားတွေဟာ အလွန်ယဉ်ကျေးသူများ ဖြစ်တယ်။ ကိုယ်ချင်းစာစိတ် ရှိကြတယ်။ အပြန်အလှန် ကူညီလေ့ ရှိကြတယ်။ ကတိသစ္စာ တည်ကြသူများ ဖြစ်ကြတယ်။ အသိဉာဏ် အမြင့်မားဆုံး ဖြစ်တယ်။ ကိုယ်ကျင့်သိက္ခာကောင်းလွန်းလို့ သူတော်စင်တွေ (Saint) အထိ ဖြစ်တယ်။ ဒီကမ္ဘာကြီးမှာ လူသားသာလျှင် အမြင့်မြတ်ဆုံး ဖြစ်တယ်။ မဟာလူသားတွေ ဖြစ်တယ်ဆိုပြီး အကောင်းမြင်ဘက်က ကြည့်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် လူသားဆန်မှုတွေဟာ ဒါတွေပါပဲလို့ ပြောသူတွေလည်း ရှိပါတယ်။
          လူသားဆိုတာက နတ်သော်လည်းကောင်း၊ တိရစ္ဆာန်သော်လည်းကောင်း၊ စက်ပစ္စည်းသော်လည်းကောင်း မဟုတ်တဲ့ သက်ရှိသတ္တဝါကို ခေါ်တာ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် လူသားဆိုတဲ့ အမြင်ကို အကောင်းမြင်ဘက်ကသော်လည်းကောင်း၊ အဆိုးမြင် တစ်ဘက်တည်းကသော်လည်းကောင်း မြင်ဖို့ သိပ်တော့ အဆင်မပြေပါဘူး။ လူသားတွေဆိုတာက ဆန့်ကျင်ဘက်အစွန်းတွေ ဒွန်တွဲထားတဲ့ ပြောင်းလဲတတ်တဲ့ သတ္တဝါတစ်မျိုးသာ ဖြစ်ပါတယ်။ ဆိုးတဲ့လူရှိသလို ကောင်းတဲ့လူလည်း ရှိပါတယ်။ ဆင်းရဲသူရှိသလို ချမ်းသာသူလည်း ရှိတယ်။ ရက်စက်ကြမ်းကြုတ်သူရှိသလို နူးညံ့သိမ်မွေ့သူများလည်း ရှိတယ်။ တွန့်တိုသူများရှိသလို ပေးကမ်းလိုသူများလည်း ရှိတယ်။ ဒါပေမယ့် ထူးခြားတာက လူသားတွေဟာ ပြောင်းလဲနိုင်တာပါပဲ။
          တကယ်တော့ လူသားဆန်မှုဆိုတာ လူသားတွေကို နားလည်ခြင်းက စပါတယ်။ လူသားတွေဟာ သူတို့ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ၊ အသိဉာဏ်အနုအရင့်တွေ အမျိုးမျိုး ကွာခြားလေ့ ရှိပါတယ်။ ဒါကြောင့် အကြောင်းအရာတစ်ခုခု၊ အဖြစ်အပျက်တစ်ခုခုကို တုံ့ပြန်ကြတဲ့ နေရာမှာ မတူကြပါ။ စကားပြောတတ်သူတွေဟာ စကားနဲ့ တုံ့ပြန်မှာ ဖြစ်ပါတယ်။ စာရေးတတ်သူတွေဟာ စာနဲ့ တုံ့ပြန်မှာ ဖြစ်ပါတယ်။ သေနတ်ပစ်တတ်သူတွေဟာ သေနတ်နဲ့ပဲ တုံ့ပြန်လေ့ ရှိကြပါတယ်။ တချို့လူသားတွေဟာ ဒီလိုမတုံ့ပြန်ကြပေမယ့်လည်း လူတွေဟာ သူတို့ ဘာလုပ်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင် မသိကြပါဘူး။ အင်္ဂလိပ်လိုနဲ့ ပြောရင် They know not what they are doing လို့ ဆိုပါတယ်။ ဒီသဘောကို နားလည်မယ်ဆိုရင် ခွင့်လွှတ်တတ်လာမှာ ဖြစ်ပါတယ်။
          နောက်တစ်ခုက လူအပါအဝင် သတ္တဝါအားလုံးကို လိုအပ်တာထက်ပိုပြီး မနာကျင်စေလိုတဲ့ သနားကြင်နာခြင်း ဖြစ်ပါတယ်။ လူသားတွေဟာ အစာအာဟာရအတွက် သတ္တဝါအချို့ကို သတ်နေရပါတယ်။ ဒီလိုသတ်နေတာဟာ သတ္တဝါတွေကို နာကျင်စေလိုတဲ့ ဆန္ဒနဲ့ သတ်တာ မဖြစ်စေရပါဘူး။ လူသားတွေ ရှင်သန်ဖို့အတွက်သာ အစားအစာအဖြစ် သတ်ရတယ်လို့ သတိရှိရမှာ ဖြစ်ပါတယ်။ နောက် လူသားဆန်မှုတစ်ခုကတော့ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ အမူအကျင့်တွေကို လေ့လာခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် စာပေများ၊ ဘာသာစကားများ၊ သမိုင်းဖြစ်ရပ်များနှင့် အတွေးအခေါ်ဒဿနိကတွေကို လေ့လာကြခြင်း ဖြစ်တယ်။
          ဒါကြောင့် လူသားဆန်မှုဆိုတာ လူသားများကို နားလည်ခြင်း၊ သနားကြင်နာခြင်းနှင့် လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ အမူအကျင့်တွေကို လေ့လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး၊ ကျား မ မရွေး ဆူကြုံနိမ့်မြင့်မရွေး လူသားတွေနဲ့ တွေ့ဆုံဆက်သွယ်ရာမှာ လေးစားမှုနဲ့ မေတ္တာတရားတို့ကို အသုံးပြုပြီး ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာအောင် တည်ဆောက်ရေးမှာ လူသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အားနည်းသူ၊ အကူအညီလိုအပ်နေသူ၊ နာမကျန်းသူ၊ သက်ကြီးရွယ်အိုများကို လေးလေးစားစားနဲ့ ကူညီဆက်ဆံကြရမှာ ဖြစ်ပါတယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts